ဒုက္ခတွေနဲ့တန်းစီ မီးဖိုချောင်အတွက်စားအုန်းဆီ

ဒုက္ခတွေနဲ့တန်းစီ မီးဖိုချောင်အတွက်စားအုန်းဆီ

ရန်ကုန်-၂၀၂၄ စက်တင်ဘာ (မော်ကွန်း)

ဩဂုတ်လရဲ့ မိုးဖွဲဖွဲကျနေတဲ့နံနက်ခင်းတစ်ခုမှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲက အဓိကလမ်းမကြီးဖြစ်တဲ့ လှော်ကားလမ်းပေါ်မှာ လူတွေတိုးဝှေ့တန်းစီနေကြတယ်။ အများစုက အမျိုးသမီးတွေပါ။ လှော်ကားလမ်းမကြီးပေါ်က စားအုန်းဆီရောင်းပေးတဲ့ဆိုင်ရှေ့ကို အိမ်ရှင်မတွေစုပြုံရောက်နေကြတာပါ။

တချို့က ကော်ထိုင်ခုံအပုလေးတွေကို လမ်းမှာချထိုင်သူထိုင်၊ တချို့က ဖျာတွေ၊ ဂုံနီအိတ်တွေကို လမ်းပေါ်ခင်းကာ ထိုင်တဲ့ သူကထိုင်၊ မတ်တပ်ရပ်တဲ့သူကရပ်လို့ စီတန်းနေကြတာ။ တချို့ဆိုရင် တန်းစီနေရင်း ကလေးကိုတောင်နို့တိုက်လို့။

လက်ထဲက ဈေးခြင်းထဲမှာ စားအုန်းဆီငါးဆယ်သားဝင်တဲ့ ရေတစ်လီတာဘူးကိုကိုင်ပြီးတန်းစီနေတဲ့ ကလေးနှစ်ဦးမိခင် ဒေါ်ကေခိုင်ကတော့ မနက် ၆ နာရီကတည်းက ဒီနေရာကိုရောက်နေတာလို့ ပြောပါတယ်။

ဆိုင်က မနက် ၉း၀၀ နာရီမှရောင်းပေးမှာဖြစ်ပေမယ့် ဒီလိုပဲ ကြိုတင်တန်းစီကြရတယ်လို့ လူတန်းရှည်ရဲ့အလယ်လောက်မှာ နေရာရထားတဲ့ သူကပြောပါတယ်။

သူဟာ တန်းစီရတဲ့ဒုက္ခမခံချင်တာကြောင့် အရင်ကတော့ အပြင်ဈေးနဲ့ပဲ စားအုန်းဆီကိုဝယ်ယူလေ့ရှိပေမယ့် အခုတော့ စားအုန်းဆီဈေးက အပြင်မှာခေါင်ခိုက်အောင်မြင့်နေတာမို့ ဒီလိုမိုးဖွဲဖွဲထဲ တန်းစီဝယ်ယူနေရတာလို့ ပြောပါတယ်။

“မတန်းစီရင် အပြင်ဈေးကမတတ်နိုင်ဘူးလေ။ ဒီမှာတန်းစီရင် ငါးဆယ်သားတစ်ဘူး ၃,၅၀၀ (ကျပ်)ပဲ” လို့ တောင်ဒဂုံ (၅၆) ရပ်ကွက်မှာ နေထိုင်တဲ့သူက ပြောပါတယ်။

အပြင်ဈေးဆိုရင် အခုသူရမယ့် ၅၀ ကျပ်သားတစ်ဘူးကို ၇,၅၀၀ ကျပ်ပေးဝယ်ရမှာပါ။ တစ်ပိဿာကို ကျပ်တစ်သောင်းခွဲဈေး ပေါက်နေတယ်လို့ သူကပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုးဟာ စံချိန်တင်ထိုးကျသွားသလို ကုန်ဈေးနှုန်းတွေ မိုးထိအောင်မြင့်တက်သွားတဲ့အတွက် အခြေခံလူတန်းစားတွေဟာ ပိုမိုကျပ်တည်းဆင်းရဲသွားကြပါတယ်။

