“ နိုင်ငံအနေနဲ့ အင်မတန်မှ ဆုံးရှုံးနစ်နာတယ်။ ဒီလိုမျိုးပွင့်ပွင့်လင်းလင်းမရှိဘဲ၊ မထုတ်ပြန်ဘဲ ဒီပိုက်ဆံတွေကို ဘာလုပ် လိုက်မှန်းမသိဘဲ နေရတာက နောက်တစ်နည်းအားဖြင့်ပြောရရင် ဒီလိုပုံစံမျိုးနဲ့ထားတာသည် ပြည်သူတွေကို စော်ကား နေတာ အတူတူပဲလို့ ကျွန်မကတော့ ယူဆတယ်”
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ အခြားငွေစာရင်း (Other Account-OA) ငွေလက်ကျန် ကျပ်ဘီလီယံ ၁၃,၀၀၀ နီးပါး (၁၂၇၇၅.၅၇၅) ကို စာရင်းချေတဲ့နည်းလမ်းနဲ့ စာရင်းပိတ်ဖို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
ဒီလို နိုင်ငံပိုင်လုပ်ငန်းတွေက သီးခြားခွဲထုတ်ထားခဲ့တဲ့ ပြည်သူ့ဘဏ္ဍာတွေကို စာရင်းချေတဲ့ နည်းလမ်းနဲ့ ပိတ်သိမ်းမယ် ဆိုတာဟာ ဘယ်လိုလုပ်ဆောင်မှာလဲ ဆိုတာ သိရဖို့ Citizen’s Action Transparency (CAFT) အဖွဲ့က ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ သူဟာ ဒီငွေစာရင်းတွေကို ပြည်ထောင်စု ဘဏ္ဍာငွေ ထဲမှာသာ တစ်လုံးထဲ စာရင်းဖွင့်လှစ်အသုံးပြုဖို့ အစဉ်တိုက်တွန်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ် ။
မော်ကွန်း ။ ။ အခြားငွေစာရင်းဆိုတာ ဘာလဲခင်ဗျ။
ဒေါ်မိုးမိုးထွန်း ။ ။ အခြားငွေစာရင်း (Other Account- OA) ဆိုတာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေလို့ အစိုးရက ခေါင်းစဉ် တပ်တယ်။ အဲဒါက အစိုးရရဲ့ ဘဏ်ငွေ အမျိုးအစား စာရင်းထဲမှာ ပါတယ်။ နောက်တစ်ခုက အစိုးရရဲ့ အခြားပိုက်ဆံ စုတဲ့ဟာတွေပေါ့။ OA ကို အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှာထားတယ်။ ပြည်တွင်း ဘဏ်ခွဲတွေမှာ ကျပ်ငွေအနေနဲ့ပဲ ရှိနေတာ။ ထူးဆန်းတာက ဒေါ်လာအနေနဲ့ရှိနေတာ မဟုတ်ဘူး၊ ကျပ်ငွေအနေနဲ့ပဲ သိမ်းဆည်းထားတာ ဖြစ်တယ်။
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအောက်မှာရှိလို့ တခြားအမျိုးအစားငွေစာရင်းတွေနဲ့ အတူတူသုံးစွဲခွင့်ရှိလားဆိုတော့ မရှိဘူး။ မရှိဘဲနဲ့ မတူတဲ့ စည်းမျဉ်းစည်းကမ်းပြဌာန်းထားလို့ ဒါက စိတ်ဝင်စားစရာ ကောင်းတယ်။
