ဒုက္ခတွင်းနက်ထဲက တီကျစ်

ဒုက္ခတွင်းနက်ထဲက တီကျစ်

ဒုက္ခတွင်းနက်ထဲက တီကျစ်
၂၀၂၂- ဧပြီ (တီကျစ်)

မြို့ဝင်တာနဲ့ ဗြုန်းအုတ်နဲ့ဆောက်ထားတဲ့အိမ်လေးတွေက ကားလမ်းမဘေးမှာအစီအရီ။ မြို့အနောက်ဘက်လွင်ပြင်မှာ စိုက်ထားတဲ့ ကြက်သွန်ခင်းတွေက မြစိမ်းရောင်ကောဇောတစ်ချပ်ခင်းထားသလို ပြန့်ပြူးနေလေရဲ့။

မြို့အရှေ့ဘက်ကစီးလာတဲ့ စမ်းချောင်းငယ်တွေက စိုက်ခင်းတွေကြား ခွေခေါက်လိမ်တွန့်ကာစီးဆင်းနေသလို   ရှေးဟောင်းစေတီတချို့ကလည်း ထိုးထိုးထောင်ထောင်နဲ့ ထိုလွင်ပြင်ထဲမှာတည်ရှိပြန်တယ်။

သဘာဝအလှပန်းချီကားသဖွယ် ရှုခင်းတွေနဲ့ ချယ်သထားတဲ့ ဒီမြို့ရဲ့ အမည်က တီကျစ်တဲ့။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်မြင့်တဲ့ အရပ်မှာရှိတဲ့ မြို့ပေါ့။

ဒီဒေသမှာ ရှမ်း၊ ဗမာ အပါအဝင် တိုင်းရင်းသားပေါင်းစုံနေထိုင်ပြီး နက်ပြာရောင်ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်လေ့ရှိကြ တဲ့ ပအိုဝ်းတိုင်းရင်းသားတွေက အများစုနေကြပါတယ်။

ဒီတောင်ပေါ်လွင်ပြင်မှာ ဒေသခံတွဟာ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတာပါ။ တစ်ရံတစ်ခါ ဒီဒေသကို ရောက်သူတွေအဖို့တော့ ကြည်နူးဖွယ်ရှုခင်းတွေနဲ့ တီကျစ်ဒေသက လှချင်တိုင်းလှနေသလိုတော့ရှိရဲ့။

သို့သော် ဆယ်စုနှစ် နှစ်စုကျော်ကြာ  ဒေသခံတွေအတွက် ခြောက်အိမ်မက်ဖြစ်နေတဲ့ စီမံကိန်းတစ်ခုလည်း မကျက်သေးတဲ့ အနာတစ်ခုလို ပြည်တယိုယိုနဲ့ မြို့လေးနဲ့အတူ ဒွန်တွဲတည်ရှိနေပြန်တယ်။

ဒါကတော့ မြို့အရှေ့ဘက်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တီကျစ်ကျောက်မီးသွေးတူးဖော်ရေး မိုင်းတွင်းကြီးနဲ့ မြောက်ဘက် က လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေပါပဲ။

တီကျစ်ကျောက်မီးသွေးမိုင်းတွင်း
တီကျစ်ကျောက်မီးသွေးမိုင်းတွင်း

တီကျစ်မိုင်းတွင်း လည်ပတ်ပုံ

တီကျစ်ဒေသမှာ ကျောက်မီးသွေးတူးဖော်ဖို့ စတင်ခဲ့တာက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကာလတွေမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအမျိုးသားအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (China National Heavy Machinery Corporation Company – CHME)နဲ့ မြန်မာနိုင်ငံက ဧဒင်အုပ်စု၊ ရှမ်းရိုးမနဂါး ကုမ္ပဏီတို့ ပူးပေါင်းလုပ်တဲ့ စီမံကိန်းပါ။

ဒီမိုင်းတွင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျောက်မီးသွေးမိုင်းတွင်းတစ်ခုဖြစ်ပြီး အပွင့်တူးဖော်ရေးစနစ်နဲ့ လည်ပတ် နေတာပါ။ အပွင့်တူးဖော်ရေးစနစ်ဆိုတာက မြေကြီးကို စက်ယန္တယားတွေနဲ့ ကော်လှန်တူးထုတ်ပြီး အောက်ကပေါ်လာသမျှ ကျောက်မီးသွေးကို ထုတ်ယူတဲ့စနစ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ကြသလိုမျိုးပါပဲ။

လက်ရှိကာလအထိ ဒေသတွင်းက မြေဧက ၈၀၀ ကျော်ကို သိမ်းယူတူးဖော်နေတဲ့ ဒီမိုင်းတွင်းဟာ ဆက်လက်တိုးချဲ့ဖို့လည်း ရှိနေသေးတယ်လို့ ၂၀၁၇ ကထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ “ တီကျစ်မြေမှခေါင်းလောင်းသံ” အစီရင်ခံစာမှာ ဖော်ပြတယ်။

စီမံကိန်းဧရိယာအတွင်းကျရောက်တဲ့ ဒေသခံတွေကို ယခင်စစ်အစိုးရခေတ်မှာ တစ်အိမ်ထောင် ကျပ်တစ်သိန်းခွဲပေးကာ ရွှေ့ခိုင်းခဲ့ပြီး ဘဝပြန်လည်ထူထောင်ရေးအတွက် ဘာမှလုပ်မပေးခဲ့ဘူးလို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ လိုင်ခါးနဲ့ တောင်ပို့လဆိုတဲ့ ရွာနှစ်ရွာဟာ တိုက်ရိုက်ရွှေ့ပြောင်းခံခဲ့ရပြီး ကျန်ကျေးရွာတွေက စိုက်ပျိုးမြေတွေလည်း အသိမ်းခံခဲ့ရပါတယ်။

