ရန်ကုန်- ၂၀၂၅ စက်တင်ဘာ ၄ (မော်ကွန်း)
စစ်ကော်မရှင်က နယ်စပ်သွင်းကုန်တွေပိတ်ထားပြီးနောက် ဒီရက်ပိုင်း ရန်ကုန်မြို့က ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်နေပြီး တချို့ဆေးဝါးတွေကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးတာတွေ ရှိလာတယ်လို့ ဆေးလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတချို့က ပြောပါတယ်။
ရန်ကုန်မြို့က ရွှေအိုးဆေးဆိုင်တို့လိုမျိုး ဆေးဝါးဖြန့်ချိရောင်းချနေတဲ့ ဆေးဆိုင်ကြီးတချို့မှာဆိုရင် ပျှမ်းမျှအကန့်အသတ်တွေနဲ့ ရောင်းချနေပြီး လိုသလောက် ဝယ်ယူလို့မရတော့တာတွေ ရှိလာတာပါ။
“ဆေးတစ်မျိုးကို တစ်ယောက်ကို အများဆုံးနှစ်ကတ်ပဲ ရောင်းပေးတယ်။ အဓိကတော့ ပစ္စည်းမရှိတော့တာ ရွှေအိုးတို့ဆိုရင် ကုမ္ပဏီကနေ ဆိုင်ကိုဝင်တဲ့ခွဲတမ်းအတိုင်းပဲ အကန့်အသတ်နဲ့ပဲရတာဆိုတော့ သူတို့လည်း အကန့်အသတ်နဲ့ပဲရောင်းပေးတော့တယ်” လို့ ဆေးဝါးဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့လယ် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုလည်း ဒီရက်ပိုင်းမှာ ဆေးဝါးဖြန့်ချိရတဲ့ ခွဲတမ်းပမာဏ သုံးဆနီးပါးကျဆင်းသွားပြီး ဆေးကုမ္ပဏီကြီးတွေက ဈေးကွက်မှာ အကန့်အသတ်နဲ့ပဲ ဖြန့်ချိနေတယ်လို့ ရန်ကုန်မြို့က ဆေးကုမ္ပဏီတစ်ခုရဲ့ ဖြန့်ချိရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“လူတိုင်းကလည်း သွင်းလို့မရတော့ဘူးလေ။ ကုမ္ပဏီကြီးတွေပဲ သူ့လမ်းကြောင်းနဲ့သူတော့ရတယ်။ အခုက ဆရာဝန်နဲ့ လူနာနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ နေရာတွေကိုပဲ လိုသလောက်ပဲ ပေးတော့တယ်၊ ဆေးရုံနဲ့ ဆေးခန်းတွေပေါ့။ အပြင်ဆေးဆိုင်တွေမှာတော့ သူတို့ကတော့ ဈေးကွက်ကို ကစားတာ၊ တင်ရောင်းတာတွေရှိတော့ အများကြီးမချပေးတော့ဘူး။ ဆေးခန်းတွေလည်း ဈေးကွက်ခွဲတမ်းကို အရင်လက သုံးဆဆိုရင် အခု တစ်ဆလောက်ပဲရတော့တယ်” လို့ ၎င်းဆေးကုမ္ပဏီဝန်ထမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကော်မရှင်ဟာ မြန်မာ-ထိုင်းနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ပိတ်လိုက်ပြီး ဒီလမ်းကြောင်းမှာ ပိတ်မိနေတဲ့ ကုန်စည်တွေကိုလည်း ရနောင်း – ကော့သောင်း ရေကြောင်းကုန်သွယ်ရေးကနေ သွင်းကုန်၊ ပို့ကုန်တွေကို ပြန်လည်စိစစ်ပြီး တင်သွင်းခွင့် ပြန်ခွင့်ပြုထားပါတယ်။
အဲဒီလိုခွင့်ပြုရာမှာလည်း ပို့ကုန်ရငွေ (Export Earning) ရှိထားတဲ့ ကုန်သည်တွေကိုပဲ တင်သွင်းခွင့်ပေးနေတာဖြစ်ပြီး ပြည်ပသွင်းကုန်တွေကို တင်သွင်းရောင်းချသူတွေအနေနဲ့ ပို့ကုန်ရငွေအတွက် ဒေါ်လာဝယ်ယူရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
အခုလို ပြည်ပသွင်းကုန်တွေ ကန့်သတ်လိုက်ပြီးနောက်မှာ ရန်ကုန်မြို့ပေါ်မှာ ယခင်က အများအပြားတွေ့မြင်ခဲ့ရတဲ့ ထိုင်းနိုင်ငံဘက်က ဝင်ရောက်လာတဲ့ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ အိုင်တီပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ ရှားပါးပြတ်လပ်နေပါတယ်။
ပုံစာ – ရန်ကုန်မြို့လယ်က ဆေးဆိုင်တစ်ခုမြင်ကွင်း
ဓါတ်ပုံ – မော်ကွန်း