အခြားငွေစာရင်းတွေနဲ့ မတူတဲ့ခြားနားချက်တွေက ဘဏ္ဍာရေးနှစ်ရဲ့ အသုံးစားရိတ်မှာ မသုံးဖြစ်တဲ့ငွေတွေကို ဘတ်ဂျက် ခွင့်ပြုချက် ရယူရန် မလိုအပ်ဘူး။ တခြားသာမာန်ငွေလုံး ငွေရင်း အသုံးစရိတ်တွေမှာ ပိုတာတွေကို အစိုးရကို ပြန်အပ် တာတို့ လုပ်ရတယ်။ ဒါပေမဲ့ OA ထဲက မသုံးဖြစ်တဲ့ငွေတွေကို ဘတ်ဂျက်ခွင့်ပြုချက် ရယူရန်မလိုဘူး။ ပြည်ထောင်စု လွှတ်တော်ရဲ့ ခွင့်ပြုချက်ရယူရန် မလိုဘဲနဲ့ လာမယ့်ဘဏ္ဍာနှစ်မှာ သယ်ဆောင်ခွင့်ပြုတယ်လို့ ဆိုထားတယ်။ အဲဒါကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ဖွင့်လှစ် သိမ်းဆည်းထားတဲ့ OA ရဲ့ထူးခြားချက်ပဲ။တကယ်တော့ OA ဟာ အစိုးရရဲ့ တိကျတဲ့ လျာထားချက်တော့ရှိတယ်။ လျာထားချက်ရှိပေမဲ့လည်း နှစ်ကုန်မှာ မသုံးဖြစ်ရင် လာမဲ့နှစ်မှာ သယ်ဆောင်ခွင့်ရှိတယ်။
ဥပမာ – OA မှာရှိတဲ့ ငွေတွေက အဓိကဘယ်ကရလည်းဆိုရင် (၉၇ ရာခိုင်နူန်းက) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ သယံဇာတထုတ်လုပ်ရောင်းချတဲ့ နေရာတွေက ရတဲ့ငွေတွေပေါ့။
OA ကိုထိန်းချုပ်ရေးကလည်း ကွဲပြားခြားနားတယ်။ ဥပမာဖြင့် – မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှာဆိုရင် တခြားငွေစာရင်းခေါင်းစဉ် စာရင်းပေါင်း ၂၃ ခုရှိတယ်။ ကုန်တွင်းလုပ်ကွက်တစ်ခု၊ ကမ်းလွန်လုပ်ကွက် တစ်ခုဆီမှာ တခြားငွေစာရင်းခေါင်းစဉ် တစ်ခုစီ၊ တစ်ခုစီကို ခွဲခြားပြီး သိမ်းထားတာ ထူးဆန်းတယ်။
မော်ကွန်း ။ ။ အခု စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ဒုတိယဝန်ကြီးက OA လက်ကျန် ကျပ် ၁၃,၀၀၀ ဘီလီယံ နီးပါးကို စာရင်းချေတာမျိုးလုပ်သွားမယ်ဆိုပြီး လွှတ်တော်မှာ ပြောသွားပါတယ်။ အဲဒါက ဘယ်လို သဘောမျိုးလဲ။ အဲဒါက စာရင်းတွေပဲချေတာမျိုးလားပေါ့။ ရှင်းပြပေးပါအုံး။
ဒေါ်မိုးမိုးထွန်း ။ ။ အဲဒါကို ကျွန်မတို့ကိုယ်တိုင်လည်း အသေးစိတ်သိချင်နေတာပေါ့။ ဟိုတလောက (စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန) ဒုတိယဝန်ကြီးနဲ့ အစည်းအဝေးလုပ်တုန်းကလည်း ရှင်းရှင်းလင်းလင်းပြောပြဖို့ ကျွန်မတို့မေးခဲ့တယ်။ အခုက မရှင်းဘူး။ ဒီနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာ ရရန်ရှိ၊ ပေးရန်ရှိဆိုပြီး ဖွင့်ထားမယ်လို့ ပြောသွားတယ်။ ဒါဆို ဒီပိုက်ဆံတွေက မရှိတော့ဘူးလား။ သူ (ဒုတိယဝန်ကြီး) လွှတ်တော်မှာ ရှင်းတာလည်း မရေရာဘူး။ ပိုက်ဆံကတော့ ကျပ် ၁၂ ထရီလီယံလောက် ရှိတယ်ပြော တယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံတွေ ကျန်သေးလား၊ မကျန်တော့ဘူးလားပေါ့။ ညှိနှိုင်းတယ်ဆိုတာ ပိုက်ဆံတွေ သူဘာသာသူရှိ နေသေးရင် ညှိနှိုင်းစရာမလိုဘူး။ (ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကို) ထည့်လိုက်လို့ ရတယ်။ သက်ဆိုင်ရာ ငွေစာရင်းတွေ နဲ့။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ဒီငွေစာရင်းတွေထဲမှာ ဘယ်လောက် ထည့်ထားတယ်ဆိုတဲ့ Balance စာရင်း သူတို့ဆီမှာ ရှိပြီးသား။ ဒီပိုက်ဆံတွေကို ပြန်ထည့်ပေးလိုက်ရုံပဲ။ အဲဒီတော့ ဒီပိုက်ဆံတွေကို ဘယ်လိုညှိနှိုင်း လဲဆိုတာ ကျွန်မတို့လည်း ရှင်းရှင်းလင်းလင်းသိချင်တာ။
ကျွန်မတို့ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာရေးအဖွဲ့ (EITI) ဘက်ကလည်း အကြံပြုတိုက် တွန်းထားတာ တစ်ခုရှိတယ်။ အဲဒါက အခြားငွေစာရင်းခေါင်းစဉ်တွေ အားလုံးကို နံပတ်တစ် စာရင်းစစ်ပေးပါ။ နံပတ် နှစ်က ဘယ်လောက်ကျန်တယ်၊ ဘယ်သူတွေကို ချေးငှားထားလဲ။ ဘယ်သူတွေက ဘာတွေသုံးသွားခဲ့ကြလဲဆိုတဲ့ စာရင်းစစ်ဆေး ချက်ရဲ့ ရလဒ်တွေ့ရှိချက်တွေကို ပြည်သူတွေကို ထုတ်ဖော်ဖွင့်ဟရမယ်။
ဒီပိုက်ဆံတွေက မရှိတော့ဘူးလို့ အရင်တုန်းကပြောခဲ့တယ်။ ဒီငွေစာရင်းတွေအကြောင်းကို မြန်မာ့အသံ (MRTV)မှာ မေး မြန်းတုန်းက ပိုက်ဆံကတော့ မရှိတော့ဘူးလို့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်း ကိုယ်တိုင်ပြောခဲ့တယ်။ အဲဒါမရှိတော့ ဘူးဆိုရင် ဘာလုပ်ပစ်လိုက်ကြတာလဲ။ ဒီငွေတွေကို ဘာလုပ်ပစ်လိုက်ကြတာလဲဆိုတာ ဒါတွေကို ပြည်သူတွေကြားမှာ ရှင်းလင်းဖို့လိုတယ်။ ဒါကြောင့် ကျွန်မတိုဘက်က ဒါတွေကို အသေးစိတ်ထုတ်ပြန်ပေးပါလို့ အကြံပြုတိုက်တွန်းချက် ပြောထားတယ်။ ဒါပေမဲ့ အခုချိန်အထိ ဘယ်လိုထွက်လာမလဲလို့ မသိသေးဘူး၊ ကျွန်မတို့လည်းသိချင်တယ်။
မော်ကွန်း ။ ။ စာရင်းချေလိုက်မယ်ဆိုတာ ငွေသားတွေ ပျောက်သွားတဲ့သဘောလား၊ ငွေသားကိစ္စ ဘယ်လိုဖြစ်သွားလဲ။
ဒေါ်မိုးမိုးထွန်း ။ ။ ဟုတ်တယ်။ စာရင်းချေလိုက်မယ်ဆိုတာ စကားလုံးလေး လှအောင်သုံးသွားတာ။ အဲဒီနောက်ကွယ်မှာ ဘာလဲဆိုတာ ကျွန်မတို့လည်းစိတ်ဝင်စားတယ်။ စာရင်းချေလိုက်မယ်ဆိုတာ ဘာကိုစာရင်းချေလိုက်မှာလဲပေါ့။ ဒီပိုက်ဆံက ဒီအကောင့်ထဲမှာ ရှိကိုရှိနေရမယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ရည်ရွယ် ချက်နဲ့ ထားခဲ့တာဖြစ်လို့ ဒီပိုက်ဆံတွေက ဒီအကောင့်တွေထဲမှာ ရှိနေရမယ်။ ရှိနေရမှာဖြစ်လို့ စာရင်းချေမှာ ဆိုတော့ ဘာကို စာရင်းချေမှာလဲ။ ဘယ်သူက ချေးငှားသွားလို့ ဘာကိုစာရင်းချေမှာလဲဆိုတာ စိတ်ဝင်စားတာပါ။ ဒါကြောင့် OA တွေကို စာရင်းစစ်ပေးပါလို့၊ စစ်ပြီးရင်လည်း ထုတ်ပြန်ပေးပါလို့၊ ပြည်သူကို ထုတ်ပြန်ကြေညာပေးပါလို့ ကျွန်မတို့က တောင်း ဆိုနေတာပါ။
မော်ကွန်း ။ ။ ဒီလို စာရင်းချေလိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။
ဒေါ်မိုးမိုးထွန်း ။ ။ အခြားငွေစာရင်းခေါင်းစဉ်ဆိုတာကို ဖျက်သိမ်းလိုက်ပြီးလို့ အစိုးရကြေညာတယ်။ အဲဒီအပေါ် ကျွန်မ တို့က ကြိုဆိုတယ်။ ဒါပေမဲ့ ဖျက်သိမ်းလိုက်ပြီဆိုတာတစ်ခုတည်းနဲ့မပြီးဘူး။ ဒါသည် ပြည်သူ့ဘဏ္ဍာတွေဖြစ်တဲ့အတွက် စောစောကပြောခဲ့သလို ကျွန်မတို့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းက လူတွေကိုမေးကြည့်တယ်။ ဆရာမတို့ရယ် ကျွန်တော်တို့က ပိုက်ဆံကတော့ မရှိဘူးပေါ့။ ရရန်ရှိ၊ ပေးရန်ရှိနဲ့ပဲ ဖော်ထားမှာပေါ့။ အဲဒါက အဓိပ္ပါယ်မှ မရှိတာ။ ပိုက်ဆံမရှိဘဲနဲ့ ရရန်ရှိ၊ ပေးရန်ရှိဆိုတာ ဘယ်သူတွေသုံးသွားလို့၊ ဘယ်သူတွေဖြုန်းသွား မှန်းမသိတဲ့ ပိုက်ဆံကို ကျွန်မတို့ နိုင်ငံတော်ကနေ ဒီ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အကြွေးဆပ်နေရအုံးမှာလား။ အဲဒါတွေသိရှိဖို့လိုတယ်။ သူတို့က ဒါတွေကို ဖျက်သိမ်းပြီ ဆိုတာနဲ့ မရိုးရှင်းဘူး။ အဲဒီတော့ နိုင်ငံတော်အစိုးအရအနေနဲ့ ဒါကို ပြည်သူ့ဘဏ္ဍာငွေလို့ သဘောထားရင် ဒီထက်ပိုရှင်းရှင်း လင်းလင်း ပြောရမယ်။ ဘာလုပ်လိုက်တယ်၊ ဘယ်သူတွေသုံးသွားတယ်။ ဥပမာ – ကိုယ်သုံးတယ်ဆိုလည်း သုံးတယ်။ ဒါမှမဟုတ် တခြားဘယ်သူတွေသုံးသွားတယ်ဆိုတာကို တရားဝင်ပြည်သူလူထုကို ထုတ်ပြန်ပေးရမယ်။
မော်ကွန်း ။ ။ ဆိုတော့ အခုလိုမျိုးမထုတ်ပြန်ဘဲ စာရင်းချေလိုက်တယ်ဆိုပြီး ပြောနေတာက လက်ရှိအစိုးရ ကိုင်တွယ်တဲ့ ပုံစံက မပြတ်သားဘူးပြောလို့ရမလား။
ဒေါ်မိုးမိုးထွန်း ။ ။ ဟုတ်ကဲ့။ မပြတ်သားဘူးပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒါသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်တယ်။ ပြည်သူလူထု သိသင့်သိထိုက်တယ်။ သိသင့်သိထိုက်တာကို သူတို့အနေနဲ့ မထုတ်ပြန်ဘဲ သိမ်းလိုက်တယ်ဆိုတာတည်းနဲ့ မလုံလောက်ဘူးလို့ ကျွန်မတို့က ဆိုချင်တာ။ သိမ်းလိုက်တာကို ကျွန်မတို့ကြိုဆိုတယ်။ ဒါပေမဲ့ ဒီထက်ကို ပွင့်လင်းမြင်သာ သင့်တယ်။