သူတို့မြေပေါ်က နှင်ထုတ်ခံရတဲ့တောင်သူတွေဟာ မြေယာမဲ့ဖြစ်၊ ဘဝတွေပျက်ပြီး ကျပန်းအလုပ်သမားတွေအဖြစ် အသက်မွေးကြသူတွေဖြစ်သွားကြသလို တချို့လည်း ရေကြည်ရာ၊ မြက်နုရာကို ရွှေ့ပြောင်းသွားကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြတယ်။

“တောက်လျှောက်တူးနေတုန်း။ မြေတွေကလည်း (မိုင်းတွင်းကလည်း) ချဲ့နေတုန်း။ မိုင်းလည်း ခွဲနေတုန်းပဲ” လို့ တီကျစ်မြို့ခံ ခွန်အားမာန်(အမည်လွှဲ)က ဇန်နဝါရီနှောင်းပိုင်းကတွေ့တော့ ပြောပြတယ်။ သူဟာ မိုင်းတွင်းနဲ့ စက်ရုံ ပိတ်သိမ်းရေးဆန္ဒထုတ်ဖော်မှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး ယခုကာလမှာ လုံခြုံရေးအရ အမည်မဖော်ပြဖို့ တောင်းဆိုပါတယ်။

နေ့စဉ် မိုင်းတွင်းမှာ ကျောက်မိုင်းခွဲတိုင်း အိမ်တွေတုန်ခါတယ်လို့ ခွန်အားမာန်ကပြောပါတယ်။ သူ့အိမ်နဲ့ ကျောက်မီးသွေးမိုင်းတွင်းက ခဲတစ်ပစ်စာ အကွာလောက်မှာ ရှိတာပါ။

စီမံကိန်း လျာထားချက်အရဆိုရင် တစ်နေ့ကို ကျောက်မီးသွေးတန်ချိန် ၂,၀၀၀ အထိ၊ တစ်နှစ်ကို တန်ချိန် ၆၄၀,၀၀၀ ကျော်အထိ ဒီမိုင်းတွင်းက တူးဖော်နေတာလို့ (PYO) ရဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။

တီကျစ်မှာ ကျွန်တော်တို့ရှိနေစဉ် နေ့ခင်းဘက်မှာ ဆိုင်ကယ်သံ၊ ကားသံတွေကြောင့် မသိသာပေမယ့် ညပိုင်း လူခြေ တိတ်ချိန်မှာ ရထားခုတ်မောင်းတဲ့အခါ ထွက်ပေါ်လာတဲ့အသံမျိုးကို အိပ်မပျော်ခင်အထိ ကြားရပါတယ်။ ကျွန်တော်တို့က မြို့အလယ်ပိုင်းမှာ တည်းခိုတာဖြစ်ပြီး အဲဒီအသံက မြို့အရှေ့ဘက်က လာတာပါ။

ဒီအကြောင်းကို ခွန်အားမာန်ကို မေးကြည့်တဲ့အခါ မိုင်းတွင်းကနေစက်ရုံကို ကျောက်မီးသွေးပို့တဲ့ စက်ခါးပတ်ကွင်းက မြည်တဲ့အသံလို့ ဆိုပါတယ်။
ဒီခါးပတ်ကွင်းနဲ့ နီးကပ်စွာရှိတဲ့သူ့တို့ရပ်ကွက်ဆိုရင် ဒီဆူညံသံတွေကို နားယဉ်သလိုတောင်ဖြစ်သွားကြပြီလို့ ပြောပြပါတယ်။

ကျောက်မီးသွေးပို့ဆောင်သည့် စက်ခါးပတ်ကွင်း
ကျောက်မီးသွေးပို့ဆောင်သည့် စက်ခါးပတ်ကွင်း

မိုင်းတွင်းထဲကို တစ်ခြမ်းပြိုကျသွားပြီဖြစ်တဲ့ စေတီတစ်ဆူကို သူ့အိမ်ကနေ ခြေလျင်လျှောက်ပြီးသွားဖူးတဲ့အခါ အသင့်စောင့်နေတဲ့လုံခြုံရေးတွေက ဓါတ်ပုံမရိုက်ဖို့ကြိုတင်တားမြစ်ပါတယ်။ ဘုရားဖူးခွင့်ရှိပေမယ့် ဘေးက သူတို့မိုင်းတွင်းနဲ့ အလှဓါတ်ပုံတောင်ရိုက်ခွင့်မရှိဘူးလို့ လုံခြုံရေးတစ်ဦးကပြောပါတယ်။

ပေပေါင်းရာချီနက်နေပြီဖြစ်တဲ့ မိုင်းတွင်းရဲ့အောက်ခြေမှာတော့ ဧရာမမြေသယ်ကားတွေကို ပုရွက်ဆိတ်ပမာ လှုပ်လှုပ်ရွရွ သွားနေကြတာကို တွေ့ခဲ့ရတယ်။ စီမံကိန်းခြံစည်းရိုးရဲ့ ဘေးကကပ်ပြီးလည်ပတ်နေတဲ့ စက်ခါးပတ်ကွင်းကိုလည်း တွေ့ခဲ့ရပါတယ်။

