အမ်း- ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီအကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးထိမှန်တာကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကို မနေ့က ပြောပါတယ်။
အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်က အထက်ပါအုပ်ချုပ်ရေးမှူးဟာ မနေ့က နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် နေအိမ်အပြင်ကို အခြေအနေထွက်ကြည့်စဉ် ဘေးနားကိုလက်နက်ကြီးကျည်ဆန်ကျပြီး ထိမှန်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
” တိုက်ပွဲ အခြေအနေကတော့ အရမ်းကြမ်းပါတယ်။ စစ်ကောင်စီကလည်း လေယာဥ်တွေနဲ့ တောက်လျှောက်လာကြဲတယ်။ AA တပ်တော်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ တစ်မြို့လုံး ပစ်ခတ်သံတွေနဲ့ ဆူညံနေရော။ အဲဒီ အုပ်ချုပ်ရေးမှူးကလည်း ပစ်ခတ်နေတဲ့ကြားထဲ အပြင်ထွက်ကြည့်ရာကနေ လက်နက်ကြီးအစ ထိသွားတာ” လို့ ရခိုင်စစ်ရေး သတင်းအရင်း မြစ်က ပြောပါတယ်။
အဲဒီ အမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေးအတွက် ရာနဲ့ချီတဲ့ စစ်ကူအင်အားတွေကို ရဟတ်ယာဥ်တွေနဲ့ နေ့စဉ် တိုက်ပွဲအတွင်းကို အင်အားဖြည့်တင်းကာ AA ကို အပြင်းအထန် ခုခံ တိုက်ခိုက်နေတယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
” လက်နက်တွေနဲ့ စစ်အင်အားတွေကို အောက်တိုဘာ ၂၇ ရက်လောက်ကနေ တောက်လျှောက်လာချနေတာ။ မြေပြင်ကနေ စစ်ကူမလာနိုင်တော့ လေကြောင်းကနေပဲ လူအင်အားချပေးလိုက်၊ ဗုံးကြဲလိုက်လုပ်နေတယ်” လို့ သူက ပြောပါတယ်။
လူမှုကွန်ယက်တွေမှာ ရေသားနေကြတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က သိမ်းလိုက်ပြီဆိုတဲ့ ပြောဆိုမှုတွေကို စစ်ရေးသတင်းရင်းမြစ်က ငြင်းဆိုပြီ “ Fb(ဖေ့စ်ဘွတ်) က တော်လှန်ရေးသမားတွေ စကားပဲ ယုံလိုက်ကြ” လို့ သူက တုံ့ပြန်ပါတယ်။
အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကလွဲပြီး မြို့နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ အမ်းလေဆိပ်တို့ကို AA က သိမ်းပိုက်ရရှိထားပြီး နောက်ဆုံးလက်ကျန် (နပခ) ကို သိမ်းပိုက်ရရှိရေးအတွက်လည်း AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီကြား တစ်ကျော့ပြန်စစ်ပွဲ တစ်နှစ်ပြည့်ခါနီအချိန်မှာ AA က ပြည်နယ်ထဲက မြို့ ၁၁ မြို့ကို ထိန်းချုပ်ထားသလို ကျန်ခြောက်မြို့မှာလည်း စစ်ကောင်စီဟာ မြို့တွင်းမှာ ပုန်းခိုနေရတဲ့ အခြေအနေလို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို AA ရဲ့ ညီနောင်မဟာမိတ် ကိုးကန့်တပ်ဖွဲ့ထံ လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ အခုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA ထံ လက်လွှတ်ရမယ့်အရေးနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
ပုံစာ- ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင်ဆိုင်းဘုတ်
ဓါတ်ပုံ- အမ်းမြို့သူ၊မြို့သားများ စုစည်းရာဖေ့စ်ဘွတ်ပေ့ချ်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

