“နောက်ထပ်အပစ်အခတ်ရပ်စဲရေး ဆိုတာဖြစ်လာမှာမဟုတ်ဘူး၊ ဒီအချိန်မှာတော့ အခြေအနေ တစ်ခုအထိရောက်အောင် နှစ်ဖက်တပ်တွေ တိုက်ကြရလိမ့်မယ်လို့ ထင်ပါတယ်”

စစ်တွေ – ၂၀၂၃ နိုဝင်ဘာ ၁၆ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလကုန်ပိုင်းကစပြီး ပြင်းထန်လာတဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်လာနေပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် AA ဟာ ယခုလ ၁၃ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီလို တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ပြည်မနဲ့ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားလိုက်ပါတယ်။

အဲဒီ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို ရခိုင်ပြည်နယ်စစ်ပွဲအလားအလာနဲ့ ဒေသတွင်းသက်ရောက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ မော်ကွန်းကဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း – ရခိုင်ပြည်နယ်မှာ တစ်နှစ်နီးပါးလောက် အပစ်ရပ်ထားပြီးတော့မှ စစ်ကောင်စီတပ်တွေနဲ့ AA လက်နက်ကိုင်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာတာ ဘာကြောင့်လို့သုံးသပ်ပါသလဲ။

ဦးဖေသန်း – ပထမတစ်ချက်ကတော့ သူတို့ကတိကဝတ်မတည်တာပေါ့၊ စစ်ကောင်စီက။ ULA ဘက်ကလည်း အမြဲတမ်းပြောတယ်။ ပြည်သူတွေကို စစ်ဆေးတာတွေများလာတယ်။ နောက်ပြီးတော့ ULA/AA အုပ်ချုပ်ရေး ၊ တရားစီရင်ရေးတွေကို နှောင့်ယှက်တယ်၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးတယ်။ နောက်ပြီးတော့ လမ်းတွေပိတ်လာတယ်။ သူတို့ဘက်က ပြည်သူတွေကို အခက်အခဲတွေ့အောင် လုပ်လာတယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ နောက်တစ်ခါ စစ်ကောင်စီတပ်တွေက စစ်အင်အားတွေ ဖြည့်လာတယ်၊ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်လာတာရှိတယ်။ အဲ့ဒါကိုလည်း ULA ဘက်ကပြောတယ်။ အဲ့ဒီလိုနဲ့ သူတို့အချင်းချင်း တင်းမာတဲ့ အနေအထား၊ နှစ်ဖက် စစ်ရေးအသင့်အနေအထား ဖြစ်လာတယ်။ အဲ့ဒီအချိန်မှာ ရှမ်းမြောက်မှာ ဖြစ်လာတယ်။ ရှမ်းမြောက်မှာ ULA/AA ကလည်း မြောက်ပိုင်းညီနောင်သုံးဖော်နဲ့အတူ လက်တွဲပြီးတိုက်တာကို စစ်ကောင်စီဘက်က မကျေနပ်ဘူး။ အဲ့ဒီမှာလည်း ULA ဘက်က စစ်ကောင်စီကို စစ်ကြေညာပြီးတိုက်တာပေါ့။ အဲ့ဒီအကျိုးဆက်က ဒီဘက်ကို မီးကူးလာပြီလို့ ပြောလို့ရတာပေါ့။ အဲ့ဒါကြောင့် တစ်ဖက်နဲ့ တစ်ဖက် ကတိမတည်ဘူးဖြစ်လာတယ်။ နှစ်ဖက်အပစ်ရပ်ထားတာကလည်း ယာယီပဲအပစ်ရပ်ထားတာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ၊ နိုင်ငံရေး ကတိကဝတ်တွေ မပါထားဘူးပေါ့။ အဲ့ဒါကြောင့် တဖြည်းဖြည်းနဲ့ ကတိကဝတ်တွေကျိုးပေါက်ပြီးတော့ စစ်ပြန်ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။

မော်ကွန်း – အခုတိုက်ပွဲတွေမှာ ရဲကင်းစခန်းတွေ၊ ရဲစခန်းတွေ အသိမ်းခံရတယ်။ ပြီးတော့ AA ကလည်း စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ထုတ်ပြန်ထားတယ်။ အခုတိုက်ပွဲတွေ ဖြစ်နေတာက ဘယ်လိုပုံစံတွေဖြစ်နေတယ်လို့ ပြောလို့ရလဲ။