“ ကျွန်တော်တို့က မိုင်းတွင်းနဲ့နီးတော့ စိုးရိမ်ရတယ်။ ပြိုမှာကြောက်နေရတယ်” လို့ ခွန်အားမာန်ကပြောတယ်။ လက်ရှိ တီကျစ်မြို့အောက်ဘက်မှာတင် ကျောက်မီးသွေးကျောကရှိနေပြီး ဒီဘက်ကိုသာဆက်တူးဖော်ခဲ့ရင် တစ်မြို့လုံး ထိခိုက်ကုန်မှာလို့ သူကရှင်းပြတယ်။

မိုင်းတွင်းရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ တီကျစ်မြို့ဘက်ကို ဆက်လက်ချဲ့ထွင်မှုမလုပ်ပေမယ့် တောင်ဘက်ပိုင်းကို အခု ကာလမှာပဲ ဆက်လက်ချဲ့ထွင်နေတယ်လို့ သူကဆိုတယ်။ နေ့စဉ် မိုင်းခွဲမှုတွေရှိပြီး လာမယ့်ကာလတွေမှာ တွင်းတိုးချဲ့နေတဲ့ ဘက်က ကျေးရွာတွေမှာလည်း မြေယာပြဿနာတွေ ကြုံကြရဦးမယ်လို့ ခွန်အားမာန်က ပြောပါတယ်။

မြို့ကိုမျိုတော့မယ့် မြေစာပုံ

မြို့ရဲ့ မြောက်ဘက်၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ မလှမ်းမကမ်းမှာတော့ ဒီမိုင်းတွင်းက ထွက်သမျှမြေစာတွေကို ပုံပါတယ်။ မြေစာပုံကြီးအနီးမှာတော့ လူဦးရေ ၃,၀၀၀ ကျော်နေထိုင်ရာ တီကျစ်မြို့နဲ့ အနီးဝန်းကျင်က ရွာတွေက ကပ်လို့ တည်ရှိနေပါတယ်။ PYO အစီရင်ခံစာရဲ့အဆိုအရ ဒီမိုင်းတွင်းနဲ့စက်ရုံရဲ့ ငါးမိုင်ပတ်လည်မှာ ဒေသခံလူထု ၁၂,၀၀၀ ကျော် နေထိုင်တယ်လို့ ဆိုပါတယ်။

မြို့နဲ့ရွာတွေ ပတ်လည်ဝိုင်းနေတဲ့ မြေစာပုံကြီးကိုမြင်ရတာဟာ ကျူးကျော်တဲတွေအလယ်မှာ ထိုးထောင်ထွက်နေတဲ့ ဧရာမအထပ်မြင့်တိုက်ကြီးတစ်လုံးလိုပါပဲ။ ကျောက်မီးသွေးမိုင်းတွင်းက နက်သထက်နက်လေ၊ မြေစာပုံက မြင့်သထက်မြင့် လာလေပဲလို့ ဒေသခံတွေက ဆိုကြပါတယ်။

ခွန်အားမာန်ကတော့ မြေစာပုံပြိုကျလို့ ရွာသားတွေရဲ့ စိုက်ခင်းတွေ ပိကုန်တာ၊ စိုက်ပျိုးမြေတွေ ပျက်စီးတာတွေက ဒီဒေသမှာ ကြုံတွေ့နေကျ ပြဿနာတစ်ခုဖြစ်ပြီး ကုမ္ပဏီဘက်က လျော်ကြေးငွေပေး ဖြေရှင်းတာမျိုးနဲ့ အဆုံးသတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

“စက်နဲ့ ဘယ်လောက်ပဲဖိဖိ ပုံမှန်မြေမဟုတ်တော့ဘူးလေ၊ ဖို့မြေဆိုတော့ပြိုမှာပဲလေ။ ပြိုတော့ အောက်က လယ်ကွက်တွေ ပိမှာပဲလေ” လို့ သူကပြောပြတယ်။

ဒီမြေစာပုံကြီးအောက်မှာ ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေ အတော်များများအပြင် ရွာသင်္ချိုင်းတောင် မြေစာပုံပိတာခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ပိုဆိုးတာက စိုက်ပျိုးရေးသမားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ သဘာဝချောင်းတွေအပေါ် မြေစာပုံဖို့ပစ်လိုက်တဲ့ကိစ္စပါ။ ဒါကြောင့် စိုက်ပျိုးရေးသမားတွေဟာ မိုင်းတွင်းထဲက စုပ်ထုတ်စွန့်ပစ်တဲ့ နောက်ကျိကျိရေတွေကိုသာ တစ်ခုတည်းသော အားကိုးရာအဖြစ် သွယ်ယူစိုက်ပျိုးနေကြရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ခွန်ဥက္ကာ(အမည်လွှဲ)က ဆိုပါတယ်။

“သူတို့သာ အဲဒီရေစုပ်ပေးနေတဲ့ မော်တာတွေ၊ ဘာတွေရပ်လိုက်ရင်တော့ ကျွန်တော်တို့လည်း ငတ်မှာပဲ။ စိမ့်စမ်းရေဆို တာက အရင်ကလိုမထွက်နိုင်တော့ဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်နေရတဲ့ သူတို့အခြေအနေကို ခွန်ဥက္ကာက ပြောပြတယ်။

မြို့အနောက်ဘက်ပိုင်းက တောင်သူတွေဆိုရင် ဒီမိုင်းတွင်းက စုပ်ထုတ်ပေးတဲ့ရေနဲ့ စိုက်ပျိုးကြရသလို ဒီရေကိုပဲ သုံးရေ အဖြစ် အသုံးပြုကြတာတွေရှိတယ်လို့ တီကျစ်မြို့ခံတချို့ကပြောပြတယ်။

