၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Poem ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။
မော်တော်ကားတာယာကို ကွန်ပေါင်းတင်သလို
ဘဝကို အသစ်ပြန်လည်ပြင်ဆင်လို့ မရနိုင်။
လွမ်းစရာအိပ်မက်တွေ
ဘယ်နှခါ မက်ခဲ့ပြီးပြီလဲ
နာရီဟာ ကြောက်မက်ဖွယ် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်
ပါးပျဉ်းမထောင်ဘဲ ပေါက်နေသလိုပါပဲ။
ထိုနေရာမှာ ရေချိုးကြ
သနပ်ခါးလိမ်းကြ၊ အဝတ်အစားသစ်တွေ ဝတ်ကြ
ပြီးတော့ လှပစွာ အိမ်ပြန်ကြပေါ့
ရန်သူဟာ သင့်ခန္ဓာကိုယ်ထဲမှာပဲ ရှိတယ်။
ဒါ ကြေကွဲမယ်ဆို ကြေကွဲဖို့ အကောင်းဆုံးပါပဲကွယ်။
ဟောဟိုမှာ ကြည့်လိုက်စမ်း
အမှတ်တရသံယောဇဉ် တောင်တန်းညိုညိုများနဲ့
တယောပြားလို သနားစရာ အလွန်ကောင်းတဲ့
ကောင်မလေးတစ်ယောက်အကြောင်း ဝတ္ထုတိုတစ်ပုဒ်
အပြာလွင့် ဂျင်းန်ဘောင်းဘီ အစုတ်ကလေးတစ်ထည်
ရွေ့လျားပျောက်ကွယ် မိုးတိမ်ပေါ့။
အဲဒီနောက်မှာ
စားစရာ ထမင်းကို ချစ်လာကြတယ်
သီးသန့်အိမ်ရာ၊ စီးစရာ ကားနဲ့
မျှော်လင့်ပြည့်စုံတဲ့ ငွေကြေးကို ချစ်လာကြတယ်
အဲဒီနောက်မှာ မိသားစု ဝဋ်ဒုက္ခကို ချစ်လာကြတယ်
အဲဒီနောက်မှာ သုံးဆယ့်တစ်ဘုံ တရားခွင်ကို ချစ်လာကြတယ်။
ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့ရ
မဖြစ်ချင်တာတွေလည်း ဖြစ်ခဲ့ရ
တစ်ထောင့်တစ်ညပုံပြင်လို နေမင်းနဲ့ လမင်း လှည့်ပတ်
ငြီးငွေ့ငြိမ်သက်ခြင်းတို့ သုံးသပ်ဖြတ်သန်း
ဘာတွေများ မှတ်တမ်းတင်စရာ ရှိခဲ့ပါသလဲ။
အရာအားလုံး သင့်နောက်မှာ ကျန်ရစ်ခဲ့ခြင်း မဟုတ်
အရာအားလုံးနောက်မှာ သင် ကျန်ရစ်ခဲ့လေပြီ။
အဲဒီလို အချိန်မျိုးမှာ
နောင်တဆိုတာ မှားယွင်းမှုကို သိမြင်ခြင်း
ထပ်ခိုးကျဉ်းကလေးရဲ့ ပြတင်းပေါက်တစ်ချပ်ကို ဖွင့်ရတာထက်
ဘဝရဲ့ အနက်အဓိပ်္ပာယ်ကို ဖွင့်ရတာက ပိုခက်တယ်။
သင် စိတ်အဝင်စားဆုံးအရာဟာလည်း သင်ပဲ ဖြစ်ခဲ့။
ထိုဇာတ်မျောကြီးရဲ့ အဆုံး
နိဂုံးချုပ်၊ ပုဒ်မချ၊ မျဉ်းပိတ်
အသုံးမဝင်ရှာတော့တဲ့ အရိပ်တွေ လွင့်ပြယ်အဝေး
သီချင်းကလေးတစ်ပုဒ်လောက် ဆိုချင်လည်း ဆိုချင်ပေါ့။
(၂၄.၅.၁၉၈၈)
Office : 
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com