စည်သူ
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၃ (မော်ကွန်း)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးချို့ယွင်းနေပြီဆိုသော လူမှုကွန်ယက်ပေါ်မှသတင်းများမှာ သတင်းမှားများသာဖြစ်ပြီ ပကတိအတိုင်း ကျန်းမာရေးကောင်းမွန်နေတယ်လို့ NLDပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က မော်ကွန်းကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချိုယွင်းနေပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်အပေါ်မှာ ပျံ့နှံ့နေတဲ့အပေါ် သူက တုန့်ပြန်တာပါ။
“မနေ့က ညနေ၅နာရီလောက် ထိ ကျွန်တော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်က အောင်နိုင်ရေးကိစ္စတွေ အကုန်လုံး ဆွေးနွေးတိုင်ပင်ကြပါတယ်။ ကျန်းမာရေးကတော့ ပကတိကို ကျန်းကျန်းမာမာရှိပါတယ်။ စိတ်လည်း အင်မတန်ကို ရွှင်ရွှင်လန်းလန်းနဲ့ အဖွဲ့ချုပ်ကို ဦးဆောင်နေပါတယ်”လို့ သူက ပြောပါတယ်။
သတင်းမှားတွေ တတ်လာတဲ့အခါ အဖွဲ့ချုပ်အနေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေထံ သတင်းမှားဖြစ်ကြောင်း အကြောင်းကြား အသိပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
“ ဒီထက်ပိုပြီးတော့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ ထိခိုက်နစ်နာအောင်လုပ်မယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြောဆိုမယ် ။ မမှန်ကန်သော နည်းအားဖြင့် ကိုယ်ရဲ့ ရွေးကောက်ပွဲ ပြိုင်ဘက်ကို ထိခိုက်အောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေအရ တိုင်ကြားရမှာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။
Photo:Chair NLD Facebook
#Dailynews