ဦးဖေသန်း – အခုအချိန်ထိတော့ ULA/AA ဘက်က တိုက်ပွဲဖော်တာဆိုလို့ ဘူးသီးတောင်မြို့နယ်ထဲက နယ်ခြားစောင့်စခန်းတစ်ခုကို တိုက်တာရှိတယ်။ ဒီပြင့်နေရာတွေကတော့ သူတို့က ဝိုင်းပတ်ထားတဲ့ အနေအထားမှာပဲ ရှိတယ်။ တပ်ချင်းတော့ မတိုက်သေးဘူး။ ရဲစခန်းတွေကတော့ သူတို့ရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက်ပေါ့ လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေ၊ အဲ့ဒါတွေကိုတော့ လုပ်နေတယ်ပေါ့။ တိုက်ပွဲကတော့ ကြီးကြီးမားမားမဖြစ်သေးဘူး။ မဖြစ်သေးဘူးဆိုပေမယ့် ဒီဘက်က စစ်ကောင်စီတပ်တွေကတော့ ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေတာတွေရှိတာပေါ့။ အငြိုးအတေးထားပြီးတော့ ပစ်နေတယ်ပေါ့။ အခုဆိုရင် ပေါက်တောမြို့မှာဆိုရင် လေယာဉ်နဲ့ရော ရေတပ်နဲ့ပါ ပစ်မယ်ဆိုပြီးတော့ လုပ်နေတာတွေရှိပါတယ်။

မော်ကွန်း – ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်နေပြီး အချိန်ကိုက်ဆိုသလို ရခိုင်မှာ အခုလို တိုက်ပွဲတွေဖြစ်လာတယ်ပေါ့ဆရာ။ အဲ့ဒီတော့ အခုရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ညီနောင်မဟာမိတ်တပ်တွေရဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုလို့ ပြောလို့ ရပါသလား။

ဦးဖေသန်း – ဒါကတော့ အဲ့ဒီလို ဖြစ်ထားတာကြာပြီပေါ့နော်။ ဒီဘက်(ရခိုင်ပြည်နယ်) မှာ အပစ်ရပ်ထားပေမယ့် ဟိုဘက်မှာ ညီနောင်မဟာမိတ်တပ်တွေနဲ့ လက်တွဲပြီးတော့ တိုက်နေတာတွေရှိတယ်။ သူ့ Agenda သူ အခြေအနေနှစ်မျိုးကျင့်သုံးတာပေါ့။ ဒါပေမယ့် အဲ့ဒါကို စစ်ကောင်စီဘက်က ကျေနပ်တာမဟုတ်ဘူး။ အဲ့ဒီရဲ့ အကျိုးဆက်ကြောင့်ပဲ ဒီမှာ ပြန်ပြီးတော့ဖြစ်လာတယ်ပေါ့။ သူတို့အနေနဲ့ ကတိကဝတ်ဆိုတာကတော့ သိပ်ပြီးတော့ ကြီးကျယ်တဲ့ကတိကဝတ်တွေလည်း မရှိခဲ့ပါဘူး။ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ဖြစ်စေဖို့အတွက် နှစ်ဖက်ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးမှာတို့ တရားရုံးကိုရောက်နေတဲ့ ULA/AA နဲ့ ဆက်သွယ်ထားသူတွေကို လွှတ်ပေးမှာတို့၊ နောက်ပြီးတော့ ပြည်သူတွေကို လမ်းမပိတ်ဖို့၊ ရိက္ခာမဖြတ်ဖို့ အဲ့ဒီဟာတွေလောက်ပဲပေါ့။ နိုင်ငံရေးနဲ့ ဆိုင်တဲ့ မှတ်ချက်တွေမဟုတ်တော့ ဒါတွေက အလွယ်တကူ ကျိုးပေါက်နိုင်တာပေါ့။ တစ်ဖက်မှာလည်း စစ်တွေတိုက်လာတယ်။ တစ်နိုင်ငံလုံးမှာလည်း တော်လှန်ရေးအင်အားစုတွေ၊ ဗမာ့အင်အားစုတွေပေါ့။ PDF တွေနဲ့ လက်တွဲပြီးတော့ တိုက်လာတယ်။ ရခိုင်မှာလည်း အဲ့ဒီဂယက်လို့ ပြောလို့ရတာပေါ့။ ဒီအချိန်မှာလည်း တိုက်သင့်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဒီအချိန်မှာ တစ်ဖက်မှာတိုက်ပြီး တစ်ဖက်မှာမတိုက်ဘူးဆိုရင်တော့မဖြစ်ဘူးပေါ့။ ညီနောင်သုံးဖော်ကလည်း တစ်နိုင်ငံလုံး လက်တွဲပြီးတော့ တိုက်ကြပါ။ သူတို့စစ်ဆင်ရေးနဲ့တစ်ပြိုင်နက် စစ်အစိုးရကိုတိုက်ကြပါဆိုတဲ့ နှိုးဆော်မှုတွေ၊ ထင်ဟပ်မှုတွေ ရှိတဲ့အခါမှာ ULA/AA ဘက်ကလည်း အဲ့ဒီလမ်းကြောင်းပေါ်ကို ထပ်ပြီးတော့ ရောက်သွားတယ်လို့ ပြောလို့ရပါတယ်။