ကျောက်မီးသွေးမိုင်းတွင်းအနီးမှ စိုက်ခင်းများ
ကျောက်မီးသွေးမိုင်းတွင်းအနီးမှ စိုက်ခင်းများ

PYO အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ ကျောက်မီးသွေးတွင်းက ထုတ်လွှတ်တဲ့ရေကို အသုံးပြုမိလို့ အရေပြား ယားယံ အနာဖြစ်တာမျိုး ဒေသခံတွေကြုံကြရတယ်လို့ ဆိုပါတယ်။

“ကျောက်မီးသွေး-မြန်မာပြည်တွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေးအန္တရာယ်” လို့ အမည်ပေးထားတဲ့ ၂၀၁၇ တုန်းက ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာလည်း တီကျစ်ဒေသခံတွေဟာ ရေမသန့်ရှင်းတာကြောင့် အရေပြားယားယံတာ၊ အနာဖြစ်တာနဲ့ ဖျားနာတာတွေ ကြုံကြရတယ်လို့ ဖော်ပြပါတယ်။

ဒါအပြင် ညစ်ညမ်းနေတဲ့ အဲဒီ့ချောင်းရေတွေကို သောက်သုံးမိတဲ့ ကျွဲ၊ နွားတွေဟာ ထူးဆန်းတဲ့ရောဂါတွေဖြစ် သေကြပြီး အချိန်အနည်းငယ်အတွင်းမှာ ဝမ်းတွင်းကလီစာတွေဟာ ပုပ်သိုးကုန်ကြတယ်လို့ ဖော်ပြပါတယ်။ ဒီလိုညစ်ညမ်းရေနဲ့ စိုက်ပျိုးကြရတဲ့ ဒေသခံတွေရဲ့စိုက်ခင်းတွေက သီးနှံတွေဟာလည်း အရည်အသွေးကျဆင်းတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို နိုင်ငံအတွင်း ပတ်ဝန်းကျင်ပျက်စီးမှုတွေကိုကာကွယ်ဖို့ တက်ကြွစွာနှိုးဆော်နေကြတဲ့ Myanmar Green Network (MGN)၊ ပေါင်းကူး၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း(Eco-Dev) တို့နဲ့အတူ နိုင်ငံတကာအဖွဲ့အစည်း တွေဖြစ်တဲ့ Greenpeace, HEINRICH BOLL STIFTUNG (Myanmar), Earth Right International တို့က ပူးပေါင်း သုတေသန ပြုခဲ့တာပါ။

“ဒီမိုင်းတွင်းရောက်မလာခင်တုန်းက ကျွန်တော်တို့ ဒေသမှာ စိမ့်စမ်းရေတွေပေါတယ်။ သူတို့ရောက်လာတော့ ပျောက်သွား တယ်။ ကျွန်တော်တို့ လယ်ကွက်တွေဆိုရင် ကလိုင် (မြေကျင်း)တွေပေါက်လာတယ်။ မြေအောက်ရေခမ်းလာတဲ့ သဘောလို့ ကျွန်တော်တို့ ထင်တယ်” လို့ ခွန်ဥက္ကာက ပြောပါတယ်။

သူတို့ မိဘတွေ ခေတ်တုန်းက စမ်းချောင်းရေကိုသောက်သုံး၊ ချောင်းရေနဲ့ပဲ စိုက်ပျိုးခဲ့ကြပေမယ့် အခုသူတို့ခေတ်မှာ တော့ ရေသန့်ဗူးဝယ်သောက်ရတဲ့ဘဝတွေ ဖြစ်နေကြရပြီး အရင်အခြေအနေပြန်ဖြစ်ဖို့လည်း မလွယ်တော့ပါဘူးလို့ ခွန်ဥက္ကာက ညည်းညူပါတယ်။

ခွန်ဥက္ကာနဲ့ တစ်ရွာတည်းသား ခွန်စိုးဦး(အမည်လွှဲ)ဆိုရင် သူ့နဲ့ရွာသားတချို့ရဲ့ စိုက်ခင်းတွေအတွက် တစ်ခုတည်းသောအားကိုးရာ တောင်ပေါ်ရေအိုင်ကို မိုင်းတွင်းကုမ္ပဏီက မြေစာပုံတိုးချဲ့ဖို့အတွက် မြေဖို့ပစ်နေတာကြောင့် ဒုက္ခရောက်နေသူတစ်ဦးပါ။

ခွန်စိုးဦးနဲ့ ရွာသားတချို့ရဲ့ စိုက်ခင်းတွေဟာ ကျောက်မီးသွေးမိုင်းတွင်းက ရေစွန့်ထုတ်တဲ့ စမ်းချောင်းရဲ့ အထက်ဘက် အမြင့်ပိုင်းမှာ ရှိနေတာကြောင့် လက်လှမ်းမမီပါဘူး။

ဒီတော့ မြေစာပုံကြောင့် သဘာဝချောင်းပိတ်ပြီး အိုင်ဖြစ်နေတဲ့ အထက်ပါရေအိုင်ကနေ သွယ်ယူစိုက်ပျိုးကြပါတယ်။

ခွန်စိုးဦးတို့ အားကိုးရာ ရေကန်ကို ကုမ္ပဏီဘက်က မြေဖို့နေတာကို မျက်မြင်တွေ့ရဖို့ ရွာရဲ့ အရှေ့ဘက် တောင်ကြောပေါ်ကို တက်ကြည့်ခဲ့ပါတယ်။ နှစ်ဧကလောက်ကျယ်တဲ့ တောင်ပေါ်ရေကန်ကို မိုင်းတွင်းဘက်ကလာတဲ့ ဧရာမမြေသယ်ကားတွေ မြေဖို့နေကြတာကို တွေ့ခဲ့ရပါတယ်။

“စိုက်ဖို့ပျိုးဖို့က အောက်ဘက်က (မိုင်းတွင်းကစွန့်ထုတ်တဲ့ရေ ရနိုင်တဲ့အနိမ့်ပိုင်းဘက်က) လူတွေကတော့ သိပ်မစိုးရိမ်ရဘူး ပေါ့။ အပေါ်ဘက်က (မိုင်းတွင်းကစွန့်ထုတ်ရေကို သွယ်ယူဖို့ခက်တဲ့ အမြင့်ပိုင်းဘက်) စိုက်ခင်းသမားတွေကတော့ ဒုက္ခ ရောက်တော့မှာပေါ့။ ရေမလုံမလောက်နဲ့ စိုက်ခင်းတွေ မဖြစ်ထွန်းတော့မယ့် ပုံစံကြုံနေရပြီပေါ့” လို့ ခွန်စိုးဦးက ပြောပါ တယ်။

မိုင်းတွင်းက ကျယ်ပြန့်ကြီးမားလာတာနဲ့အမျှ မြေစာပုံဖို့ မြေနေရာလိုအပ်ချက်ကလည်း မြင့်မားလာနေတာပါ။

ဒီအတွက် ကုမ္ပဏီဟာ မြေစာကို အရင်ပုံ၊ မြေစာပုံမှုကြောင့် နစ်နာသွားတဲ့ ဒေသခံတွေကို လျော်ကြေးလိုက်ပေးတဲ့ နည်းနဲ့ ဖြေရှင်းနေတယ်လို့ တီကျစ်ကျောက်မီးသွေးမိုင်းတွင်းနဲ့ ဒေသခံတွေရဲ့ လူမှုစီးပွားထိခိုက်ရမှုတွေအကြောင်းကို မှတ်တမ်းတင် အစီရင်ခံနေတဲ့ PYO အဖွဲ့ရဲ့ ဒေသတာဝန်ခံတစ်ဦးဖြစ်သူ ခွန်မြင့်ထွန်း(အမည်လွှဲ)က ပြောပြပါတယ်။

“ကုမ္ပဏီဘက်ကလည်း မြေစာပုံဖို့နေရာက အခုနောက်ပိုင်း သူတို့အတွက် အခက်အခဲ အတော်လေးဖြစ်လာတာရှိတယ်။ အဲဒီအတွက် သူတို့က မြေဈေးကို အရင်တုန်းကထက်စာရင် အများကြီး(ဈေး) ပိုပေးတာကို တွေ့ရတယ်။ အဲဒီတော့ ဒေသခံတွေကလည်း အခုရောင်းလိုက်ရင် ငွေရမယ်၊ တော်ကြာ သိမ်းသွားရင် ပိုဆိုးသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာကြ တယ်။ အဲဒါကြောင့် ကုမ္ပဏီကို ထပ်ရောင်းနေကြတာတွေ ရှိတယ်” လို့ သူကရှင်းပြတယ်။

ရွာတွင်းမှတွေ့မြင်ရသည့် မြေစာပုံ
ရွာတွင်းမှတွေ့မြင်ရသည့် မြေစာပုံ

ဒွန်တွဲပါလာတဲ့ ဒုက္ခ

ကျောက်မီးသွေးတွင်းနည်းတူ လျှစ်စစ်ဓာတ်အားပေးစက်ရုံကလည်း ဒေသခံတွေရဲ့ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဖျက်ဆီးနေပါတယ်။
ဒီစက်ရုံဟာ ကျောက်မီးသွေးမီးရှို့ပြီး လျှပ်စစ်ထုတ်နေတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသောအကြီးဆုံးစက်ရုံလည်း ဖြစ်ပါ တယ်။ စီမံကိန်းအရ လျှပ်စစ်ဓါတ်အား နေ့စဉ် ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ တည်ဆောက်ထားပေမယ့် တကယ်တမ်းထုတ်နိုင် တာက ထက်ဝက်ခန့်တောင် မရှိဘူးလို့ PYO ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဒီစက်ရုံလည်ပတ်ဖို့ ကာဗွန်ပါဝင်မှု ၇၀ ရာခိုင်နှုန်းရှိတဲ့ လစ်ဂနိုက် (Lignite) အမျိုးအစား ကျောက်မီးသွေးကို မီးရှို့ပြီး လျှပ်စစ်ထုတ်နေတာလို့ အစီရင်ခံစာမှာ ဖော်ပြတယ်။

ကျောက်မီးသွေးကိုမီးရှို့တာကြောင့် ထွက်လာတဲ့ ဓါတုဗေဒဘေးထွက်ဆိုးကျိုးတွေက ဒုနဲ့ဒေးလို့ PYO ရဲ့ အစီရင်ခံစာမှာ ဖော်ပြတယ်။ အဲဒီထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေက ထိပ်ဆုံးကဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီစက်ရုံရဲ့သက်ရောက်မှုကို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေက အများဆုံးခံစားကြရမှာလို့ အစီရင်ခံစာက တွက်ချက်ဖော်ပြထားတယ်။ စက်ရုံရဲ့ ငါးမိုင်ပတ်လည်အတွင်းက ကျေးရွာတွေမှာနေထိုင်တဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီဆိုးကျိုးတွေကို တိုက်ရိုက်ခံစားကြရမှာလို့ PYO ရဲ့ အစီရင်ခံစာတွေက သတိပေးပါတယ်။