အလုပ်လက်မဲ့နှုန်းမြင့်ပြီး ဝင်ငွေနည်းသွားတာ၊ ကုန်ဈေးနှုန်းကြီးလွန်းလို့ ထွက်ငွေမြင့်တက်သွားတာတွေက အခြေခံလူထုကို ဖိနှိပ်တာတွေလို့ စီးပွားရေးဆိုင်ရာလေ့လာတဲ့ အဖွဲ့တွေကလည်း ပြောကြပါတယ်။

ကမ္ဘာဘဏ်ကဆိုရင် မြန်မာစီးပွားရေးတိုးနှုန်းက ဒီနှစ်မှာ တစ်ရာခိုင်နှုန်းပဲရှိမယ်လို့ ခန့်မှန်းထားတာပါ။ ကုလသမဂ္ဂရဲ့ လူသား ချင်းစာနာမှုကူညီပေးတဲ့အဖွဲ့တွေကတော့ အာဏာသိမ်းပြီးနောက် မြန်မာလူထုထက်ဝက်လောက်ဟာ လူသားချင်းစာနာမှု အကူအညီလိုနေတယ်လို့ ဖော်ပြပါတယ်။

ဆင်းရဲသူတွေပိုတိုးလာပြီး ကုန်ဈေးနှုန်းဖောင်းပွမှုက အာဏာမသိမ်းခင်ကထက် အဆ ၃၀၀ ကျော် ရှိနေတယ်လို့ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့က ဖော်ပြတာပါ။ ဒီအဖွဲ့က ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေက ဆင်းရဲနွမ်းပါးသူတွေကို ဆန်အိတ်ဝေပြီး အိမ်ထောင်စုရပ်တည်ရေးကို စစ်အာဏာသိမ်းပြီးကတည်းက ထောက်ပံ့နေတဲ့အဖွဲ့ပါ။

ဒေါ်ကေခိုင်တို့လို အိမ်ရှင်မတွေ တန်းစီဝယ်ယူဖို့ နာရီနဲ့ချီစောင့်ဆိုင်းနေရတဲ့ သူတို့မီးဖိုချောင်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ စားအုန်းဆီဆိုရင် အာဏာမသိမ်းခင်တုန်းက လိုသလောက် နီးရာဆိုင်မှာဝယ်လို့ရတာပါ။

အခုတော့ နိုင်ငံခြားကနေ ဒေါ်လာနဲ့ဝယ်သွင်းနေရတဲ့ဒီဈေးကွက်ကို စစ်တပ်ကထိန်းချုပ်လိုက်ပြီး ခွဲတမ်းသဘောမျိုးသာ အများပြည်သူကို ပြန်ရောင်းပေးတဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှဖြစ်ကာ ရန်ကုန်မြို့ရဲ့ လမ်းတိုင်း၊ ရပ်ကွက်တိုင်း လိုလိုမှာ ဆီလိုချင်တဲ့လူတန်းရှည်ကြီးတွေကို မမြင်ချင်အဆုံးတွေ့လာရတာပါ။ ဒီလိုတန်းမစီနိုင်ရင်တော့ ငွေသုံးဆလောက် ပိုသုံးပြီး မှောင်ခိုဈေးနဲ့သာဝယ်ကြရမှာပါ။

တောင်ဒဂုံ၊ ၇၀ ရပ်ကွက်က အသက် ၅၀ ကျော် ဒေါ်သန်းအေးဆိုရင် တန်းစီထုတ်ဈေးနဲ့ အပြင်ဈေး ထက်ဝက်မကဟနေတဲ့စားအုန်းဆီကို အလုပ်တစ်ခုလို နေ့စဉ်တန်းစီရင်း ဝမ်းရေးကိုဖြေရှင်းနေတဲ့ အိမ်ရှင်မတစ်ဦးပါ။

အင်တာနက်ဝိုင်ဖိုင်ကြိုးတွေလိုက်ဆင်ပေးတဲ့ကုမ္ပဏီမှာ အလုပ်ဝင်နေတဲ့သားဖြစ်သူရဲ့ဝင်ငွေက တစ်လသုံးသိန်းကျပ်သာ ရသလို အမျိုးသားကလည်း ပျံကျအလုပ်သမား ဝင်ငွေပုံမှန်မရှိသူမို့ ဒီလိုဆီတန်းစီတဲ့အလုပ်က ဒေါ်သန်းအေးတို့ စားဝတ်နေ ရေးကို အနည်းငယ်အသက်ရှူချောင်စေတာပါ။

