ရွာငံ- ၂၀၂၅ မတ် ၁၁ (မော်ကွန်း)
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ရွာ စစ်ဘေးရှောင်တွေထဲက ၂၀၀ ကျော်ဟာ အရေပြားရောဂါဖြစ်ပွားနေပြီး လသားအရွယ်ကလေးငယ်တွေပါ ကူးစက်ခံနေရတာကြောင့် ကျန်းမာရေးစိုးရိမ်ရတဲ့ အခြေအနေရှိနေကာ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ဆီက ပြောပါတယ်။
ဘေးလွတ်ရာ တောတောင်တွေထဲမှာစစ်ရှောင်နေကြရပြီး သန့်ရှင်းတဲ့ရေမရဘဲ ချောင်းရေကိုသာ သောက်သုံးနေကြရတာကြောင့် အခုလို အရေပြားရောဂါတွေဖြစ်ပွားတာလို့ ယူဆရပြီး ပြန်လည်နေရာချထားရေးစီစဉ်တဲ့အခါ ရေသန့်ရရှိဖို့ပါ ပူးတွဲ ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ DSNDA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။
“ အရင်တစ်ခေါက်ဖြစ်တာ သက်သာနေကြပြီဆိုပေမယ့် အခုတစ်ခေါက်ပြန်ဖြစ်လာတယ်။ အခုတစ်ခေါက်က လသားကလေးငယ်တွေပါ ဖြစ်လာတယ်။ လသားကလေးငယ်တွေအတွက်က စိုးရိမ်နေရတယ်။ ဆေးဝါးအကူညီ အရမ်းကို လိုအပ်နေပါတယ်” လို့ ကိုကျားပျံက ပြောပါတယ်။
မင်းပလောင်ရွာကစစ်ရှောင်တွေ ပထမအကြိမ် ဒီလိုအရေပြားရောဂါဖြစ်ပွားတုန်းက ဆေးဝါးဖြည့်တင်းကာ သူတို့ကူညီကုသခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆေးဝယ်ဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ ကိုကျားပျံကပြောပါတယ်။
ရွာငံမြို့ကနေ မိုင် ၄၀ လောက်ဝေးတဲ့ ဝေးလံခေါင်ဖျားအရပ်က မင်းပလောင်ရွာမှာ အိမ်ခြေ ၁၇၉ လုံးနဲ့ လူဦးရေ ၇၀၀ ကျော် နေထိုင်ကြပြီး ၂၀၂၄ ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် စစ်ဘေးဒုက္ခသည် ဖြစ်နေတာလည်း ဖြစ်ပါတယ်။
အခုလို စစ်ဘေးရှောင်တွေ အရေပြားရောဂါဖြစ်ပွားနေကြရတာဟာ ဒီနေရာတစ်ခုထဲတင်မကဘဲ ရခိုင်နဲ့ စစ်ကိုင်းဘက်က စစ်ဘေးရှောင်တွေမှာလည်း နွေရာသီ ရေရှားပါးလားမှုနဲ့အတူ ပိုမိုဖြစ်ပွားလာနေတယ်လို့ ဒေသတွင်းမီဒီယာတချို့မှာ ဖော်ပြ ကြပါတယ်။
DSNDA တပ်ဖွဲ့ဟာ ၂၀၂၃ နိုဝင်ဘာမှာ စစ်အာဏာရှင်ကို တော်လှန်ဖို့ စတင်ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံနဲ့ ပင်းတယဒေသတွေမှာ အခြေစိုက်လှုပ်ရှားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ပုံစာ- အရေပြားရောဂါခံစားနေရတဲ့ကလေးငယ်၊ စစ်ဘေးရှောင်မင်းပလောင်ရွာသားတချို့နဲ့ မီးရှို့ခံထားရတဲ့ရွာ။
ဓါတ်ပုံ- ကိုကျားပျံ၊DSNDA၊Google

