အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇွန် ၁၇ (မော်ကွန်း)
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှသည် လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်ရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)မှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မော်ကွန်းကိုပြောသည်။
“တိုင်းရင်းသားအရေးကိစ္စတွေက လိုအပ်ချက်တွေအများကြီးရှိနေတယ်။ မနှစ်က ကရင်အာဇာနည်နေ့ကျင်းပလို့ အဖမ်းခံခဲ့ရတာတွေရှိတယ်လေ။ ကရင်တိုင်းရင်းသားတွေအတွက်ဆို တန်းတူညီမျှရေးရဖို့လိုတယ်” ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးရဲဝင်းက ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာအတွက် နော်အုန်းလှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ကို ကြိုဆိုသည်ဟု ဆိုသည်။
နော်အုန်းလှသည် ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းတွင် ကရင်အာဇာနည်နေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ရာ ၎င်းအပါအဝင် ကရင်လူငယ်နှစ်ဦးကို တိုင်းအစိုးရက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့သည်။
ယခုလက်ရှိ ရန်ကုန်တိုင်းတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နော်ပန်းသဉ္ဇာမျိုးက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုတွင် တိုင်းရင်းသားလူမျိုးအရေအတွက်သည် တစ်နိုင်ငံလုံးလူဦးရေ၏ ဝ ဒသမ ၁ ရာခိုင်နှုန်း ရှိပါက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတစ်ယောက် ခန့်အပ်ခြင်းဖြစ်သည်။
#Dailynews