“မျက်နှာမှတ်မိနေတဲ့ဆိုင်တွေဆို မေးတယ်၊ မနေ့ကလာပြီးပြီ မဟုတ်လားဆိုပြီး ပြောလွှတ်တာ။ တချို့ဆိုင်တွေလည်း ရောင်းပေးပါတယ်” လို့ သူက ပြောပါတယ်။ တန်းစီလို့ရလာတဲ့ ၅၀ ကျပ်သားတစ်ဘူးကို အပြင်မှာ ပြန်ကောက်တဲ့သူတွေဆီ သွားရောင်းတဲ့အခါ ၃,၀၀၀ ကျပ်လောက်အမြတ်ရတယ်လို့ ပြောပါတယ်။ မလောက်မငဖြစ်နေတဲ့ အိမ်စရိတ်ကို ဒီငွေနဲ့ ကာရတယ်လို့ သူက ဆိုပါတယ်။

ဒေါ်သန်းအေးတို့လိုလူတွေ စားအုန်းဆီရောင်းချပေးတဲ့ ဆိုင်တွေမှာ ဒီလိုတန်းစီခွင့်ရဖို့ကလည်း လွယ်ကူတာတော့ မဟုတ်ပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ သန်းခေါင်စာရင်းပြပြီး ဆီတန်းစီခွင့်ကတ်ရဖို့ လုပ်ခဲ့ရတာပါ။ အဲဒီကတ်ပါလာမှ ဆီဆိုင်တွေက ဆီ ၅၀ ကျပ်သားကို ရောင်းပေးတာပါ။

ဆိုင်တွေကလည်း တန်းစီနေတဲ့လူတွေနဲ့ ကတ်တွေကိုစစ်လေ့ရှိပြီး တချို့ဆိုင်တွေဆိုရင် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း တွေပါစစ်ဆေးပြီးမှ ရောင်းပေးတယ်လို့ ဒေါ်သန်းအေးက ပြောပါတယ်။

ရပ်ကွက်ထဲမှာ တန်းမစီချင်တဲ့သူတွေရှိရင် ကိုယ်စားသူကတန်းစီပေးလေ့ရှိပြီး အပိုဝင်ငွေကျန်တာကြောင့် နေ့တိုင်းလိုလို တန်းစီပေးဖြစ်တယ်လို့ လှော်ကားလမ်းပေါ်က စားအုန်းဆီဆိုင်နားမှာတွေ့တော့ ဒေါ်သန်းအေးက ပြောပါတယ်။

စားအုန်းဆီကိုရဖို့ မြို့ပြအခြေခံလူတန်းစားတွေ နေ့စဉ်ကြုံနေရတဲ့ပြဿနာက တစ်ရွာတစ်ပုဒ်ဆန်းတဲ့ ဇာတ်လမ်းတွေလိုပါ။

တချို့မြို့နယ်တွေမှာဆိုရင် စစ်ကောင်စီရဲ့ အောက်ခြေအာဏာပိုင်တွေနဲ့ ငွေကြေးတတ်နိုင်သူတချို့၊ သူတို့နဲ့ဆွေမျိုးနီးစပ် တော်သူတွေပေါင်းပြီး ခွင်ဖန်တာမျိုးတွေလည်း ရှိကြပါတယ်။

ရန်ကုန်မြို့တစ်ဖက်ကမ်း၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်က အိမ်ရှင်မတွေဆိုရင် အားလုံးစုပေါင်းကာ အရေးဆိုတာ ကြောင့် စားအုန်းဆီဝယ်ယူခွင့်ကို ရောင်းချပေးတဲ့ဆိုင်နဲ့ အိမ်ရှင်မတိုက်ရိုက်ချိတ်တဲ့စနစ်ကို ဒီလကုန်ပိုင်းမှာ ရပ်ကွက် အာဏာပိုင်တွေက ပြောင်းပေးခဲ့ရပါတယ်။

