အမ်း- ၂၀၂၄ နိုဝင်ဘာ ၁ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးမှာရှိတဲ့ ချင်းကုန်းနဲ့ ပြောင်းချောင်းကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက မနေ့က ညနေပိုင်းမှာ ဝင်ရောက်မီးရှိခဲ့တယ်လို အမ်းဒေသခံတချို့က ပြောပါတယ်။
အဲ့ဒီကျေးရွာ နှစ်ရွာဟာ နပခ နဲ့ နှစ်ဖာလုံကျော်လောက်သာဝေးပြီး ရွာသားတွေ စစ်ဘေးရှောင်နေကြတဲ့အချိန် စစ်ကောင်စီက ဝင်ရောက်မီးရှိခဲ့တာဖြစ်တယ်လို အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
” ဒေသခံတွေက နပခ ကို AA က ထိုးစစ်ဆင်လာရင် တိုက်ပွဲထဲ ညပ်ပါမှာစိုးလို အကုန်လုံးနီးပါး AA ထိန်းချုပ်ထားတဲ့ နေရာတွေဆီ ပြေးသွားကြပြီ။ စစ်ကောင်စီကလည်း အဲ့ဒီရွာတွေက နပခနဲ့ နီးတော့ AA က နေရာယူ တိုက်မှာစိုးလို မီးရှို့ လိုက်တာ ထင်ပါတယ်။ ရွာတွေကို မီးရှိတာကတော့ စစ်ကောင်စီ ပုံမှန်လုပ်ကွက်တွေပဲလေ” လို့ အထက်ပါ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလဒုတိယအပတ်အတွင်းကလည်း နပခ အနီးမှာရှိတဲ့ နှုးကျေးရွာကို စစ်ကောင်စီက ဝင်ရောက် မီးရှိဖျက်ဆီးခဲ့သေးတယ်လို့ လည်း ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အမ်းမြို့ပတ်လည်ကို ဝန်းရံပိတ်ဆို့ကာ အာရက္ခတပ်တော်(AA) ရဲ့ ထိုးစစ်ကို ခုခံနေပြီး မြို့ခံ ၅,၀၀၀ ခန့်ကို မြို့ကထွက်ခွင့်မပေးဘဲ သူတို့နဲ့အတူ လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားသလို AA ရဲ့ စစ်ကြောင်းတွေကို မြို့တွင်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မှုတွေပြုလုပ်နေတယ်လိုလည်း အမ်းဒေသခံတချို့က ပြောပါတယ်။
” တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေယာဥ်တွေနဲ့ လာပစ်လိုက်၊ နပခ ထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လိုက်နဲ့။ မနေ့က ဆိုလည်း အမ်းမြိုဟောင်း ရပ်ကွက်ထဲကို နပခက ပစ်လိုက်တဲ့ လက်နက်ကြီးလာကျတယ်။ မြို့ထဲမှာလည်း အမြှောက်တည်ပြီး တိုက်ပွဲနေရာတွေကို လှမ်းပစ်နေတော့ ပြည်သူတွေက ပိတ်မိပြီး ထွက်မရတော့ဘူး။ စားနပ်ရိက္ခာတွေလည်း ဝယ်မရတော့လို ရှိတဲ့ ဆန်တွေကို ဆန်ပြုတ် ကျိုသောက်နေရပြီ။ အသက်အန္တရာယ်လည်း လုံခြုံမှုမရှိတော့ဘူး။ စားစရာလည်းမရှိတော့ဘူး” လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း အသုံးပြု ခုခံနေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင်ဆိုင်းဘုတ်။
ဓါတ်ပုံ- အမ်းမြို့သူ၊မြို့သားများစုစည်းရာဖေ့စ်ဘွတ်ပေ့ချ်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