မော်ကွန်း ။ ။ ဒီပြဿနာက ဘယ်လောက်ထိ ကြီးနိုင်မလဲ။
ဒေါ်မိုးမိုးထွန်း ။ ။ ဒီအတိုင်းပဲကြည့်လိုက်ရင် မြန်မာကျပ်ငွေ ၁၂ ထရီလီယံကျော်ဆိုတာ နည်းတဲ့ငွေမဟုတ်ဘူး။ ဒေါ်လာနဲ့ ပြန်တွက်လိုက်ရင် ဘီလီယံပေါင်းများစွာ ဖြစ်နိုင်တယ်။ ကျွန်မတို့ပြည်သူတွေရဲ့ ဒီဟာတွေကို ဘယ်လို လုပ်လိုက် ကြတာလဲ ပေါ့။ ရှိနေသေးရင် ပြည်သူတွေပျော်ရတာပေါ့။ မရှိရင်လည်း ဘာလုပ်လိုက်လို့ မရှိတာလဲပေါ့၊ နိုင်ငံအနေနဲ့ အင်မတန်မှ ဆုံးရှုံးနစ်နာတယ်။ ဒီလိုမျိုးပွင့်ပွင့်လင်းလင်းမရှိဘဲ၊ မထုတ်ပြန်ဘဲ ဒီပိုက်ဆံတွေကို ဘာလုပ်လိုက်မှန်းမသိဘဲ နေရတာက နောက်တစ်နည်းအားဖြင့်ပြောရရင် ဒီလိုပုံစံမျိုးနဲ့ထားတာသည် ပြည်သူတွေကို စော်ကားနေတာအတူတူပဲလို့ ကျွန်မကတော့ ယူဆတယ်။
မော်ကွန်း – ဖြည့်စွက်ပြောချင်တာရှိရင် ဖြည့်စွက်ပြောပေးပါ။
ဒေါ်မိုးမိုးထွန်း ။ ။ ကျွန်မတို့စစချင်းသိတုန်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သိထားတယ်၊ သူတို့ဟာ သူတို့ပဲ သက်သက် သိမ်းထားတယ်မှတ်ခဲ့တာပေါ့၊ ဆရာတို့ဘာလုပ်တာလဲ မေးခဲ့တယ်၊ ကျွန်မတို့နောက်ပိုင်းလိုက်ကြည့်တဲ့အခါ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနအောက်က မြန်မာ့စီးပွားရေးဘဏ်အောက်မှာ သွားသိမ်းထားတာ ဖြစ်တယ်။ သူတို့ဘာသူတို့ ဘာသုံးမယ် ဆိုတာကို ဆုံးဖြတ်လို့မရဘူး၊ ဒီပမာဏကို ဘာသုံးမယ်ဆိုပြီး လွှတ်တော်ကို တင်ပြီးဆုံးဖြတ်ရမှာ။
အဲဒီပမာဏက အများကြီးပဲ ။ အခုတောင် ၁၂ ထရီလီယံလို့တောင် ကြေငြာခဲ့သေးတာပဲ။ အဲလောက်များတဲ့ ငွေပမာဏကို မြန်မာ့စီးပွားရေးဘဏ်က ဘာလုပ်နေတာလဲပေါ့။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ဒီဘဏ်ထဲမှာ သိမ်းထားလို့ အတိုး လည်းရတာ မဟုတ်ဘူး၊ အဲတော့ သူတို့ဘဏ်ထဲမှာရှိတဲ့ ငွေတွေကို သူတို့ဘာလုပ်နေတာလဲ ကျွန်မတို့သိချင် တာဖြစ်တယ်။ နောက်တစ်ခု အစိုးရ ရဲ့ လုပ်ထုံးလုပ်နည်း ယန္တရားတွေကို ပြည်သူလူထုက အလွယ်တကူနားလည်ဖို့ခက်တယ်၊ ပြည်သူလူထု အလွယ်တကူနား လည်နိုင်တဲ့နည်းတွေနဲ့ ထုတ်ပြန်ပေးရမှာဖြစ်တယ်။
#mawkun #magazine #chronicle #dailynews