ရေဖိုး၊ရေခတွေတိုးကောက်ပြီးပြန်ဆပ်ရမယ်လို့ဆို
ဗညားအေးကျော်
ရန်ကုန်-၂၀၂၀ ဇူလိုင် ၁၆ (မော်ကွန်း)
ရန်ကုန်မြို့ကို အဓိက ရေပေးဝေနေတဲ့ ငမိုးရိပ်ရေဆည် ပေးဝေရေးစနစ်ကို အဆင့်မြှင့်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဆီက အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူမှာဖြစ်ပြီး ဒီအကြွေးကို ရေးဖိုး၊ရေခတွေ တိုးမြှင့်ကောက်ပြီး ပြန်ဆပ်မယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အသိပေး ပါတယ်။
နိုင်ငံတော်သမ္မတဆီက ပေးပို့တဲ့ စီမံကိန်းဆိုင်ရာ ချေးငွေရယူရေးအတွက် လွှတ်တော်က ခွင့်ပြုချက်ပေးဖို့ လာရှင်းပြရာမှာ သူက ပြောခဲ့တာပါ။
“ တိုးမြှင့်ကောက်ခံမှုမှရရှိတဲ့ရေဖိုး၊ရေခများနဲ့ ADB ချေးငွေကို ပြန်လည်ပေးဆပ်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို ရှင်းပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ငမိုးရိပ်ဆည်ကနေ ဖြန့်ဝေနေတဲ့ရေပမာဏဟာ ရန်ကုန်တစ်မြို့လုံးကို စည်ပင်သာယာက ဖြန့်ဝေနေတဲ့ ရေစုစုပေါင်းရဲ့ ၆၆ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သူက တင်ပြပါတယ်။ ဒီပမာဏက တစ်ရက်ကို ရေဂါလန် သန်း ၉၀ ရယူဖြန့်ဖြူးနေတယ်လို့ ဆိုတာပါ။
ဒီချေးငွေကို အသုံးပြုပြီး ငမိုးရိပ်ဆည်ကနေ မြောင်းနဲ့သွယ်ယူနေရတဲ့ရေဖြန့်ဝေရေစနစ်ကို ပိုက်လိုင်းနဲ့ပြောင်းပြီး သယ်ကာ ပိုမိုလုံခြုံစိတ်ချရတဲ့ မြို့ပြရေဖြန့်ဝေမှုစနစ်ဖြစ်အောင် ဖော်ဆောင်မှာဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ရှင်းပြ ပါတယ်။
ဒီချေးငွေအကုန်လုံးကို ဟင်းလင်းပွင့်ရေမြောင်းနဲ့သွယ်ယူနေတဲ့စနစ်အစား ၂၂ မိုင်ကျော် ရှည်လျားမယ့် ပိုက်လိုင်းနဲ့ ရေသွယ်ယူတဲ့စနစ်ကို ပြောင်းရာမှာ သုံးမှာဖြစ်ပြီး အခြားရေဖြန့်ဖြူးရေးဆိုင်ရာ အအောက်အအုံတွေလည်း တည် ဆောက်သွားမယ်လို့ ဒုတိယဝန်ကြီးက ရှင်းပြတယ်။
လက်ရှိမှာ ရေမြောင်းစနစ်နဲ့ရေဖြန့်ဝေနေတာကြောင့် ရေမြောင်းပတ်ဝန်းကျင်က လူ၊တိရစ္ဆာန်အညစ်အကြေးတွေ မြောင်းထဲရောက်တာရှိသလို အနီးက စိုက်ပျိုးခင်းတွေထဲက စီးဝင်တဲ့ ဓါတ်မြေသြဇာ၊ ပိုသတ်ဆေးတွေကြောင့်လည်း ရေသန့်စင်စက်ရုံကိုရောက်လာတဲ့ရေအရည်အသွေးဟာ နိမ့်ကျတာတွေ ဖြစ်ပေါ်နေတယ်လို့ သူကဆိုတယ်။
