ဒွတ်ဒက်ရွှတ်ရှက် သတင်းသမား

ဒွတ်ဒက်ရွှတ်ရှက် သတင်းသမား
၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Satire  ဖြစ်ပါသည်။

ရန်လိုကျွဲ ရေးသည်။

“အင်္ဂလိပ်စာလုပ်နေရလို့ မြန်မာစာ အားနည်းသွားတယ်”ဟု အကြောင်း ပြသော သတင်းသမား၊ FM တွင် နားဆင်ရတတ်သော ဘိုသီချင်းများ အဆဲစကားလုံး ကြွယ်ဝမှန်း အင်္ဂလိပ်စာ လေ့လာစဉ် သိရှိသွားသဖြင့် ဝေဒနာ ခံစားသွားရ သတင်းသမားတို့အကြောင်း ယခင်လက ပြောပြပြီး ဖြစ်သည်။ ယခုလ အခြား သတင်းသမားနှစ်ဦးအကြောင်း ဖောက်သည်ချ လိုသည်။

ထိုနှစ်ဦးမှာ အင်္ဂလိပ်စာ လေ့လာနေသော ကျော်လင်း ထွန်း၊ ဇာနည်ဝင်းတို့ ဖြစ်၏။

ကျော်လင်းထွန်း

များမကြာသေးမီက သတင်းသမား ကျော်လင်းထွန်းနှင့်တွေ့ရာ အင်္ဂလိပ်စာ လေ့လာနေသည်ဟု သူကဆို၏။ အင်္ဂလိပ်သီချင်း နားထောင်သည်၊ ဖေ့စ်ဘွတ်ခ်တွင် အင်္ဂလိပ်လိုရေးသည်၊ မြန်မာလိုရေးလျှင်လည်း မာရီယာ အမည်ရှိ အင်္ဂလိပ်မတစ်ယောက် အမည်ပါတတ်သည်၊  အင်္ဂလိပ်စာလုံး နိုင်းချင်းပါသော တီရှပ်တို့ကို ဝတ်ဆင်သူတည်း။

““ဟေ့ကောင်လေး၊ မင်းတို့က သတင်းထောက်တွေ ဆို တော့ အင်္ဂလိပ်စာ လေ့လာတာ တခြားလူတွေထက် အားသာ ချက် ပိုများတယ်ကွ””

““ဘယ်လို များတာလဲ ဆရာကျွဲ””

““ဒီခေတ်မှာ သတင်းသမားဆိုတာ တခြားလူတွေထက် တရားစွဲခံရကိန်း၊ အဖမ်းခံရကိန်း ပိုရှိတယ်လေ။ ထောင်ထဲ ရောက်တော့ လုပ်စရာ ဘာမှ မရှိဘူး မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာ လေ့လာဖြစ်ကရော။ အချိန်ပြည့် လေ့လာနေတော့ မင်းတို့ အင်္ဂလိပ်စာ တိုးတက်ပြီပေါ့ကွာ ဟားဟားဟား””

““ဟာ… ဆရာကျွဲကလည်း အဟုတ်မှတ်လို့ နားထောင် နေတာ””

စကားပြောနေရင်း  စဉ်းစားမိသည်မှာ ကျော်လင်းထွန်း အဘယ်ကြောင့် အင်္ဂလိပ်စာ လေ့လာနေသနည်း ဟူသော အချက်ပင်။

သူ၏ အဖြေမှာ ရှင်းသည်။ သို့သော်လည်း ရှင်းရှင်းလေးနှင့် ရှုပ်နေသည်။

““အင်္ဂလိပ်စာ လေ့လာတယ်ဆိုတာ အခြေခံဥပဒေ  ကြောင့်ပါ””

““အခြေခံဥပဒေ ငါ ဖတ်ဖူးပါတယ်ကွာ။ နိုင်ငံသားတိုင်း သို့မဟုတ် သတင်းထောက်တိုင်း အင်္ဂလိပ်စာ လေ့လာရမည်လို့ ရေးမထားပါဘူး””