မော်ကွန်း – တိုက်ပွဲတွေဖြစ်ဖြစ်ချင်းပဲ စစ်ကောင်စီဟာ အခုလက်ရှိမှာ ရခိုင်ပြည်နယ်ကို သွားတဲ့ လမ်းကြောင်းတွေ အားလုံးကိုလည်း ဖြတ်တောက်ထားတယ်ပေါ့။ အဲ့ဒီအခြေအနေတွေ ဖြစ်လာတော့ ဒေသခံပြည်သူတွေအတွက် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ စစ်ကောင်စီကရော ဘာကြောင့် အခုလို လမ်းတွေကို ပိတ်ဆို့ထားတာလို့ ယူဆလို့ ရပါသလဲခင်ဗျ။

ဦးဖေသန်း – သူတို့က ဒါကလုပ်နေကျနည်းဗျူဟာပါ။ ပြည်သူတွေကို ဒုက္ခပေးနေကျ လမ်းစဉ်ပဲပေါ့။ ကြွက်မနိုင် ကျီကို မီးနဲ့ရှို့သလိုပေါ့။ မင်းတို့မလုပ်ပေမယ့် မင်းတို့အဖေလုပ်တာဆိုပြီးတော့ ပြည်သူကို အငြိုးအတေးထားပြီးတော့ ပြည်သူကို Target ထားပြီးတော့၊ ပြည်သူကို ဒုက္ခရောက်အောင်လုပ်တဲ့ နည်းဗျူဟာပေါ့။ ဒါကတော့ တစ်နိုင်ငံလုံးမှာ ကျင့်သုံးနေတာဖြစ်တယ်။ ရခိုင်မှာလည်း အဲ့ဒီလို အထပ်ထပ်ကျင့်သုံးခဲ့တယ်။ ဘာမှမဆိုင်တဲ့ရွာတွေကိုလည်း လက်နက်ကြီးနဲ့ပစ်တာတို့၊ လူတွေကိုဖမ်းတာတို့၊ ရွာတွေကို မီးရှို့တာတို့ကို တောက်လျှောက်လုပ်လာခဲ့တယ်။ ရိက္ခာတွေပိတ်တာ၊ ဆေးဝါးကအစပေါ့။ ပြီးတော့ မိုခါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအကူအညီတွေကို ပိတ်တာတွေရှိတယ်။ နောက်ပြီး ULA/AA ရဲ့ အဖွဲ့ဝင်တွေကို ဖမ်းတာဆီးတာ၊ တရားရုံးတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို နှောင့်ယှက်တာတွေကို တောက်လျှောက်လုပ်လာတယ်။ တကယ်တမ်းကျတော့ AA တပ်တွေနဲ့ မြန်မာစစ်တပ်နဲ့က နီးနီးကပ်ကပ် တပ်ချင်းဆိုင်ထားတဲ့နေရာတွေ အများကြီးရှိတယ်။ AA တပ်တွေက ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာမဟုတ်ဘူး။ တပ်စွဲပြီးတော့ လုပ်နေတာ။ ဂိတ်တွေဖွင့်ပြီးတော့ လုပ်နေတာ။ အဲ့ဒီနေရာတွေကိုကျတော့ သွားမတိုက်ဘဲနဲ့ ပြည်သူလူထုကိုပဲတိုက်တယ်။ ဖြစ်လာပြီဆိုရင် ပြည်သူကိုပဲဒုက္ခပေးတယ်။ အဲ့ဒီလို လုပ်ရပ်မျိုးက အရင်လည်း လုပ်ခဲ့တယ်။ အခုလည်း အဲ့ဒီလို လုပ်ရပ်မျိုးနဲ့ အောင်မြင်မယ်ထင်ပြီးတော့ လူထုရဲ့ အသံကို ငိုသံ၊ ညဉ်းသံတွေနဲ့ ULA/AA ကို အကြပ်ကိုင်ဖို့ အတွက် အားအဖြစ်အသုံးချတယ်လို့ ပြောလို့ရတယ်ပေါ့။ ဒါပေမယ့် ဒါကတော့ မှန်ကန်တဲ့ တုန့်ပြန်မှုလည်း မဟုတ်ဘူး။ မှန်ကန်တဲ့ တိုက်ပွဲလည်းမဟုတ်ဘူး။ ပြည်သူကို သက်သက် ဒုက္ခရောက်စေတဲ့ နည်းလမ်းတွေကို သုံးတဲ့အတွက် ရေရှည်မှာ အဲ့ဒါမအောင်မြင်နိုင်ဘူးပေါ့။ အခုဆိုရင် ပြည်သူတွေက ပိုပြီးနာကျည်းလာတယ်။ ဘာမှမဆိုင်ဘဲနဲ့ မြေစာပင်ဖြစ်ရတယ်။ စစ်ကောင်စီဟာ ပြည်သူကိုပဲ ဒုက္ခပေးတယ်ဆိုတဲ့ ခံစားချက်တွေ နာကျည်းချက်တွေကြောင့် ပိုပြီးတော့တောင်မှ သူတို့ကို မထောက်ခံဘူး။ တစ်ဖက်ကို ထောက်ခံလာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒီတစ်ခါတော့ သူတို့ အဲ့ဒီ နည်းပရိယာယ်နဲ့ လုပ်လို့ အောင်မြင်မှာ မဟုတ်တော့ပါဘူး။ ပြည်သူတွေကလည်းသိတယ်။

