ရန်ကုန် – ၂၀၂၅ မေ ၂၂ (မော်ကွန်း)
စစ်ကောင်စီဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဒီလပိုင်းအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုဟာ နောင်ချိုကို တစ်ရက်ပဲခြားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ပါသေးတယ်။
ဒီလ ၁၇ ရက်ကလည်း နောင်ချိုမြို့နယ် တောင်ကျကျေးရွာကို လေကြောင်းကနေ သုံးကြိမ်ထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုမှာ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီလ ၁၆ ရက်၊ ၁၄ ရက်နဲ့ ၁၃ ရက်နေ့တွေမှာလည်း နောင်ချိုမြို့ကိုရက်ဆက်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
ယင်းမတိုင်မီ အခုလ ၁၁ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီဟာ TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမှာ လည်ပတ်နေတဲ့ သတ္တုကုမ္ပဏီကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ပါသေးတယ်။
၎င်းသတ္တုစက်ရုံမှာအသုံးပြုနေတဲ့ သတ္တုထုတ်လုပ်ရေးပစ္စည်းတွေ၊ စက်ရုံဂိုဒေါင်နဲ့ မော်တော်ယာဉ်တချို့ပျက်စီးသွားပြီး ကာလတန်ဖိုးတရုတ်ယွမ် ၁ ဒသမ ၆၈ သန်း တန်ဖိုးရှိ ပစ္စည်းတွေ ပျက်စီးသွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ ငလျင်ဘေးကာလအတွင်း အပစ်ရပ်တဲ့အနေနဲ့ အခုလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားတယ်လို့ ကြေညာထားပေမယ့် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီဟာ လေကြောင်းထိုးစစ်အပြင် မြေပြင်ထိုးစစ်တွေပါ ပြုလုပ်နေပြီး နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီးမှာ တိုက်ပွဲတွေဆက်လက်ရှိနေတာပါ။
TNLA ကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို သတိပြုဖို့ ၎င်းတို့ရဲ့ ဒေသခံတွေကို သတိပေးထားပါသေးတယ်။
ပြီးခဲ့တဲ့လကုန်က TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ဟာ အပစ်အခတ်ရပ်စဲဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသေးပေမယ့် နှစ်ဖက်သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲပျက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဟာ TNLA ထိန်းချုပ်ဒေသတွေကို အခုလို လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေ ပြန်လည်စတင်လာတာပါ။
စစ်ကောင်စီဟာ နောင်ချိုမြို့အပါအဝင် TNLA ထိန်းချုပ်ထားတဲ့ မန်တုံ၊ ကျောက်မဲ၊ မိုးကုတ်မြို့တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။
၂၀၂၃ အောက်တိုဘာလပိုင်းမှာ အစပြုခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးနဲ့ ချင်းရွှေဟော်တို့လို တရုတ်နယ်စပ်အနီးမှာရှိတဲ့ မြို့တွေကို သိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံအနှံ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၁၂,၀၀၀ နီးပါး ပြုလုပ်ခဲ့တယ်လို့ ပြည်တွင်းပဋိပက္ခကို စောင့်ကြည့်လေ့လာနေတဲ့ ISP-Myanmar က ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
ပုံစာ – နောင်ချိုမြို့က သတ္တုကုမ္မဏီကို လေကြောင်းတိုက်ခံရပြီး ပျက်စီးနေတဲ့မြင်ကွင်း
ဓါတ်ပုံ – TNLA