““ဆရာကျွဲ၊ အဲဒီလို ရေးမထားသော်လည်း  ရေးထားဘိ သကဲ့သို့ နိမိတ်ပုံကို ထင်ထင်ရှားရှား ပြထားပါတယ်။ စာအုပ် တောင် ဖွင့်ကြည့်စရာ မလိုဘူး။ တစ်ထွာလောက် ပြရင် တစ်လံ လောက် မြင်ကြရမယ် မဟုတ်လား””

သူ့စကားကြောင့် မိမိ ရူးချင်လာသည်။ နိမိတ်ပုံ ဆိုတာ လည်း ပါ၏။ စာအုပ်ဖွင့်ကြည့်စရာမလိုဟုလည်း ပါ၏။ သူနှင့် ဆက်ပြီး စကားပြောလျှင် မိမိလည်း အင်္ဂလိပ်စာ လေ့လာသူ ဖြစ်လျှင်ဖြစ် မဖြစ်လျှင်ရူးရချေ၏။

အိမ်ပြန်ရောက်လျှင် စာအုပ်စင်သို့ သွားကာ အခြေခံဥပဒေစာအုပ်ကို ဆွဲပြီး စာကြည့်စားပွဲပေါ် တင်လိုက်မိသည်။ ထိုအခါမှ ကျော်လင်းထွန်း ပြောသောနိမိတ်ပုံ ဆိုသည်ကို မိမိ သဘောပေါက်လိုက်လေသည်။

စာအုပ်အဖုံးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသော စာလုံးကို မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ ဖြင့်လည်းကောင်း ဖော်ပြထားသည်။

သို့သော်လည်း အင်္ဂလိပ်ဘာသာက အပေါ်တွင် ရောက် နေပြီး မြန်မာဘာသာက အောက်တည့်တည့်တွင် ရှိနေ၏။

မိမိလည်း ကျော်လင်းထွန်းကဲ့သို့ပင် အင်္ဂလိပ်စာ လေ့လာ မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်ရလေသည်။

ဇာနည်ဝင်း

တစ်ခုသော တနင်္ဂနွေနေ့က ရန်ကုန်၊ ပုဇွန်တောင်ရှိ သတင်းသမား ဇာနည်ဝင်း၏ အထပ်မြင့်တိုက်ခန်းသို့ မိမိ ရောက် သွားသည်။ သူသည်လည်း သတင်းသမား ဖြစ်၏။ သတင်းသမား သည် သူ့ကလေးများနှင့်အတူ ကာတွန်းကားကြည့်နေ၏။ မိမိ ရောက်သည်နှင့် မိမိလက်ကို ဆွဲခေါ်ပြီး သူတို့နှင့်အတူ ထိုင်စေကာ ကာတွန်းကား ကြည့်စေ၏။

ကလေးနှစ်ကောင်က မိမိကို အင်္ဂလိပ်လို လှမ်းပြီး နှုတ် ဆက်သေးသည်။ ဒီသတင်းသမားတော့ ကလေးတွေကို အသင် အပြ ကောင်းလှသည်ဟု ယူဆရသည်။

ရုပ်မြင်သံကြားကို ကလေးနှစ်ကောင် သိမ်းပိုက်ထား သဖြင့် ဘောလုံးပွဲ၊ ကိုရီးယားဇာတ်လမ်းတွဲတို့ ကြည့်ခွင့်မရသော သတင်းသမားကို မိမိ သနားမိသည်။ သို့သော်လည်း ဇာနည်ဝင်း ကမူ မိမိ သနားသလို မဟုတ်။ ကာတွန်းကားတွင်သာ ဈာန်ဝင် စားနေဟန်တူ၏။