စက်ရုံကထုတ်လွှတ်တဲ့ အခိုးအငွေ့နဲ့ပြာမှုန့်၊ ရေဆိုးအပါအဝင် မိုင်းတွင်းထဲကစွန့်ပစ်နေတဲ့ ညစ်ညမ်းရေတွေရဲ့ ထိခိုက်မှုက နာမည်ကျော် အင်းလေးကန်ဒေသအထိ ဘေးမကင်းဘူးလို့ အစီရင်ခံစာကဆိုပါတယ်။ တီကျစ်ဒေသ တည်ရှိတာက အင်းလေးကန်ကြီးရဲ့ ရေဝေရေလဲဒေသရပ်ဝန်းမှာပါ။ အင်းလေးကန်အတွင်းကို စီးဝင်တဲ့ ဘီလူးချောင်းဆိုတာက တီကျစ်ဒေသမှာ မြစ်ဖျားခံတာပါ။

“ကျောက်မီးသွေး-မြန်မာပြည်တွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေး အန္တရာယ်” အစီရင်ခံစာမှာတော့ တီကျစ် လျှပ်စစ်စက်ရုံက ထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကြောင့် ပန်းနာရင်ကြပ်ရောဂါနဲ့အသက်ရှူလမ်းကြောင်းရောဂါတွေ၊ ကိုယ်ဝန် ပျက်ကျတာ၊ ပေါင်ချိန်မပြည့်တဲ့ကလေးတွေ မွေးဖွားတာတွေ ဖြစ်ပေါ်ခဲ့ကြတယ်လို့ ဖော်ပြတယ်။

ဒါ့အပြင် ကျောက်မီးသွေးကို မီးရှို့တဲ့အခါ ထွက်ပေါ်လာတဲ့ ဓါတုပစ္စည်းနဲ့ အမှုန်အမွှားတွေဟာ အဆုတ်၊ သွေး၊ ဦးနှောက်၊ နှလုံးနဲ့ မျိုးဆက်ပွားမှုတွေအပေါ် အကြီးအကျယ် ထိခိုက်သက်ရောက်မှု ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ
တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ

ခွန်ဥက္ကာကတော့ စက်ရုံက ထွက်တဲ့ ဆူညံသံနဲ့ အမှုန်အမွှားတွေဒဏ်ကို စီမံကိန်းစတင်စဉ်ကတည်းက အနီးဆုံးမှာ ရှိတဲ့ သူတို့ဒေသခံတွေ အလူးအလဲခံခဲ့ရတာလို့ဆိုပါတယ်။ ပိန်းပိတ်အောင်မှောင်တဲ့ ပြာမှုန်တွေကတော့ အဆိုးဆုံးကြုံရတာပဲလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့မှာ တအားခံနေရတယ်ဗျာ။ ရှင်းရှင်းပြောရရင် ပိုက်ဆံသာရှိရင် ကျွန်တော်ဒီမှာဆက်မနေဘူးဗျာ။ ပတ်ဝန်းကျင် သာယာတဲ့နေရာတွေပဲ ကျွန်တော်ရွေးနေမှာ။ အခု ကျွန်တော်သားသမီးနှစ်ယောက်ရှိတယ်။ ညညသူတို့အိပ်နေတဲ့အခါ သူတို့ အသက်ရှူမပြည့်မှန်း(အသက်ရှူမဝမှန်း) ကျွန်တော်သိတယ်။ ဒီဟာတွေကို ရှေ့ဆက် ဘယ်လောက်အထိခံရမလဲဆိုတာကို ကျွန်တော်တွေးတယ်” လို့ အသက် ၃၀ ကျော်အရွယ် ခွန်ဥက္ကာက တံခါးတွေအလုံပိတ်ထားတဲ့ သူ့အိမ်မှာတွေ့တုန်းက ပြောပြတယ်။

သူ့အိမ်တံခါးတွေမဖွင့်ဘဲ အလုံပိတ်ထားတာက စက်ရုံကထွက်တဲ့ အခိုးအငွေ့နဲ့ပြာမှုန့်တွေမဝင်အောင် ကာကွယ်ထားတာလို့ ခွန်ဥက္ကာက ပြောပါတယ်။
ဒါအပြင် အိမ်ဘေးက ရွာလမ်းကိုလည်း စက်ရုံထွက်ကျောက်မီးသွေးပြာချေးနဲ့ ခင်းထားတော့ ယာဉ်တွေဖြတ်သန်းတိုင်း ဖုန်ထပြီး အိမ်ထဲကို အလုံးအရင်းနဲ့ဝင်တာမို့ အကာအကွယ်ဖြစ်အောင် အမြဲလိုလိုပိတ်ထားရတာလို့ သူကဆိုပါတယ်။

ဒီစီမံကိန်းတွေ သူတို့ဒေသကိုရောက်မလာခင်တုန်းက အသက်အရွယ်ကြီးရင့်သူတွေ ရွာမှာရှိပေမယ့် အခုတော့ အများစုက ဆုံးပါးသွားပြီလို့ ခွန်ဥက္ကာက ဆိုတယ်။

သက်ကြီးရွယ်အိုတွေ သေနှုန်းခုန်တက်ခဲ့တာဟာ စက်ရုံထွက် အခိုးအငွေ့တွေကို ရှူရှိုက်ရလွန်းလို့ ဖြစ်တာလို့ ရွာခံတချို့က ထင်ကြေးပေးတာရှိပေမယ့် အတိအကျတော့ သက်သေပြစရာမရှိဘူးလို့ သူတို့ကပြောတယ်။