အရင်ကတော့ ရပ်ကွက်ရုံးကထောက်ခံစာနဲ့ တန်းစီထုတ်ခွင့်ပေးထားတာပါ။ ဒါ့အပြင် တန်းမစီအားတဲ့ အိမ်ထောင်စုတွေ အတွက် ရပ်ကွက်ကုန်စုံဆိုင်တွေမှာ ဝယ်ယူနိုင်ဖို့လည်း အဲဒီဆိုင်တွေကို တစ်ပတ်တစ်ကြိမ် ၁၀ ပိဿာ ထုတ်ယူခွင့်ကို ဒေသန္တရ စစ်ကောင်စီအာဏာပိုင်တွေက ဖန်တီးပေးခဲ့ပါတယ်။

ဒါပေမဲ့ ရပ်ကွက်ရုံးထောက်ခံစာနဲ့ တစ်ပတ်တစ်ကြိမ် ဆီထုတ်ယူခွင့်ရထားတဲ့ကုန်စုံဆိုင်အများစုက ပြန်ရောင်းမပေးဘဲ မှောင်ခိုဈေးနဲ့ရောင်းနေတဲ့အခါ ကမာကဆစ်ကအိမ်ရှင်မတွေ အခက်တွေ့ကုန်တာပါ။

“ဆီပုံးသယ်လာတာမြင်လိုက်တယ်။ တစ်ဆယ်သားလောက်တော့ ဝယ်ထားဦးမှဆိုပြီး နောက်ကနေ ထလိုက်သွားတာပေါ့။ ဆိုင်လည်းရောက်ရော ကုန်ပြီတဲ့။ အခုလေးတင်ဟာလေ၊ သူတို့က မှောင်ခိုသမားနဲ့ ချိတ်ထားပြီးသားဆိုတော့ ဖျောက်ပစ် လိုက်ကြတာ”လို့ ကမာကဆစ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ကြုံရတဲ့အခြေအနေကို ပြောပြတယ်။

ဒီလို အခြေအနေတွေကြောင့် စားအုန်းဆီမှောင်ခိုဈေးက မိုးထိုးတက်နေတာလို့ အိမ်ရှင်မတစ်ချို့က ပြောပါတယ်။

အခုတော့ အဲဒီရပ်ကွက်မှာ သန်းခေါင်စာရင်း၊ ဧည့်စာရင်းတစ်ခုကို တစ်လသုံးပိဿာနှုန်းနဲ့ အိမ်ထောင်စုတိုင်းကို ဆီထုတ်ပေးမယ့် အစီအစဉ်ကို ပြောင်းလိုက်ပါပြီ။

မြန်မာနိုင်ငံဆီကုန်သည်အသင်းနဲ့ ချိတ်ဆက်ထားပြီး စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ရောင်းပေးနေတဲ့ သူတို့ရပ်ကွက်က ဆီဆိုင်မှာ ကမာကဆစ်ရပ်ကွက်က အိမ်ထောင်စုတွေ ထုတ်ယူခွင့်ရကြမှာပါ။

အာဏာသိမ်းမှုအစောပိုင်းကာလတွေကတည်းက စားအုန်းဆီတစ်ပိဿာဈေးက ကျပ် ၇,၀၀၀ ထိ ဖြစ်ခဲ့တာပါ။ ဒါက အာဏာ မသိမ်းခင်ကထက် နှစ်ဆလောက် ခုန်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဇူလိုင်မှာ စားအုန်းဆီရှားပါးပြတ်လပ်မှု ဆိုးရွာစွာစတင်လာပြီး ပြင်ပဈေးကွက်မှာ တဖြည်းဖြည်းနဲ့ ဈေးတွေ ခုန်တက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းကြီးကြပ်ရေးကော်မတီကတော့ ထိုးတက်လာတဲ့စားအုန်းဆီဈေးကို ထိန်းချုပ်ဖို့ဆိုကာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ စားအုန်းဆီလက်လီ၊ လက်ကားရောင်းချတဲ့ဆိုင်တွေကို စာရင်းကောက်ယူကာ နေထိုင်တဲ့ လူဦးရေစာရင်းပေါ်မူတည်ပြီး တိုင်းနဲ့ပြည်နယ်အလိုက် ဆီကိုခွဲတမ်းစနစ်နဲ့ဖြန့်ဖြူးပေးမှုတွေ စတင်လုပ်ခဲ့ပါတယ်။

