ရန်ကုန် – ၂၀၂၄ မေ ၁၀ (မော်ကွန်း)
ပြည်ပထွက်ခွာမယ့်သူတွေ မဖြစ်မနေလိုအပ်တဲ့ နိုင်ငံသားစိစစ်မှု သီးသန့်အထောက်အထား UID (Unique Identity Number) ၊ (အရပ်အခေါ် စမတ်ကတ်) အတုပြုလုပ်ပေးသူတွေ မြို့နယ်တချို့မှာ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေသူတချို့က ပြောပါတယ်။
မတူညီတဲ့ ဂဏန်း ၁၀ လုံးနဲ့ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ UID ကတ်တွေကို စစ်ကောင်စီက နီးစပ်ရာ လဝကရုံးတွေမှာ အခမဲ့ လာရောက်လုပ်ဆောင်နိုင်တယ်လို့ ကြေညာထားပေးမယ့် တရုတ်နယ်စပ် မူဆယ်၊ ထိုင်းနယ်စပ် မြဝတီမြို့အပါအဝင် မြို့နယ်တချို့မှာ အခုလို UID ကတ် အတုပြုလုပ်တဲ့ပွဲစားတွေ ရှိလာတာပါ။
မူဆယ်မြို့ခံ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကတော့ အဆိုပါ UID ကတ်အတုတွေကို ပွဲစားတွေနဲ့ ပြုလုပ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေ နယ်စပ်ဂိတ်တွေမှာ ယခုရက်ပိုင်းအတွင်း မကြာခဏ ပေါ်ပေါက်နေတယ်လို့ ပြောပါတယ်။
“တချို့လည်း လဝကရုံးမှာ တန်းမစီချင်တော့ ပွဲစားဆိုပြီး အွန်လိုင်းကနေချိတ်လုပ်ကြတော့ နယ်စပ်ဂိတ်ရောက်တော့ အတုဆိုတာတွေ ပေါ်နေတယ်။ အခန့်မသင့်ရင် အရေးယူခံရနိုင်တယ်။ ကတ်အတုကလည်း လေး၊ ငါးသောင်း ကနေ တစ်သိန်းထိ ပေးရတယ်ပြောတယ်” လို့ ၎င်း က ပြောပါတယ်။
စစ်ကောင်စီ လဝကဟာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အသစ်ပြုလုပ်ရာမှာ UID ကတ်တွေ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ပြီးခဲ့တဲ့လပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အလားတူပဲ နယ်စပ်ဂိတ်တွေကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်အတွက်လည်း UID ကတ်တွေ ပြသနိုင်ရမှာဖြစ်ပြီး အဲဒီကတ်ပါမှပဲ နယ်စပ်ဖြတ်ကျော်ခွင့်ပေးတော့မယ်လို့ စစ်ကောင်စီ လဝက က ထုတ်ပြန်ထားတာပါ။
UID ကတ်ကို ပြည်တွင်းမှာနေထိုင်တဲ့ မည်သူမဆို အသက် ၁၀ နှစ်အထက်ရှိသူ နိုင်ငံသား၊ ဧည့်နိုင်ငံသားတွေအပါအဝင် နိုင်ငံအတွင်းနေထိုင်သူအားလုံးထုတ်ယူနိုင်ပြီး နိုင်ငံသားဖြစ်ဖို့ အရည်အချင်းရှိသူတွေကို National ID ခေါ် နိုင်ငံသားစိစစ်ရေးစမတ်ကတ်ကို နောက်တစ်ဆင့်အနေနဲ့ ဆောင်ရွက်ပေးသွားမှာလို့ ဆိုပါတယ်။
UID ကတ်တွေ စတင်ပြုလုပ်ပေးစဉ်က ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာတော့ ရပ်ကွက်ရုံးတွေအထိ လဝကဝန်ထမ်းတွေက လာရောက်ပြုလုပ်ပေးတာရှိပေမယ့် တချို့မြို့နယ်တွေမှာတော့ ပြုလုပ်တဲ့သူတွေ များတဲ့အတွက် မြို့နယ်လဝကရုံးမှာပဲ သွားရောက်လုပ်ဆောင်ရတယ်လို့ ကိုယ်တိုင်ဆောင်ရွက်ခဲ့သူတချို့က ပြောပါတယ်။
တောင်ဒဂုံမြို့နယ်မှာ ကိုယ်တိုင် UID ပြုလုပ်ခဲ့သူတစ်ဦးကတော့ “ရပ်ကွက်ရုံးတွေမှာ အစက လုပ်လို့ရတယ်ပြောပေမယ့် သူတို့က အချိန်ပိုင်းလေး ခဏပဲလာလုပ်ပေးသွားတာ။ လဝက ရုံးမှာပဲ သွားလုပ်ရတယ်။ လဝကရုံးကျတော့ လူတော့ တော်တော်များတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြို့နယ် လဝကရုံးတချို့မှာတော့ တန်းမစီချင်သူတွေအတွက် အမြန်ပြုလုပ်ပေးနေတဲ့ ပွဲစားတွေလည်းရှိနေပြီး အမြန်ကြေး ကျပ်နှစ်သောင်းခန့် ပေါက်ဈေး ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတချို့က ပြောပါတယ်။
“လူအရမ်းများတော့ တန်းမစီချင်ရင် ပွဲစားတွေရှိတယ်။ ဒါပေမယ့် တစ်ရက်တော့ လူကိုယ်တိုင်သွားပေးရမှာပဲ သူက မျက်လုံး Scan ဖတ်တာတွေ ဇီဝအချက်အလက်ယူတာတွေပါတော့ ကိုယ်တိုင်သွားမှပဲ ရမှာပါ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မြဝတီ၊ မူဆယ် အစရှိတဲ့ နယ်စပ်မြို့တွေမှာ UID ကတ် ထုတ်ယူသူ များပြားနေပြီး မှောင်ခိုလမ်းကြောင်းတွေကလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ UID ကတ်တွေ ထုတ်ပေးရာမှာ မျက်နှာအသွင်အပြင်၊ လက်ဗွေရာ၊ မျက်စိသူငယ်အိမ်တို့ကို မှတ်တမ်းတင်ခြင်းအပါအဝင် အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ သွေးအုပ်စု၊ အီးမေးလ် အစရှိတဲ့ အချက်အလက်တွေကိုပါ စုဆောင်းရယူနေတာပါ။
စစ်ကောင်စီ လဝက ကတော့ နယ်စပ်အဝင်၊ အထွက်တွေမှာ လူဦးရေ အတိအကျရရှိနိုင်စေဖို့နဲ့ မှတ်ပုံတင်အတုတွေအသုံးပြုပြီး သွားလာတွေကို ထိန်းချုပ်ဖို့ အခုလို UID ကတ်စနစ်ကို ပြုလုပ်နေတာလို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတဲ့အပြင် စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းမှုတွေကို ရှောင်လွှဲလိုတဲ့ လူငယ်အများအပြားဟာ ပြည်ပကို ထွက်ခွာဖို့ လုပ်ဆောင်လာတဲ့ အခြေအနေမှာ စစ်ကောင်စီကလည်း အခုလို ပြည်ပထွက်ခွင့်တွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ လုပ်ဆောင်လာတာပါ။
ပုံစာ – ရန်ကုန်တိုင်းက မြို့နယ်တခုမှာ UID ကတ် ပြုလုပ်ပေးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး