ဒုက္ခတွင်းနက်ထဲကို စိုက်ဆင်းနေကြတဲ့ မြန်မာလယ်သမားများ

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ (မော်ကွန်း)

ဒီမိုးတွင်း ဦးဖိုးဆယ် သူ့လယ်နှစ်ဧကကိုပြန်စိုက်ရတာ သုံးခါရှိပါပြီ။ အခြောက်စိုက်လို့ခေါ်တဲ့ မိုးမကျခင် ထွန်ယက်ကြဲပက်စိုက်တုန်းကတစ်ခါ၊ မိုးရွာပြီးနောက် ထွန်ယက်စိုက်တုန်းကတစ်ခါစိုက်ခဲ့ပေမယ့် ဒီအခင်းတွေက မျိုးမအောင်ခဲ့ဘူး။ ဒီတော့ ဩဂုတ်လိုမိုးလယ်ပိုင်းမှာ တခြားအခင်းကပျိုးနုတ်ပြီး ထပ်စိုက်ရတာပေါ့။

“ဒီတစ်ကြိမ်ပျက်ရင်တော့သွားပြီ၊ ထပ်စိုက်ချင်ရင်တောင်မမီတော့ဘူး” လို့ လယ်ကန်သင်းရိုးတွေပေါ်လျှောက်ရင်း အသက် ၆၄ နှစ်အရွယ် ဦးဖိုးဆယ်က ပြောပြတယ်။

ဦးဖိုးဆယ်က ရန်ကုန်တစ်ဖက်ကမ်း၊ ဒလမြို့နယ်၊ ခနောင်ကျေးရွာမှာနေထိုင်တဲ့ လယ်သမားပါ။ ဒီနှစ်သူစိုက်တဲ့ လယ် ၁၅ ဧက အနက် ဒီနှစ်ဧကကပျက်စီးခဲ့တာပါ။

“ကိုယ့်လယ်မှာ အပေါက်ကြီး(ကွက်လပ်)ဖြစ်နေတာမျိုးမလိုချင်လို့သာ ထပ်စိုက်နေရတာ။ ထွက်လာမယ့်စပါးနဲ့တွက်ရင် ဒီနှစ်ဧကကတော့ငါရှုံးပြီ” လို့ သူကညည်းတွားတယ်။ စက်ကိရိယာ၊ မျိုးစေ့၊ လုပ်သားနဲ့ သွင်းအားစုဖိုးပါထည့်တွက်ရင် တစ်ဧကစိုက်စရိတ်အရင်းက စပါးပေါ်ချိန်အထိဆိုရင် ကျပ်ငါးသိန်းဝန်းကျင်မှာရှိတော့ ဒီဒဏ်တွေကို ဦးဖိုးဆယ်ခံရတာပေါ့။

မတည်ငြိမ်တဲ့နိုင်ငံရေး၊ အာမခံချက်မရှိတဲ့ဈေးကွက်နဲ့ ကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းတွေက အရင်းအနှီးချိနဲ့ကြတဲ့ မြန်မာ လယ်သမားတွေကို ဗူးလေးရာဖရုံဆင့်အဖြစ်နဲ့ ကြုံစေပါတယ်။ ဒီနှစ်ဆိုရင်  မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး၊ လုပ်သားခ ကအစ စံချိန်တင်ဈေးတက်နေတော့ ခပ်မှိန်မှိန်မျှော်လင့်ချက်နဲ့ပဲ လုပ်ငန်းခွင်ကိုဝင်နေကြတာပါ။ လယ်လုပ်ငန်းရှိမှ ရပ်ရွာမှာ ဝင်ဆံ့၊ အချေးအငှားလွယ်ကူပြီး ဝမ်းရေးဖြေရှင်းနိုင်တာမို့ ဆက်လက်လုပ်ကိုင်နေကြပေမယ့် လယ်ယာလုပ်ငန်းကို စိတ်ကုန်လာနေပြီလို့ လယ်သမားတချို့ကဆိုကြပါတယ်။