မော်ကွန်း – အခုဖြစ်တဲ့ တစ်ကျော့ပြန် ရခိုင်စစ်ပွဲက ရခိုင်ပြည်နယ်ထဲမှာ ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်မယ်လို့ သုံးသပ်လို့ ရပါသလဲ။

ဦးဖေသန်း – ဒီတစ်ခေါက်တိုက်ပွဲက တော်တော်ကို ပြင်းထန်လိမ့်မယ်။ အဲ့ဒါကြောင့် ပြည်သူတွေကတော့ ကိုယ့်အသက်ရှင်ရပ်တည်ရေးအတွက် ရိက္ခာစုမှာတို့၊ လောင်စာဆီစုမှာတို့၊ ပြီးတော့ ဗုံးခိုကျင်းတူးတာတို့၊ စစ်ဘေးနဲ့ လွတ်ရာကို ရှောင်တိမ်းမှာတို့မှာပဲ အာရုံရကြတော့တယ်။ ဒီစစ်ကို ဘယ်လိုပဲ တိုက်ကြတိုက်ကြပေါ့နော် သူတို့အသက်အန္တရာယ်လုံခြုံရေးကို ဦးစားပေးပြီးလုပ်ဆောင်နေတာတွေ့တယ်ပေါ့။ ဒါကြောင့် ဒီတစ်ချီမှာတော့ သူတို့ရဲ့ အရင်က သုံးနေတဲ့ နည်းဗျူဟာမျိုးကတော့ နောက်ထပ်အပစ်အခတ်ရပ်စဲရေး ဆိုတာဖြစ်လာမှာမဟုတ်ဘူး။ ဒီအချိန်မှာတော့ အခြေအနေ တစ်ခုအထိရောက်အောင် နှစ်ဖက်တပ်တွေ တိုက်ကြရလိမ့်မယ်လို့ ထင်ပါတယ်။ ရခိုင်တစ်ပြည်လုံးမှာကို ULA/AA တပ်တွေက ရှိနေတာ။ ရှမ်းမြောက်မှာလို မြှားဦးလို တက်လာပြီးတော့ နောက်မှာ နေရာတွေကိုကျတော့ အခြားအဖွဲ့အစည်းတွေနဲ့ ထိန်းတဲ့ပုံစံပေါ့။ ရခိုင်ပြည်နယ်မှာကျတော့ ULA/AA တပ်တွေက ရခိုင်ပြည် မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းအစပ်တွေအထိ နေရာတိုင်းမှာ ကွက်ပြည့်နေရာယူထားတာတွေရှိတယ်။ ဒါ့ကြောင့် ဒီတိုက်ပွဲကတော့ ULA/AA က စစ်မျက်နှာဘယ်လောက်ထိ ကျယ်ချင်သလဲ၊ ဘယ်လောက်ထိ အကန့်အသတ်နဲ့ တိုက်မလဲဆိုတာအပေါ် မူတည်ပြီးတော့ ဒီစစ်ပွဲက ပြင်းထန်လာနိုင်စရာအကြောင်းရှိတယ်။

Photo – U Pe Than Fb

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."