ကာတွန်းကားများ နာရီဝက်ခန့်ကြည့်ပြီးနောက် သည်းမခံ နိုင်တော့သဖြင့် သူ့ကို လက်ဖက်ရည်ဆိုင်လိုက်ခဲ့ဟု ပြောပြီး သူ့ အခန်းမှ ပြန်ခဲ့ရသည်။

ဆိုင်တွင် နာရီဝက်ကျော် ထိုင်စောင့်ပြီးနောက်တွင် သတင်းသမားဇာနည်ဝင်း ရောက်ချလာသည်။

““သတင်းသမားကလည်း ကာတွန်းကြည့်တာ ကြာလိုက် တာ။ ကလေးထိန်းတာလား၊ ကာတွန်းကားကြည့်ပြီး ကုန်ကြမ်း ရှာတာလား””

““ဒီလိုပဲပေါ့ကွာ၊ လေ့လာရေးအနေနဲ့ ကြည့်တာပါ””

““လေ့လာတာ ကောင်းပါတယ်၊ သတင်းသမား ဆိုတာ ဟို စပ်စပ် ဒီစပ်စပ် သိထားလေ ကောင်းလေ မဟုတ်လား။ သတင်း တင် မကဘူး ခရီးသွားအစီအစဉ်၊ ချက်နည်းပြုတ်နည်းတို့က အစ ဇာတ်လမ်းတွဲတွေအဆုံး  ကြည့်သင့်တာပဲ””

သတင်းသမားက မိမိစကားကို ထောက်ခံသည်လည်း မဟုတ်၊ ကန့်ကွက်သည်လည်း မဟုတ်၊ ခပ်မဆိတ်သာ နေ၏။

စကားဝိုင်းက အစမှာပင် ငြိမ်ကျသွားသောကြောင့် မိမိ ကပင် ဖောက်ခွဲရပြန်သည်။

““ဆိုပါဦး။ ခုတလော တီဗီမှာ ဘာတွေ ကြည့်ဖြစ်သလဲ””

““ကာတွန်းကား””

မိမိလည်း သူ့ကို သေချာ အကဲခတ်ကြည့်သည်၊ သူက မည် သည့်အခါကမျှ နောက်ပြောင်တတ်သူ မဟုတ်ချေ။ ယခုလည်း သူ့အဖြေက နောက်ပြောင်ပြီး ဖြေဆိုခြင်း မဟုတ်မှန်း မိမိ ယုံ ကြည်သည်။

သူက သူ့ကလေးများကို ချစ်သောကြောင့် ကလေးများကို အချိန်ပေးသည့်အနေနှင့် သူတို့နှင့်အတူ တီဗီရှေ့ထိုင်ခြင်း ဖြစ်ပေ မည်ဟု မိမိ တွေးမိသည်။ သို့သော်လည်း သေချာစေရန် မေးပြီး သား မေးခွန်းတစ်ခု ထပ်မေးလိုက်၏။

““ဒီအသက် ဒီအရွယ်မှာ ကလေးတွေနဲ့အတူ ကာတွန်း ကား ထိုင်ကြည့်နေတော့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလို ဖြစ် မနေဘူးလား ဇာနည်ဝင်းရယ်””

““မဖြစ်ပါဘူး မစ္စတာကျွဲ၊ ဒါဟာ ကျွန်တော် မဖြစ်မနေ လုပ်ရမယ့် လေ့ကျင့်ခန်းပါ””

မိမိ အကြီးအကျယ် အံ့အားသင့်သွားသော်လည်း အံ့သြ စိတ်ကို မိမိ စိတ်ထဲတွင် မျိုသိပ်ထားလိုက်သည်။ သတင်းသမားက ကာတွန်းလိုင်း၊ ရုပ်သံလိုင်းဘက် ပြောင်းခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် မဟုတ်လော။

““ဘယ်လိုလေ့ကျင့်ခန်းမျိုးလဲဗျ””