“အခုက မလွှဲသာလို့သာလုပ်စားနေရတာ၊ ဒီလယ်ကိုမလုပ်ချင်တော့ဘူး” လို့ ဦးဖိုးဆယ်ကညည်းရင်း “လင်မယားနှစ်ယောက် စပါး ၅၀(တင်း) ပိုလာရင်လည်း တစ်နှစ်စားလို့တော့ရတယ်ဟဆိုပြီး ဒီလယ်ကိုဆက်လုပ်နေတာ” လို့ ဆိုပါတယ်။

(ပုံစာ- ထွန်ယက်ပြီးသားလယ်တွင် မျိုးစပါး ကျဲပက်စိုက်ပျိုးနေသည့် လယ်ယာလုပ်သားတစ်ဦး။  Photo – Mawkun)

စစ်တပ်အာဏာသိမ်းထားလို့ ဝရုန်းသုန်းကားအခြေအနေနဲ့ကြုံနေရတဲ့နိုင်ငံမှာ ငွေတန်ဖိုးကလည်း အာဏာမသိမ်းခင်ကထက် သုံးဆလောက်ထိုးစိုက်ကျဆင်းသွားခဲ့တာပါ။ ပြီးခဲ့တဲ့သုံးနှစ်ဝန်းကျင် အာဏာမသိမ်းခင်က ၁,၃၀၀ ကျပ်ဝန်းကျင်သာရှိတဲ့ အမေရိကန်ဒေါ်လာဈေးက အခုဆို ၃,၅၀၀ ပတ်ချာလည်မှာ ဝဲနေတာပါ။

ဒီတော့ ပြည်ပကတင်သွင်းရတဲ့ စိုက်ပျိုးရေးသွင်းအားစုဈေးတွေဟာလည်း သုံးဆမကခုန်တက်ကုန်တော့ ဦးဖိုးဆယ်တို့လို လယ်သမားတွေအတွက် စိုက်ဖို့၊ ပျိုးဖို့ ဖိအားတွေတိုးလာတာပေါ့။

အာဏာမသိမ်းခင်က တစ်အိတ်ကျပ်သုံးသောင်းဝန်းကျင်ရှိတဲ့ ဓါတ်မြေဩဇာဈေးက အခုဆိုရင် ကျပ်တစ်သိန်းကျော်အထိ ဖြစ်နေတော့ မြေဩဇာကျွေးနှုန်းကို လျှော့ချလိုက်ရတာကြောင့် အထွက်နှုန်းလည်းကျနိုင်တယ်လို့ သူတို့ကခန့်မှန်းကြတယ်။

မြန်မာလယ်ယာကဏ္ဍကို ဆယ်စုနှစ်နှစ်ခုလောက် လေ့လာခဲ့တဲ့ သုတေသနပညာရှင် ဦးဝင်းမျိုးသူကတော့ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း တရှိန်ထိုးတက်လာတဲ့ သွင်းအားစုဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းဒဏ်ကို တောင်သူလယ်သမားတွေ မခံနိုင်ကြ ဘူးလို့ ဆိုတယ်။

“အရင်တုန်းက တစ်ဧက (စပါး)တင်းလေးဆယ်လောက်ထွက်တယ်ဆိုရင် အခု တစ်ဧကတင်းနှစ်ဆယ်၊ တင်းသုံးဆယ် လောက် ထွက်ရင်ကံကောင်း။ တောင်သူဘက်ကလည်း ရရင်ရသလောက်ပေါ့။ စားစရာလေးရရင် တော်သေးတယ်ဆိုတဲ့ဟာပေါ့။ အဲဒီလောက်ကို ဖြစ်သွားတယ်” လို့ ဦးဝင်းမျိုးသူက ပြောတယ်။

အရင်းအနှီးချို့တဲ့လွန်းတဲ့ မြန်မာလယ်သမားတွေကို စစ်ကောင်စီလက်ထက်မှာ ငွေကြေးဖောင်းပွမှုက အခြေအနေပိုဆိုး အောင် ထိုးနှက်နေတာလို့လည်း သူကဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ဒီစက်တင်ဘာမှာတင် မြန်မာငွေဖောင်းပွမှုက ၁၄ ရာခိုင်နှုန်းရှိမယ်လို့ ပြီးခဲ့တဲ့ဇူလိုင်တုန်းက ထုတ်တဲ့ စစ်တမ်းမှာ သတိပေးထားပေမယ့် တချို့ခန့်မှန်းသူတွေကတော့ ဒီထက်တောင်ပိုဦးမယ်လို့ ဆိုကြပါတယ်။ ဒီနှုန်းဟာ ၂၀၂၀ တုန်းက ငွေကြေးဖောင်းပွနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်းထက်စာရင် နှစ်ဆကျော်မြင့်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လအစပိုင်းမှာ စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ဖြေရှင်းလိုက်တဲ့အခါ နေ့စဉ် မဖြစ်မနေဝယ်သုံးရတဲ့ ကုန်စည်ဈေးတွေဟာ မိုးထိုးတက်သွားတာပေါ့။

ဒီလိုငွေရိုက်ထုတ်ပြီးဖြေရှင်းတာဟာ ယိုယွင်းနေတဲ့နိုင်ငံစီးပွားရေးကို အဆင်းဘီးတပ်ပေးတဲ့လုပ်ရပ်လို့  စီးပွားရေးပညာရှင် တွေနဲ့ ငွေကြေးဈေးကွက်လေ့လာသူတွေကဝေဖန်ကြပြီး အကျိုးဆက်ကို အောက်ခြေလူထုကခံစားရမယ်လို့ ဆိုကြပါတယ်။

စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံ၊ လယ်ယာကဏ္ဍကိုပံ့ပိုးမှာလို့ တက်လာတဲ့အစိုးရတိုင်းက ကြွေးကြော်ကြပေမယ့် ကျေးလက်က အောက်ခြေလယ်သမားအများစုကတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့ သူတို့လယ်ယာတွေကို ထွန်ယက်ဖော်ဆောင်ခဲ့ကြရတာက ဟိုးယခင်ကတည်းကပါ။

နိုင်ငံမှာရှိတဲ့ အလုပ်အကိုင်အားလုံးရဲ့ ၅၆ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးကဏ္ဍကို မှီခိုနေတာလို့ ၂၀၁၈ က ထုတ်ပြန်ထားတဲ့ မြန်မာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ပြည်ပပို့ကုန်စုစုပေါင်းရဲ့ လေးပုံ တစ်ပုံဟာ စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်ပြီး ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု(GDP)ရဲ့ ၃၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေး ကဏ္ဍဖြစ်တယ်လို့ အဲဒီ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရတွေခေတ်တုန်းကတော့ လယ်သမားတွေ အသက်ရှုချောင်တဲ့အဆင့်မျိုးရှိခဲ့ပေမယ့် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း နိုင်ငံစီးပွားရေးဟာ သွက်ချာပါဒလိုက် ထိုးစိုက်ကျသွားပါတယ်။ ဒီတော့ နိုင်ငံရဲ့ထုတ်လုပ်မှုကဏ္ဍမှာအရေးပါတဲ့ လယ်သမားတွေလည်း ဒီဒဏ်ကိုခံကြရတော့တာပဲလို့  အကဲခတ်တချို့က သုံးသပ်ကြ ပါတယ်။

လယ်သမားတွေ ကျပ်တည်းလာတာဟာ နိုင်ငံအနှံ့က လူတစ်ဦးချင်းစီအပေါ်ကို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ကျရောက်လာမှာဖြစ်ပြီး မဖြေရှင်းနိုင်ရင် နောက်ပိုင်းမှာ အငတ်ဘေးဆိုက်တဲ့အခြေအနေအထိဖြစ်နိုင်တယ်လို့ အကဲခတ် တစ်ဦးဖြစ်သူ ဦးဝင်းမျိုးသူက သတိပေးပါတယ်။

“အရင်တုန်းကတော့ စပါးပေါတယ်ပေါ့ဗျာ။ ပိုက်ဆံမရှိလို့သာ မစားနိုင်တာနေမယ်၊ ဆန်စပါးကတော့ ပေါတယ်ပေါ့ဗျာ။ အခုက ဆန်စပါးထုတ်လုပ်မှုကိုက ကျသွားတယ်၊ ဆန်ရှားသွားတယ်၊ လိုအပ်ချက်ရှိသွားတယ်။ ဒီကြားထဲမှာလည်း ဆန်ဝယ်ဖို့အတွက် ဆန်တွေဈေးကြီးသွားတော့ ငွေလိုအပ်ချက်ကလည်းပိုများလာတယ်” လို့ သူကပြောပြီး အခုလိုလည်းဆိုပါတယ်။

“ဆင်းရဲမွဲတေမှုဟာ ပိုပြင်းလာတဲ့အတွက် အထူးသဖြင့် မြို့မှာနေတဲ့သူတွေ၊ ကျေးလက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် တခြားသူတွေလို ပြင်ပထွက်ပြီး အလုပ်လုပ်နိုင်ခြင်းမရှိတဲ့သူတွေ၊ ဒီလိုလူတွေဟာ စားနပ်ရိက္ခာဒုက္ခကို ကျိန်းသေပေါက် ကြုံရမလို ဖြစ်ကုန်တာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ဆိုးဆိုးရွားရွားကို ရွာတွေမှာလည်း ငတ်ပြတ်မှုတွေ၊ မြို့ပြတွေမှာလည်း ငတ်ပြတ်မှုတွေ ဖြစ်လာနိုင်တယ်လို့တော့ သုံးသပ်ပါတယ်။”

မပိုလျှံတော့တဲ့ ထုတ်လုပ်မှု

မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ၂၀၁၆ တုန်းကဆိုရင် မက်ထရစ်တန်ချိန် ၂၈ ဒသမ ၂ သန်း ထွက်ခဲ့ပြီး ဒီအထွက်နှုန်းက နိုင်ငံလူဦးရေအချိုးအရ ဆန်ဖူလုံမှု ၁၆၈ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအစီရင်ခံစာမှာ ဆိုတယ်။ ဒါပေမဲ့ ၂၀၂၁ မှာ ဆန်မက်ထရစ်တန်ချိန် ၁၀ သန်းဝန်းကျင်ပဲ ထုတ်နိုင်တော့တယ်ဆိုတော့ ထုတ်လုပ်မှုက ထက်ဝက်မကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

လူဦးရေအရ တစ်နှစ်ကို ဆန်မက်ထရစ်တန်ချိန် ၁၀ သန်းလောက်လိုတဲ့နိုင်ငံမှာ ထုတ်လုပ်မှုကလည်း ၁၀ သန်းလောက်ပဲ ရှိတော့တာကြောင့် “ဘဲစားဘဲချေ” ဖြစ်နေပြီလို့ ဦးဝင်းမျိုးသူက ထောက်ပြတယ်။ ဒီအချက်အလက်တွေကို အရပ်သားအစိုးရတွေခေတ်တုန်းကထုတ်ပြန်တဲ့ လယ်ယာသန်းခေါင်စာရင်းအချက်အလက်တွေကိုကိုးကားပြီး မော်ကွန်းကို သူကပြောတာပါ။

(ပုံစာ- ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဆန်အိတ်ထမ်းနေသော လုပ်သားများ။  Photo – Mawkun)

စစ်တပ်အာဏာသိမ်းထားတဲ့ ဒီဘက်နှစ်တွေမှာ ပဋိပက္ခတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသွားတဲ့အတွက် ဆန်ဟာ လိုအပ်ချက်ဖြစ်နေပြီလို့ ဦးဝင်းမျိုးသူကခန့်မှန်းတယ်။ စိုက်ပျိုးမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုလွင်ပြင်နဲ့ ပဲခူးတိုင်း အရှေ့ခြမ်းဒေသတွေအထိ စစ်မီးကူးလာတာတွေကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်သွားတာလို့လည်း သူကဆိုတယ်။

အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးပဋိပက္ခတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ၊ လောင်စာဆီဈေးကြီးမြင့်မှုတွေကြုံနေရတဲ့ နိုင်ငံမှာ လယ်ယာကဏ္ဍကို ဖေးမကူညီမှုမလုပ်နိုင်ရင် ဆိုးကျိုးတွေသာစောင့်ကြိုနေမယ်လို့ သူကထောက်ပြတယ်။

လယ်သမားဦးဖိုးဆယ်ကတော့ အာဏာပိုင်ဆိုသူတွေထံကအကူအညီကို အာဏာသိမ်းပြီးကတည်းက မရဖူးသေးဘူးလို့ ဆိုပါတယ်။ သူ့လယ် ၁၅ ဧက စိုက်ဖို့အတွက် အရပ်ထဲကငွေရှင်နဲ့ ချိတ်ဆက်ချေးငှားပြီး စိုက်ပျိုးနေရတာလို့ ဆိုပါတယ်။

“မပြေလည်လိုက်၊ သူများဆီက ယူလိုက်ပေါ့လေ။ နွေကျတော့ တစ်ခါရှင်းလိုက်ပေါ့လေ။ မပြေလည်တော့ ထပ်ယူလိုက်နဲ့၊ နောက်တော့ များလာတော့ လယ်ကိုရောင်းပေးပေါ့။ အကြွေးကလည်း တက်နေတာပါပဲ” လို့ လယ်သမားတွေရဲ့ အကြွေးသံသရာကို သူကရှင်းပြတယ်။

ဦးဖိုးဆယ် ဒီနှစ်စိုက်တဲ့ လယ် ၁၅ ဧကထဲမှာ သူပိုင်တဲ့လယ် မရှိတော့ပါဘူး။ အားလုံးကို သီးစားခပေးပြီး စိုက်ပျိုးနေတာပါ။ တစ်ချိန်တုန်းက ဒီအထဲကလယ်တချို့ဟာ သူပိုင်တဲ့လယ်တွေပါ။ ဒါပေမဲ့ လယ်စိုက်ရင်းတက်လာတဲ့ အကြွေးတွေကိုဆပ်ဖို့ ရှိတဲ့လယ်ကိုထုံ့ပိုင်းထုံ့ပိုင်းရောင်းချဖြေရှင်းရင်း  ၂၀၁၅ မှာတော့ သူပိုင်ဆိုင်တဲ့လယ် တစ်ကွက်မှမကျန်တော့ပါဘူး။

ဒလမြို့နယ်အတွင်းက ဧကထောင်ချီတဲ့လယ်တွေကိုစိုက်ပျိုးနေတဲ့ လယ်သမားတွေထဲက အများစုဟာ သီးစားသမားတွေ ချည်းပဲလို့ လယ်သမားတွေကဆိုကြတယ်။ တစ်ချိန်တုန်းကတော့ ဒီလယ်တွေကို သူတို့ပိုင်ခဲ့ဖူးကြတာပေါ့။

ဒီအထဲက တစ်ဦးကတော့ ဦးဖိုးဆယ်တို့ရွာရဲ့ အနောက်တောင်ဘက်၊ ပျော်ဘွယ်ကြီးဆိုတဲ့ရွာက  လယ် ၁၄ ဧကကို သီးစား လုပ်နေတဲ့ အသက် ၆၀ အရွယ် ဦးရဲညွန့်ပါ။ သူလည်း မိရိုးဖလာလယ်သမားဖြစ်ခဲ့ပေမယ့် စားဝတ်နေရေးအတွက် ရှိသမျှ လယ်ကို ရောင်းချခဲ့ရပြီးပါပြီ။

