ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA အဖွဲ့ဟာ ရှမ်းမြောက်ဒေသက နမ္မတူမြို့ကို ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသမှာ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ စတဲ့မြို့တွေကို သိမ်းပြီးနောက်မှာ ပဉ္စမမြောက်မြို့အဖြစ် နမ္မတူကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်လာတာပါ။
ယခုလ ၂၅ ရက်ကစပြီး နမ္မတူမြို့ကို ထိုးစစ်ဆင်နေတဲ့ TNLA တပ်ဟာ တိုက်ပွဲကာလ လေးရက်အတွင်းမှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။
နမ္မတူမြို့က စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ခမရ-၃၂၄ ဗျူဟာကုန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စစ်ကစ ဌာနဆိုင်ရာရုံးအားလုံးကို ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ခမရ – ၃၂၄ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက်ပိုင်းမှာ စခန်းကနေ ဆုတ်ခွာသွားတယ်လို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။
အဲ့ဒီခြေမြန်တပ်ရင်းမကျရေးအတွက် စစ်ကောင်စီတပ်ဟာ မနေ့က ညပိုင်းတည်းက လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့ စခန်းကို လက်လွှတ်လိုက်ရတာလို့ ဆိုပါတယ်။
နမ္မတူမြို့တွင်းရှိနေတဲ့ ဒေသခံတစ်ဦးကတော့ “မနေ့က ညနေပိုင်းကတော့ ဗုံးတွေ တောက်လျှောက်ကြဲတယ်။ တိုက်ပွဲပြင်းထန်နေတာ၊ ဒီနေ့မနက်အစောပိုင်းမှာတော့ တိုက်ပွဲငြိမ်သွားတယ်။ TNLA ကားတွေလည်း မြို့ထဲထိ ဝင်လာတယ်။ မြို့တွင်းက ရဲစခန်းတွေလည်း သိမ်းပြီးပြီ။ ကျန်တာ အဲ့ဒီခြေမြန်တပ်ရင်းကျန်တာ။ ဒီမနက်မှာ သူတို့တပ်ဆုတ်သွားတယ်ပြောတယ်။ TNLA က သိမ်းလိုက်တာပေါ့” လို့ ပြောပါတယ်။
နမ္မတူမြို့ပေါ်က နေအိမ်အချို့ကလည်း ဗုံးစထိမှန်ပျက်စီးမှုတွေရှိနေပြီး မြို့ကို စစ်ကောင်စီက ဗုံးလာကြဲမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက မြို့ပေါ်ဗုံးကြဲမယ့်သတင်းတွေ ကြားနေရတယ်။ အဲ့ဒါကြောင့် စစ်ဘေးရှောင်သွားတဲ့သူတွေကိုလည်း နေဦး၊ ပြန်မလာသေးနဲ့ဦးလို့ ပြောထားကြတာပေါ့” လို့ နမ္မတူမြို့ခံတစ်ဦးကပြောပါတယ်။
TNLA တပ်ဖွဲ့ဟာ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးကာလ နှစ်လအတွင်းမှာ မြို့ငါးမြို့ကို သိမ်းထားနိုင်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။
အလားတူပဲ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ MNDAA ကလည်း တရုတ်-မြန်မာနယ်စပ်က လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော် စတဲ့ ကိုးကန့်ဒေသမြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
လက်ရှိသိမ်းပိုက်ထားတဲ့ စစ်ဆင်ရေးနယ်မြေတွေနဲ့ မြို့တွေကို အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်အောင် ကြိုးပမ်းနေပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ မနေ့ကညပိုင်းက စစ်ရေးသတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
လက်ရှိမှာ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲဒေသ၊ ကျောက်မဲမြို့နယ် ကြူရှောကျေးရွာအနီးတဝိုက်တို့မှာ ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
ရှမ်းမြောက်ဒေသမှာ နယ်မြေအများအပြား လက်လွှတ်လိုက်ရပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ နမ့်ခမ်း၊ မူဆယ်တို့ကို စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံဖြည့်တင်းနေပြီး တန်ပြန်တိုက်စစ်ဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – နမ္မတူမြို့တွင်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားတဲ့ TNLA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – TNLA သတင်းနဲ့ ပြန်ကြားရေး