““ဒီလိုပါ မစ္စတာကျွဲရေ၊ ကျွန်တော့်သားတွေက ကာတွန်း ကား အမြဲကြည့်တော့ အဲဒီ ကာတွန်းကားတွေထဲကအတိုင်း အင်္ဂလိပ်လို ပြောတတ်နေကြတယ်။ အငယ်ကောင်ဆိုရင် အေဘီ စီဒီ မရေးတတ်သေးဘူး၊ အင်္ဂလိပ်စကားကို ဒွက်ဒက်ရွှတ်ရှက် ပြောတတ်နေပြီ။ အဲဒါ ကျုပ်က အင်္ဂလိပ်စာနဲ့ စကားပြော လေ့ လာမယ်ဆိုတော့ ကျွန်တော့်သား အကြီးကောင်က သူတို့နဲ့အတူ တီဗီထိုင်ကြည့်၊ အင်္ဂလိပ်လို တတ်သွားစေရမယ်လို့ အာမခံတာနဲ့ ကျွန်တော်လည်း သူခိုင်းသလို လိုက်လုပ်ဖြစ်နေတာပါ။ ဒါကြောင့် ကာတွန်းကား ကြည့်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ မဖြစ် မနေ လုပ်ရမယ့် လေ့ကျင့်ခန်းပါလို့ ပြောရတာပါ””

ဇာနည်ဝင်းပြောမှ သတိထားမိသည်၊ သူ့ကလေးနှစ် ယောက်က အိမ်မှာ မိမိကို အင်္ဂလိပ်လို နှုတ်ဆက်ကြသည် မဟုတ် လော။ အင်္ဂလိပ်စကားပြော ကာတွန်းကားများ ကြည့်ခြင်း၏ ကောင်းကျိုးတစ်ခုမှာ ကလေးများ အင်္ဂလိပ် စကားပြော လေ့ လာနိုင်ခြင်းပင်။ ထို့ကြောင့် သူတို့က သူတို့ဖေဖေကို စခန်းသွင်း လေ့ကျင့်ပေးခြင်း ဖြစ်ပေမည်။

သတင်းသမား အင်္ဂလိပ်စကားပြော သင်ယူနေသည်မှာ အဘယ်ကြောင့်နည်း။

ဇာနည်ဝင်း၏ ရည်ရွယ်ချက်

““အင်္ဂလိပ်စာနဲ့စကားက ကျွန်တော်တို့ သတင်းသမားတွေ အတွက် မရှိမဖြစ်လိုလာပြီလို့တောင် တင်စားလိုက်ချင်တယ်””

““ဘယ်လို ဘယ်လို””

““ဒီလိုဗျာ၊ နေပြည်တော်က ကြီးသုံးကြီးကို အင်တာဗျူးဖို့ အတွက် တွေ့ ခွင့်တောင်းတယ်။ မပေးဘူးဗျာ””

အလုပ်လွန်စွာ များသောသူတို့ကို တွေ့ခွင့် မရခြင်းမှာ မထူးဆန်းပေ။ မိမိတို့ကိုယ်တိုင် ထိုနေရာ ရောက်လျှင်လည်း လူတိုင်းကို တွေ့ခွင့်ပေးနိုင်မည်လော။ မထင်ပေ။  မိမိလည်း သူ့ကို ထိုသို့ ရှင်းပြပြီး နှစ်သိမ့်ရသည်။ သို့သော်လည်း ဘသားချောက လက်မခံရေးချ လက်မခံချေ။

““တခြားသတင်းဌာနတွေကျတော့ တွေ့ ခွင့်ရနေတယ် မဟုတ်ဘူးလား””