ဦးရဲညွန့်တို့လယ်မြေတွေက တစ်နှစ်မှာတစ်သီးသာစိုက်လို့ရတဲ့ မိုးကောင်းသောက်လယ်မြေတွေပါ။ ဒါပေမဲ့ ဒီနှစ်မှာ မဖြစ်မနေ သီးထပ်စိုက်ပေးရမယ်လို့ စစ်ကောင်စီကဖိအားပေးနေတဲ့အတွက် ရေမရှိတဲ့ကုန်းခေါင်ခေါင်မှာ နွေစပါး(သီးထပ်)ကို ဦးရဲညွန့်တစ်ယောက် ဘယ်လိုစိုက်ပျိုးရမှန်းမသိ အခက်တွေ့နေတာပါ။ ပြီးတော့ မိုးရှုံး၊ နွေရှုံးဆိုရင် သူ့ဘဝလည်း ဗုန်းဗုန်းလဲသွားမှာကို စိုးရိမ်နေရပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners – AAPP) ရဲ့စာရင်းတွေအရ ဒီစက်တင်ဘာလလယ်အထိ လူ ၄,၀၀၀ ကျော်ကိုသတ်၊ ၂၅,၀၀၀ လောက်ကို ဖမ်းဆီး ထောင်ချထားတဲ့ စစ်ကောင်စီရဲ့ဘေးကိုကြောက်တာမို့ သီးထပ်စိုက်ပေးပါ့မယ်လို့ ကတိပေးလိုက်ရကြောင်း ဦးရဲညွန့်က ရှင်းပြတယ်။

“မစိုက်ပေးလို့မရဘူး၊ အရေးယူခံရမယ်ဘာညာ ရွာမှာလာပြောကြတာပေါ့။ အဆင်ပြေအောင်လို့ ကြည့်ပြောရတာပေါ့။ စပါးတော့ မစိုက်ဘူး၊ ရေမှမရှိတာလေ။ အခြားသီးပင်စားပင်တွေစိုက်မယ်လို့ပြောပြီး လက်မှတ်ထိုးပေးလိုက်ရတယ်” လို့ သူက ပြောပြတယ်။

ဦးရဲညွန့်တို့ရွာသားတွေကိုပဲ သီးထပ်စိုက်ခိုင်းတာမဟုတ်ဘဲ ဒလမြို့နယ်အပါအဝင် ရန်ကုန်တိုင်းက လယ်ယာမြေတွေအားလုံးမှာ သီးထပ်စိုက်ပေးကြဖို့ စစ်ကောင်စီကဖိအားပေးတာလို့ လယ်သမားတွေကဆိုပါတယ်။

ဒီနှစ်ဆိုရင် ဦးရဲညွန့်ဟာလည်း ဦးဖိုးဆယ်လိုပဲ သူ့လယ်ခြောက်ဧကလောက်က အပင်မပေါက်တဲ့အတွက် ဒီမိုးလယ်မှာပျိုးဝယ်ပြီးတော့ ပြန်စိုက်ခဲ့ရတာပါ။ သူ့လယ်တွေစိုက်ပြီးတဲ့နောက်ရက်တွေမှာပဲ နေ့ညမပြတ် မိုးတွေရွာ၊ ရေတွေလွှမ်းကုန်တာကြောင့် စပါးပင်တွေသေကုန်တဲ့အတွက် နှစ်ခါပြန်ပျိုးဝယ်ပြီး ထပ်စိုက်ထားခဲ့ရသူပါ။

“လယ်အကြောင်းတော့ မပြောချင်ဘူး။ အပင်လေးတွေကောင်းမလား မှတ်တယ်၊ ရာသီဥတုက ဖျက်ချင်ဖျက်တာ။ ရာသီဥတု ကောင်းလို့ အသီးအနှံလေးရလာတော့လည်း ဈေးကမရပြန်ဘူး။ ဒီလိုနဲ့ လည်နေတာပါပဲ” လို့ ဦးရဲညွန့်က ညည်းတွားတယ်။

(ပုံစာ- ပျိုးနုတ်နေကြသည့် လယ်စိုက်သူတချို့။  Photo – Mawkun)