‘ ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်း ’ လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းကို မြို့တော်စည်ပင်သာယာဌာနက အဓိက အကောင်အထည်ဖော်မှာဖြစ်ပြီး ငါးနှစ်ကြာမယ့် ဒီစီမံကိန်းပြီးတဲ့အခါ ရေဂါလန် သန်း ၁၈၀ အထိ ရယူဖြန့်ဖြူးနိုင်မယ်လို့ ဖော်ပြတယ်။
လက်ရှိမှာ ရန်ကုန်မြို့ရဲ့ တစ်ရက် ရေသုံးစွဲနှုန်းဟာ ရေဂါလန် သန်း ၂၀၅ အထိ ရှိနေပြီး ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီးနဲ့ ငမိုရိပ်ဆည်တွေကနေ ရေဖြန့်ဖြူးမှု ရဲ့ ၉၀ ရာခိုင်နှုန်းကို ရရှိနေတယ်လို့ ဆိုတယ်။ ကျန် ၁၀ ရာခိုင်နှုန်းကိုတော့ အဝီစိတွင်းရေးကို ရန်ကုန်ဟာ မှီခိုနေတာလို့ သူက ဆိုတယ်။
၂၀၂၀ ဒီဇင်ဘာကနေ ၂၀၂၅ ဒီဇင်ဘာအထိ ကြာမြင့်မယ့် ဒီစီမံကိန်းအတွက် ချေးငွေကို ဆိုင်းငံ့ကာလ ၈ နှစ်၊ ပြန်ဆပ် ကာလ ၂၄ နှစ်နဲ့ ADB က ချေးပေးတာလို့ ဒုဝန်ကြီးက ရှင်းပြတယ်။ ဒီစီမံကိန်းပြီးတဲ့အခါ မြေအောက်ရေ ထုတ်ယူ သုံးစွဲနေရမှုကို ရပ်တန့်ပစ်ဖို့လည်း ရှိတယ်လို့ သူက ဆိုတယ်။
ဆိုင်းငံ့ကာလ ၈ နှစ်အတွင်း ၁ ရာခိုင်နှုန်းအတိုးနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ သန်း ပေးဆပ်နေရမှာ ဖြစ်ပြီး အကြွေးပြန်ဆပ်တဲ့ကာလရောက်တဲ့အခါ အတိုးအရင်းပေါင်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၁ သန်း နှုန်းနဲ့ ၂၄ နှစ် ပြန်ဆပ်ရမယ်လို့ ဒုတိယဝန်ကြီးက ရှင်းပြတယ်။
ဒီချေးငွေထဲက အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် ကို အတိုင်ပင်ခံတွေရဲ့ အခကြေးငွေ ( Consultant ) အဖြစ် ပေးရမယ်လို့ ဦးမောင်မောင်ဝင်းက ပြောတယ်။
ပြီးခဲ့တဲ့ မတ်လကုန်အထိ ရန်ကုန်မြို့တော်စည်ပင်သာယာက စာချုပ်ချုပ်ချေးယူထားတဲ့ ပြည်ပချေးငွေပေါင်းဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ( သန်း ၁,၂၀၀ ) ခန့် ရှိနေတယ်လို့ ဒုတိယဝန်ကြီးက ရှင်းပြတယ်။ ဒီအထဲက အမေရိကန်ဒေါ်လာ ၁၁၈ သန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာက ထုတ်ယူသုံးစွဲပြီးဖြစ်တယ်လို့လည်း သူက ဆိုတယ်။
ဒီချေးငွေရယူရေးနဲ့ပတ်သက်လို့ လာမယ့် ဇူလိုင် ၂၂ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဖို့ လျာထားတယ်လို့ လွှတ်တော်နာယက က ပြောပါတယ်။
ဓါတ်ပုံ- ထက်မြတ်အောင်
ပုံစာ – ဒလမြို့နယ်အတွင်း ၂၀၂၀ နွေရာသီကာလ ရေရှားစဉ် ရပ်ကွက်တစ်ခုမြင်ကွင်း။
#Dailynews