“တကယ်တမ်းသေတာက ကျွန်တော်တို့မှာ အသက်ရှူမဝကြလို့။ ကျွန်တော်တို့ လေကောင်းလေသန့်တွေ မရကြတော့လို့ ” လို့ သူ့ထင်ကြေးကို ခွန်ဥက္ကာက အသံနှိမ့်ပြီး ပြောပြတယ်။

အသံနှိမ့်ပြီး စကားပြောနေရတဲ့ အကြောင်းအရင်းလည်း သူ့မှာရှိပါတယ်။

ယခင်အရပ်သားအစိုးရတွေခေတ်တုန်းက ဒီမိုင်းတွင်းနဲ့စက်ရုံကြောင့် ဒေသခံတွေဒုက္ခရောက်ရကြောင်းကို ခွန်ဥက္ကာက လူဦးရေ ၅၀၀ ခန့်နေတဲ့ သူ့ ရွာမှာ အကျယ်လောင်ဆုံး အော်ဟစ်ခဲ့သူတွေထဲက တစ်ဦးပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စက်ရုံက စည်းရုံးသိမ်းသွင်းထားတဲ့ ရွာလူကြီး၊ စက်ရုံနဲ့စီမံကိန်းက အရာရှိတွေနဲ့ ပလဲနံပသင့်သူ ရွာသားတချို့က စောင့်ကြည့်နေတာကိုခံနေရတာမို့ သူနဲ့သူ့မိသားစုလည်းမလုံခြုံဘူးလို့ ခွန်ဥက္ကာက ပြောပြပါတယ်။

စက်ရုံဝန်ထမ်းတချို့က သူ့အသွားအလာတွေကိုစောင့်ကြည့်သလို ရွာလူကြီးကလည်း ဒီလိုအရေးကိစ္စတွေမှာ သူမပါဝင်စေ ဖို့ သူ့မိဘတွေ၊ ဆွေမျိုးတွေကတစ်ဆင့် သတိပေးတာတွေ လုပ်တာကြောင့် ဆင်ခြင်နေရတာလို့ ပြောပြတယ်။

“ကျွန်တော်အခုတောင်မှ အိမ်ကို ဧည့်သည်ခေါ်လာရတာ ကိုယ့်ကိုယ်ကို မလုံခြုံဘူးဖြစ်နေတယ်” လို့ ခွန်ဥက္ကာက ကျွန်တော် တို့ကိုရည်ရွယ်ပြီး ပြောပါတယ်။

သူက မြေယာအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ဒေသခံတွေအပေါ် စီမံကိန်းရဲ့ ဆိုးကျိုးတွေအကြောင်းကို သင်တန်းတွေတက်ရင်း သိလာတဲ့အခါ ရွာမှာ အသိပညာဖြန့်ဝေမှုတွေ လုပ်ခဲ့သူပါ။

သက်ဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို ကျေးရွာအတွင်းအထိ ခေါ်သွင်းပြီး ဒီမိုင်းတွင်းနဲ့ စက်ရုံရဲ့ဆိုးကျိုးကို ခံစားနေရပုံတွေအကြောင်း လက်တွေ့ပြခဲ့သူတွေထဲက တစ်ဦးပါ။

အသံမထွက်ဘဲ ကြိတ်ခံနေရတဲ့ဒေသခံတွေ

ခွန်ဥက္ကာတို့လို့ဒေသခံတွေဟာ ဒီမိုင်းတွင်းနဲ့စက်ရုံကြောင့်ခံစားရတဲ့ လူမှုစီးပွားဒုက္ခပေါင်းစုံကို ပြီးခဲ့တဲ့အရပ်သားအစိုးရတွေခေတ်မှာ ချီတက်၊ ဟစ်အော် ကြွေးကြော်ကာ အရေးဆိုတာတွေ လုပ်ခဲ့တာပါ။

၂၀၁၇ ကထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ “ တီကျစ်မြေမှခေါင်းလောင်းသံ” အစီရင်ခံစာမှာ ဖော်ပြချက်အရ ဒေသခံတွေကန့်ကွက်တာကြောင့် ၂၀၁၄ ဩဂုတ်ကနေ ၂၀၁၆ စက်တင်ဘာလအထိ လျှပ်စစ်စက်ရုံပိတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တီကျစ်လျှပ်စစ်စက်ရုံဟာ နည်းပညာနိမ့်ပြီး ဒေသခံတွေအပေါ် ထိခိုက်မှုရှိတဲ့အတွက် နည်းပညာပြုပြင်လည်ပတ်ဖို့ အစိုးရကသတ်မှတ်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီနောက် မူလစက်ရုံတည်တဲ့တရုတ်ကုမ္ပဏီဟာ ဒီစီမံကိန်းကိုစွန့်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မထိခိုက်အောင် လည်ပတ်ပါ့မယ်ဆိုတဲ့ ကတိတွေပေးပြီး Wuxi Huaguang Electric Power Engineering Co., Ltd ဆိုတဲ့ နောက်ထပ် တရုတ်ကုမ္ပဏီကတစ်ခုက ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ နှောင်းပိုင်းမှာ လုပ်ပိုင်ခွင့်ရခဲ့တယ်လို့ အထက်ပါအစီရင်ခံစာမှာဖော်ပြတယ်။

သို့သော် အသစ်ရောက်လာတဲ့ကုမ္ပဏီဟာလည်း ထူးမခြားနားပါပဲလို့ တီကျစ်အရေးအကူအညီပေးသူတွေနဲ့ ခွန်ဥက္ကာတို့လို ဒေသခံတွေက ပြောပါတယ်။

တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ
တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ

ဒီစက်ရုံရဲ့မီးခိုးခေါင်းတိုင်ဟာ စံနှုန်းအရ အမြင့်ပေ ၄၀၀ ကျော် မြှင့်တင်ထုတ်လွှတ်ရမှာ ဖြစ်ပေမယ့် ပေ ၂၀၀ ကျော်သာရှိတာကြောင့် ပြာမှုန့်တွေဟာ အပေါ်ကိုမတက်ဘဲ အနီးကရွာတွေအပေါ် ဖုံးအုပ် ကျဆင်းတာတွေဖြစ်နေတာကို “ တီကျစ်မြေမှ ခေါင်းလောင်းသံ ” အစီရင်ခံစာက ထောက်ပြထားပါတယ်။

စက်ရုံအနီးက ခွန်ဥက္ကာတို့ရွာကို ကွင်းဆင်းလေ့လာရာမှာလည်း နေအိမ်ခေါင်မိုးတွေ၊ သစ်ပင်တွေပေါ်မှာ ကော်ဖီရောင်ဖုန်မှုန့်တွေဟာ အလိပ်လိုက် ကပ်နေ၊ တင်နေတာမျိုးတွေ့ခဲ့ရပါတယ်။

ဒေသခံတွေက ဒီအမှုန့်အမွှားတွေဟာ စက်ရုံကထွက်တာလို့ညွှန်းဆိုကြပေမယ့် သီးခြားအတည်ပြုတာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။

သူတို့ဒေသခံတွေအနေနဲ့တော့ ဒီစီမံကိန်းတွေရောက်မလာခင် ယခင်ကာလတွေတုန်းကလို သူတို့ဒေသ ပတ်ဝန်းကျင်အနေ အထားတွေ အကောင်းအတိုင်းပြန်ရဖို့ မမျှော်လင့်တော့ပါဘူးလို့လည်း ခွန်ဥက္ကာက ပြောပါတယ်။

ဒါပေမဲ့ တာဝန်ရှိတဲ့ သက်ဆိုင်သူတွေဟာ ဒေသခံတွေရဲ့ လူမှုဒုက္ခနဲ့ ပတ်ဝန်းကျင်ပျက်စီးလာမှုတွေကိုစာနာပြီး ကိုယ်ချင်းစာ ပေးကြပါလို့ သူက တောင်းဆိုပါတယ်။

“ကျွန်တော်တို့ အပေါ်ကို မေတ္တာ၊ စေတနာထားတဲ့လူတွေကို ကျွန်တော်တို့ မျှော်လင့်တယ်။ ကျွန်တော်တို့ကို ကူမယ့်လူ၊ ဆယ်မယ့်လူကိုပဲ ကျွန်တော်တို့မျှော်လင့်ရမှာပဲ။ မဆယ်ရင်၊ မကူကြရင် ကျွန်တော်တို့သေရမှာပဲ” လို့ ခွန်ဥက္ကာက ပြောပါတယ်။

“ဒီစက်ရုံကြီး လုံးဝမပိတ်သိမ်းနိုင်ချင်ရင်နေပါ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကိုသန့်ရှင်းပေးပါ။ အဲဒီလိုပဲ ကျွန်တော်တို့ပြောတော့မယ်ပေါ့နော်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့က လုံးဝပိတ်သိမ်းဖို့ တောင်းဆိုခဲ့တာ” လို့ သူက ဆိုတယ်။

ဇန်နဝါရီနှောင်းပိုင်းတုန်းက ခွန်ဥက္ကာတို့ရွာကို အလည်သွားတဲ့အခါ ဒီလျှပ်စစ်စက်ရုံအရှေ့ကနေ ဖြတ်သွားခဲ့ရပါတယ်။ တီကျစ်မြို့နဲ့ ခွန်ဥက္ကာတို့ရွာကြားမှာ စက်ရုံကရှိတာပါ။ စက်ရုံရှေ့ကို ကျွန်တော်တို့ဖြတ်တဲ့အခါ မှန်အလုံပိတ်ထားတဲ့ ကားထဲကို တစ်ခါမှ မရှူရှိုက်ဖူးတဲ့ အော်ဂလီဆန်စရာ အနံ့ဆိုးတစ်ခု ဆိုးဆိုးရွားရွား ဝင်လာပါတယ်။

“ဘာအနံ့ကြီးလဲ၊ ဆိုးလိုက်တာ” လို့ လိုက်ပို့တဲ့ ဒေသခံမိတ်ဆွေကို မေးတော့ သူက “ ကျောက်မီးသွေးကို မီးလောင်လို့ ထွက်လာတဲ့အနံ့ပဲ။ ဒီကလူတွေကတော့ နေ့တိုင်းရှူနေရတာပေါ့ ”လို့ ကားမောင်းနေရင်းက ရှင်းပြပါတယ်။ စက်ရုံအနီးက ရပ်ကွက်တွေက နေအိမ်တွေဟာလည်း အိမ်တံခါးတွေ အလုံပိတ်ထားကြတာကို သတိထားမိခဲ့တယ်။

ခွန်ဥက္ကာကတော့ မိုင်းတွင်းနဲ့ လျှစ်စစ်စက်ရုံကပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာအောင် ကူညီတားဆီးပေးမယ့် သူတွေ မပေါ်လာခဲ့ရင်တော့ အားနည်းပြီးအကြောက်တရားကြီးတဲ့ သူတို့ဒေသခံတွေအဖို့ ”ခံကြရဦးမှာပဲ၊ သေလည်းသေကြရဦးမှာပဲ” လို့ လေသံတိုးတိုးနဲ့ ဆိုပါတယ်။
#Feature

အမျိုးအစား - သတင်းဆောင်းပါးအမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."