သဘာဝဘေးအန္တရာယ်ခံရနိုင်ခြေ အမြင့်ဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တဲ့မြန်မာမှာ ဒီနှစ်ဆိုရင် မုန်တိုင်းနဲ့မိုးရွာသွန်းမှု မြင့်မားတာကြောင့် လယ်နဲ့ယာသီးနှံတချို့ပျက်စီးခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ဇူလိုင်နဲ့ ဩဂုတ်လတွေထဲမှာဆိုရင် မိုးရွာသွန်းမှုများ တာကြောင့် နိုင်ငံတောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ကရခိုင်ပြည်နယ်မှာ ရေလွှမ်းတာတွေဖြစ်ပြီး လယ်ဧကသောင်းနဲ့ချီ ရေလွှမ်းနစ်မြုပ်ခဲ့တယ်လို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေရဲ့ စာရင်းတွေမှာဖော်ပြပါတယ်။ ဒါ့အပြင် မေလတုန်းက ဝင်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကလယ်မြေတွေကို ဆားငန်ရေဝင်ရောက်ခဲ့တာကြောင့် ဒီနှစ်အထွက်နှုန်းလျော့မယ်လို့လည်း အကဲခတ်တွေကခန့်မှန်းထားကြတာပါ။

မြန်မာလယ်သမားတွေဟာ ၂၀၂၁ အာဏာသိမ်းပြီး နှစ်နှစ်ကျော်၊ သုံးနှစ်အတွင်းမှာ ရာသီဥတုဒဏ်ကိုမခံခဲ့ရပေမယ့် ဒီနှစ်မှာတော့ “ရာသီဥတုကနေ ရိုက်မယ့်တုတ်ကလည်း ပြန်ပြီးနီးလာပြီ”လို့ ဦးဝင်းမျိုးသူကတော့ သတိပေးတယ်။

ရာသီဥတုတုတ်ဆိုတာကတော့ ပြင်းထန်တဲ့အပူချိန်မြင့်တက်မှုဖြစ်စဉ်(အယ်လ်နီညိုရာသီ)ကို ညွှန်းဆိုတာပဲဖြစ်ပါတယ်။ ဒီရာသီဥတုဟာ အာရှတောင်ပိုင်းနိုင်ငံတွေကို ဒီနှစ်ကုန်ပိုင်းမှာရိုက်ခတ်မှာဖြစ်ပြီး သီးနှံအထွက်နှုန်းကျဆင်းတာ၊ အပူချိန်မြင့်တက်ပြီး ရေရှားပါးတာတွေနဲ့ကြုံရမယ်လို့ သိပ္ပံပညာရှင်တွေခန့်မှန်းထားကြပါတယ်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ မြန်မာနိုင်ငံကို  ဒီဇင်ဘာလောက်မှာ စတင်သက်ရောက်မှာဖြစ်ပြီး မြေကြီးအစိုဓာတ် ခမ်းခြောက်မှုပြဿနာကို စိုက်ပျိုးရေးသမားတွေကြုံရမှာလို့ ဦးဝင်းမျိုးသူကဆိုပါတယ်။ ဒါအပြင် နောက်ရာသီတွေမှာလည်း အယ်လ်နီညိုဖြစ်စဉ်နဲ့ မြန်မာလယ်သမားတွေ နပန်းလုံးရဖို့ ရှိနေတယ်လို့ သူကပြောပါတယ်။

“နောက်နှစ်ဆိုရင် ဒီထက်ပိုဆိုးပြီး ရေလိုအပ်ချက်က ဒီထက်ပိုများမယ်၊ နွေစပါးတွေဆိုရင် ရေလိုအပ်ချက် သိပ်များလာမယ်။ တစ်ဖက်မှာ အခုဆိုရင် ဆည်မြောင်းချောင်းကန်တွေကနေရေပေးနိုင်မှုက တအားနည်းသွားပြီလို့ထင်တယ်။ စီမံခန့်ခွဲမှုတွေက ပုံမှန်သွားနေတာမျိုး မဟုတ်တော့လေ။ ပိုပြီးတော့ ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို ၂၀၂၄ ထဲမှာ ပိုခံရမယ်” လို့ သူကဆိုပါတယ်။