အဲဒီစနစ်နဲ့ရရှိထားတဲ့ဆိုင်တွေကလည်း ရထားတဲ့စားအုန်းဆီခွဲတမ်းကို ရပ်ကွက်ထဲ နေထိုင်ကြောင်း သန်းခေါင်စာရင်းပြ နိုင်သူကို တန်းစီစနစ်နဲ့ သတ်မှတ်ဈေးအတိုင်း ရောင်းပေးတဲ့အစီအစဉ်ကို စတင်ခဲ့ပါတယ်။

ရောင်းရမယ့်ဈေးနှုန်းကိုတော့ စစ်ကောင်စီက တစ်ပတ်တစ်ကြိမ် သတ်မှတ်ပေးပြီး သူနဲ့ချိတ်ဆက်ထားတဲ့ ဆီကုန်သည် အသင်းက မြို့နယ်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချပေးတဲ့ပုံစံနဲ့ လက်ရှိမှာလည်ပတ်နေတာပါ။

စားအုန်းဆီကို မလေးရှား၊ အင်ဒိုနီးရှားတို့လို့ နိုင်ငံတွေက တင်သွင်းရတာဖြစ်ပြီး နှစ်စဉ်တန်ချိန် ခြောက်သိန်းကနေ ရှစ်သိန်း ကြား တင်သွင်းလေ့ရှိတယ်လို့ ဆီလုပ်ငန်းရှင်အသင်းကဖော်ပြထားတဲ့ အချက်အလက်တွေကဆိုပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတိုင်းထဲက သစ်တောတွေကိုသိမ်းပြီး စစ်တပ်ပိုင် ဦးပိုင်လီမိတက်နဲ့ ခရိုနီလုပ်ငန်းရှင်တချို့က စားအုန်းဆီကို ပြည်တွင်းမှာထုတ်လုပ်ဖို့ ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့ပေမယ့် လိုအပ်ချက်ကို ပြည့်မီအောင်မလုပ်နိုင်ကြ သေးတာ ဒီနေ့အထိပါ။

လက်လီလက်ကားရောင်းချသူတစ်ချို့ကတော့ ဒီကာလမှာ စစ်ကောင်စီက စားအုန်းဆီတင်သွင်းရောင်းချမှုတွေကို ဝင်ရောက် ထိန်းချုပ် ကန့်သတ်လိုက်တဲ့နောက် ဝယ်လိုအားနဲ့ရောင်းလိုအားမမျှဖြစ်ကာ ဈေးကွက်အတွင်း ဆီရှားပါးတဲ့အခြေအနေ ဖြစ်လာတယ်လို့ ပြောကြပါတယ်။

ဆီဖြန့်ဖြူးခွင့်ရထားတဲ့ဆိုင်တွေမှာပါ ဆီကပြတ်လာလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာကြံပြီး ပြည်သူကိုရောင်းချပေးပြန်ရင်လည်း စစ်ကောင်စီသတ်မှတ်ဈေးထက်များနေခဲ့ရင် အရေးယူခံရနိုင်တာကြောင့် ဖောက်သည်တွေလောက်ပဲ ရောင်းပေးတော့တယ်လို့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က ဆီလက်လီ၊ လက်ကားရောင်းချသူတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ ဆီဆိုင်တွေကအစ ခွဲတမ်းနဲ့ပဲပေးတော့တာ။ ဝယ်လိုအားပဲရှိပြီး ရောင်းဖို့ကျ ဆီကမလောက်ဘူးဖြစ်နေတာ” လို့ သူက ပြောပါတယ်။

နေ့စဉ်စားအုန်းဆီသုံးပြီး ချက်ပြုတ်ရောင်းချနေရတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ထမင်းဆိုင်ပိုင်ရှင် ကိုထွန်းကလည်း သူတို့လို စားအုန်းဆီနဲ့ မကင်းနိုင်သူတွေ လက်ရှိကြုံနေရတာက ဆီရှားနေတဲ့ ပြဿနာလို့ ဆိုပါတယ်။