““ဟုတ်ပါတယ်၊ တွေ့ ခွင့် ရနေပါတယ်။ ရတယ်ဆိုသော် လည်း စောစောက ပြောသလိုပေါ့လေ။ လာသမျှလူတိုင်းကို လက်ခံလိုက်ရင် ဘာဖြစ်သွားမလဲ။ ပြီးတော့ ခင်ဗျား လျှောက် လွှာက ကိုယ်တွေ့ချင်တဲ့သူတွေလက်ထဲ တိုက်ရိုက်ရောက်တာ မဟုတ်ဘူးလေ။ သူတို့မှာ တောင်ပုံယာပုံ ရောက်လာတဲ့ စာတို စာရှည်တွေကို  လက်ခံဖို့၊ ဖတ်ဖို့ တာဝန်ကျ အရာရှိ အဆင့်ဆင့် ရှိတယ်။အဲဒီအရာရှိတွေက စာအများစုကို မလွဲှသာ မရှောင် သာ ဖိုင်တွဲ သိမ်းထားရတာ။ ခင်ဗျားလည်း သိပါတယ်””

““ဒါတွေ အားလုံး သိပါတယ်ဗျာ။ ဒါကြောင့် ကျွန်တော် အင်္ဂလိပ်စကားပြော လေ့ကျင့်နေတာပါ””

မိမိ မျက်စိလည်သွားရပြန်သည်။ ဌာနဆိုင်ရာများသို့ ဆက်သွယ်လျှင် မြန်မာလိုသာ ပြောဆို ရေးသားကြသည် မဟုတ် လော။ အဘယ်ကြောင့် ဤသူကောင်းသားက ဒွက်ဒက်ရွှတ်ရှက် ချင်ရသနည်း။ အင်္ဂလိပ်လို ပြောချင်ရသနည်း။

သူရှင်းပြတော့လည်း ထိုသို့ လေ့လာရန် မဖြစ်မနေ လိုအပ် ကြောင်း မိမိ လက်ခံလိုက်ရသည်။

““သူတို့က သတင်းသမားနဲ့ တွေ့တာ သိပ်မရှိပါဘူး။ အဲ…တွေ့ပြန်တော့လည်း အဲဒီ သတင်းသမားဟာ နိုင်ငံခြားသား ဖြစ် နေပြန်ရော။ တကယ်ဆို ပြည်တွင်းဖြစ်ကို အားပေးသင့်တာပေါ့ မဟုတ်ဘူးလား။ သူတို့က လူမျိုးရေးခွဲခြားတာ မဖြစ်နိုင်ဘူး။ သေ ချာတယ်၊ ဘာသာစကား ခွဲခြားတာပဲ ဖြစ်ရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဟော…တွေ့တဲ့ သတင်းသမားတွေက အများ အားဖြင့် အင်္ဂလိပ် ဘာသာနဲ့ သတင်းထုတ်တဲ့ သတင်းဌာနတွေက ဖြစ်နေတယ်။ ဒီတော့ သူတို့ဟာ အင်္ဂလိပ်လို ပြောတဲ့သူကို ဦးစား ပေးပြီး တွေ့ကြတယ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်လည်း   အခွင့် အရေးရအောင် အင်္ဂလိပ်စာကို အသည်း အသန် လေ့လာနေရတာ။ ကဲ…သွား တော့မယ်။ ကျွန်တော့်သားတွေ က အမြန်ပြန်လာဖို့ မှာလိုက် တယ်။  ကာတွန်းကားကြည့်ဖို့ စောင့်နေကြပြီ””

အင်မတန် ဒွက်ဒက်ရွှတ်ရှက်လို သော သတင်းသမားလည်း အိမ်သို့ သုတ် ခြေတင်လေသည်။ အားလုံးအဆင်ပြေပြီး တွေ့ ခွင့်ရသည်ဆိုပါက       ““ပြည်သူတွေ သိပ်ချစ်နေ တာ ဘာကြောင့်လဲ”” ဟူ သော မေးခွန်း မျိုး သူ မေး တတ်လိမ့် မည်ဟု မိမိ   ယူဆပါသည်။

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."