အောင်ပိုင်
ရန်ကုန် – ၂၀၂၀ မတ် ၂၄ (မော်ကွန်း)
မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိမှုကြောင့် စာမေးပွဲယာယီရပ်ဆိုင်းလိုက်သည့် တက္ကသိုလ်များမှ နေရပ်ပြန်မည့် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံ၊ ဆေးခန်းများတွင် မိမိသဘောဖြင့်မိမိ ဆေးစစ်ချက်ခံယူနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ယနေ့တွင် မော်ကွန်းကို ပြောသည်။
ရန်ကုန်တက္ကသိုလ်အပါအဝင် နိုင်ငံတဝှမ်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ ဆေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ ပညာရေးကောလိပ်များက လက်ရှိဖြေနေသော ပထမနှစ်ဝက်စာမေးပွဲကို ရက်အကန့်အသတ်မရှိယာယီရပ်နားလိုက်ကြောင်း ယနေ့နံနက်ပိုင်းတွင် ကြေညာခဲ့ပြီးနောက် နေရပ်ပြန်မည့် ကျောင်းသားများ ရောဂါပိုးမကူးစက်ရေး စီစဉ်ထားခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းကဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဆောင်နေကျောင်းသားတွေက ပြန်ချင်တာလေ။ ကျန်းမာရေးအတွက်က တက္ကသိုလ်တွေမှာ ဆေးရုံးတွေ ဆေးခန်းတွေက အဆင်သင့်ဖွင့်ပေးထားတယ်။ နေမကောင်းဘူးဆိုရင် ပြလို့ရတယ်။ နေကောင်းတယ်ဆိုရင်တော့ သူတို့ပြန်လို့ရပါတယ်။ ဆေးစစ်ချက် ယူခြင်းမယူခြင်းကတော့ သူတို့အပိုင်းပဲလေနော်”ဟု ၎င်းကဆိုသည်။
လက်တလောတွင် နေရပ်ပြန်မည့် ကျောင်သားအရေအတွက်ကို အတိအကျမသိရသေးသော်လည်း ရန်ကုန်တက္ကသိုလ်မှ ကျန်ရှိနေသည့် အဆောင်နေကျောင်းသား၊ ကျောင်းသူများစာရင်းကို ရန်ကုန်တက္ကသိုလ် ကိုယ်စားပြုစီမံခန့်ခွဲရေးအဖွဲ့က လိုက်လံကောက်ခံလျက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပို့ဆောင်ရေးများစီစဉ်ပေးရန် ညှိနှိုင်းမည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့မနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မိဘက လာရောက်ခေါ်ယူသူများကို ကိုယ့်အစီအစဉ်ဖြင့်ကိုယ် နေရပ်ပြန်ခွင့်ပြုမည်ဖြစ်ပြီး ကျန်ရှိနေသော အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရန်၊ အတက်နိုင်ဆုံး အဆောင်အတွင်း၌သာနေရန် မေတ္တာရပ်ခံထားပြီး လက်ဆေးဆပ်ပြာရေများနှင့် နှာခေါင်းစည်းများကို အဆောင်များတွင် ထားရှိပေးမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ မရှိခဲ့သော်လည်း မနေ့ညက ၁၁ နာရီတွင် ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၃ ရက်နှင့် ၂၂ ရက်တွင် အမေရိကန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံမှ ပြန်ရောက်လာသူ အမျိုးသားနှစ်ဦးတွင် ယင်းရောဂါပိုင်း ကူးစက်ခံထားရသည်ကို တွေ့ရှိရသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ယမန်နေ့ကအထိ အစိုးရထုတ်ပြန်ချက်များအရ Covid-19 စောင့်ကြည့်လူနာ ၂၁၂ ဦးနှင့် သံသယလူနာနှစ်ဦးအထိ ပြည်တွင်းမှာ ရှိနေပြီး ထိုအထဲတွင် ရောဂါပိုးမတွေ့သူ ၁၉၈ ဦး၊ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းသွားသူ ၁၂၇ ဦး နှင့် ဓာတ်ခွဲခန်းနမူနာ စောင့်ဆိုင်းလူနာ ၁၆ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။
Photo- University of Yangon Students’ Union
#Dailynews