ဂေထော
မုဒုံ – ၂၀၂၀ မေ ၅ (မော်ကွန်း)
ရေးမြို့နယ်ရှိ ဆေးရုံများတွင် အသက်ရှူစက်(Ventilator)နှစ်လုံးရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို မှားယွင်းတင်ပြခဲ့သည်ဟု ရေးမြို့ဒေသခံများက ဆိုသည်။
ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် Video conferencing လုပ်ရာတွင် ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့သည့်အပေါ် ဝေဖန်ကြခြင်းဖြစ်သည်။
“သထုံမြို့မှာလည်း Ventilator ရှိပါတယ်။ Ventilator နှစ်ခုရှိပါတယ်။ ကျွန်တော်တို့ရေးမြို့နယ်မှာလည်း Ventilator နှစ်ခုရှိပါတယ်။ ကျွန်တော်တို့ ဒီ COVID နဲ့ ပတ်သက်ပြီးတော့ အခြေအနေဆိုးလာရင် ကုသနိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”ဟု ၎င်းကဖြေကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းကို မေးမြန်းကြည့်ရာ “ ကျန်းမာရေးဦးစီးဌာနက ဖြန့်ဝေတာလည်းမရှိဘူး၊ နိုင်ငံတော်အစိုးရကနေ ဖြန့်ဝေတာလည်းမရှိဘူး၊ အများပြည်သူလှူဒါန်းတာလည်းမရှိဘူး။ မရှိတာကို ရှိတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောပြတာဟာ မှားယွင်းတင်ပြတာနဲ့ လိမ်လည်တင်ပြတာနှစ်ခုဖြစ်နိုင်ပေမယ့် ဒါလိမ်လည်တင်ပြတာလို့ပဲ ကျွန်တော်တို့ ထင်တယ်”ဟု ပြောသည်။
၎င်းက ရေးမြို့နယ်ဆေးရုံအုပ်ထံမေးမြန်းစုံစမ်းခဲ့ရာ ရေးမြို့နယ်တွင် ကုတင် ၁၀၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ကုတင်ဆံ့ဆေးရုံ လေးရုံနှင့် ပုဂ္ဂလိကပိုင် ဆေးရုံနှစ်ရုံရှိပြီး ယင်းဆေးရုံအားလုံးတွင် Ventilator မရှိကြောင်း သိခဲ့ရသည်ဟု သူကရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မော်ကွန်းက ရေးပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ထံ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသည်။
ရေးမြို့နယ်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ရေးမြို့နယ်ရှိ ဆေးရုံများတွင် Ventilator မရှိကြောင်း ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ မော်ကွန်းမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ “အင်း ရတယ်”ဟုသာပြောပြီး ဖုန်းချသွားခဲ့သည်။
ဦးအောင်နိုင်ဝင်းကတော့ ဝန်ကြီးချုပ်အနေနှင့် မှားယွင်းတင်ပြတာမျိုး မဖြစ်သင့်ကြောင်းနှင့် မသိလျှင် မပြောသင့်ကြောင်း မှတ်ချက်ပြုသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၁၆၁ ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ ၄၉ ဦးနှင့် သေဆုံးသူ ခြောက်ဦးရှိသည်။
#Dailynews