“ဘယ်မှာမှ လိုသလောက်ဝယ်လို့မရဘူး။ အပြင်ဈေးတွေမှာဆိုရင်လည်း လိုသလောက်မရဘူး။ သူ့ဖောက်သည်နဲ့သူပဲ ရောင်းနေတာ” လို့ သူက ပြောပါတယ်။

တခြားအလုပ်ရှိနေလို့ တန်းစီဖို့အချိန်မပေးနိုင်သူတွေ၊ ဆီကို နေ့စဉ်သုံးပြီး လုပ်ငန်းလုပ်နေရသူတွေရဲ့ဈေးကွက်ကို ဖြည့်ဖို့ ဒေါ်သန်းအေးတို့လို တန်းစီဆီထုတ်သူတွေပေါ်လာရတယ်လို့ ကိုထွန်းက ဆိုပါတယ်။

လှော်ကားလမ်းမကြီးပေါ်က စားအုန်းဆီဖြန့်ဖြူးပေးတဲ့ ဆီဆိုင်အနီး ထမင်းရောင်းနေတဲ့ကိုထွန်းဆီကို တန်းစီပြီး ပြန်လာရောင်း သူတွေရှိရင် ဆီငါးဆယ်သားကို ကျပ် ၇,၀၀၀ နဲ့ ဝယ်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ စားအုန်းဆီဈေးနှုန်းမမြင့်တက်အောင် ပုံစံမျိုးစုံနဲ့ ထိန်းနေပေမယ့် အခုအချိန်အထိ ရန်ကုန်လမ်းမတွေ ပေါ်က ဆီလိုအပ်သူ လူတန်းရှည်ကြီးတွေကို ပျောက်အောင် မလုပ်ပေးနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကဆိုရင် စစ်ကောင်စီရဲ့ စားသုံးသူကာကွယ်ရေးဦးစီးဌာနဟာ လက်လီ၊ လက်ကား ရောင်းချတဲ့ စားအုန်းဆီကုမ္ပဏီ ၄၀၀ ကျော်ကို ဈေးမြင့်တက်နေမှုအပေါ် ခေါ်ယူသတိပေးခဲ့ပေမယ့် အခြေအနေက ထူးမလာပါဘူး။

အဲဒီလကုန်ပိုင်းမှာဆိုရင် ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေ၊ ကုန်တိုက်တွေနဲ့ လက်ကားဆိုင်ကြီးတွေမှာပါ ဆန်နဲ့ ဆီကို အပြင် ဈေးနဲ့ သူတို့ရောင်းခိုင်းတဲ့ဈေးကြား ကွာဟနေတယ်ဆိုကာ အရောင်းတွေ ပိတ်တာ၊ လူကို အရေးယူတာအထိ လုပ်ခဲ့သေး တာပါ။ နာမည်ကြီး လက်လီအရောင်းဆိုင်တစ်ခုဖြစ်တဲ့ AEON-Orange ဆိုင်က တာဝန်ခံ ဂျပန်နိုင်ငံသားဆိုရင် အဖမ်းတောင် ခံခဲ့ရပါသေးတယ်။

ဈေးနှုန်းမြင့်တက်နေတဲ့ စားအုန်းဆီကို စစ်ကောင်စီက အာဏာနဲ့ကိုင်တွယ်နေပေမယ့် ရလဒ်ကတော့ ဆီရောင်းပေးတဲ့ ဆိုင်တွေအနီးမှာ လူတန်းရှည်ကြီးတွေ ပိုတိုးလာတာပဲ ရှိပါတယ်။

လှော်ကားလမ်းပေါ်က မိုးဖွဲဖွဲထဲမှာ စားအုန်းဆီတန်းစီနေတဲ့ လူတန်းကြီးက လူ ၃၀၀ လောက်ရှိပြီး ဆီဆိုင်က ရောင်းချပေးတဲ့ ခွဲတန်းကလည်း နေ့ခင်းပိုင်းလောက်မှာ ကုန်သွားတာကြောင့် ဆီမရလိုက်တဲ့အမျိုးသမီးတချို့လည်း လူအုပ်ထဲမှာ ကျန်နေခဲ့ပါသေးတယ်။ ။
🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."