စီးပွားရေးဟာလည်း ဒီနှစ်ထက်ပိုပြီးကြပ်လာဖို့ရှိတယ်လို့ ဦးဝင်းမျိုးသူက သုံးသပ်တယ်။

ဒီနှစ်ဆိုရင် သီးနှံဈေးနှုန်းတွေတက်လာပေမယ့် အခြားစက်သုံးဆီ၊ သွင်းအားစုဈေးနဲ့ ကုန်ဈေးနှုန်းတွေတက်တာက ပိုကြမ်း တာကြောင့် ဒီဒဏ်ကို တောင်သူလယ်သမားတွေ ခံကြရတယ်လို့ သူကပြောပါတယ်။

သုတေသနလုပ်ထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးကတည်းက စက်သုံးဆီဈေးနှုန်းက ၁၆၈ ရာခိုင်နှုန်း လောက်အထိတက်သွားပြီလို့ သူကဆိုတယ်။ ဒါပေမဲ့ တစ်ဖက်မှာ စပါးဈေးက ၂၅ နဲ့ ၃၅ ရာခိုင်နှုန်းကြားပဲ မြင့်တက်မှု ရှိတာကြောင့် ကုန်ဈေးနှုန်းတက်နှုန်းကို လယ်သမားဝင်ငွေတိုးနှုန်းကမမီတာကြောင့် စိုက်ပျိုးထုတ်လုပ်မှုကို သွားထိခိုက် တာလို့ ဦးဝင်းမျိုးသူက ဆိုတယ်။

ခရုနဲ့လည်း စစ်ခင်းကြရ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ မှော်ဘီရွာမှာနေထိုင်တဲ့ ဦးကျော်လွင်ဆိုရင်လည်း ငွေကုန်ခံထွန်ယက်ပြီးလို့ လယ်ကို ပျိုးကျဲချိန်ရောက်မှ သူထိတ်လန့်တဲ့သတ္တဝါတွေ လယ်ထဲမှာသွားလာနေတာကိုမြင်ခဲ့ပြီးနောက် ဒီနှစ်ပျိုးကြဲရာသီမှာ ကြန့်ကြာခဲ့ရသေးတယ်လို့ ဆိုတယ်။

“ဒီကောင်တွေရှိနေတော့ မကြဲရဲဘူးကွာ၊ ကြဲလိုက်တာနဲ့ တစ်ညတည်းနဲ့ကုန်အောင်ကိုက်ပစ်တာ” လို့ အသက် ၄၀ အရွယ် ဦးကျော်လွင်က ထွန်ယက်ပြီးသား သူ့လယ်ငါးဧကကျော်ကိုကြည့်ရင်း လယ်သမားတွေကြား နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရွှေခရုတွေကိုရည်ညွှန်းပြီး အခုလိုညည်းညူတယ်။

“နွားစားရင်တောင် အငုတ်ကျန်တယ်၊ အဲဒီအငုတ်ကနေ အပင်ပြန်ပေါက်သေးတယ်။ ဒီခရုကိုက်ရင် အငုတ်တောင်မကျန်ဘူး ”

ခရုသတ်ဆေးအပါအဝင် ကြားဖူးနားဝရှိသမျှ နည်းလမ်းတွေနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်ဝက်လောက်ကတည်းက ဦးကျော်လွင် တို့ရွာက လယ်သမားတွေ ခရုနှိမ်နင်းခဲ့ပေမယ့် အမြစ်ပြတ်အောင် ဘယ်လိုလုပ်ရမှန်း အခုထိမသိကြသေးသလို အာဏာပိုင် ဘက်ကလည်း လာရောက်ကူညီတာမျိုး မကြုံဖူးသေးဘူးလို့ ရွာသားတွေကဆိုတယ်။

“အခုက စစ်တိုက်နေရသလိုပါပဲ၊ သူတို့ကိုနိုင်မှ ကိုယ်တွေဘဝ အနေအထားကလှတာ” လို့ ခရုနဲ့စစ်ခင်းနေရတဲ့ အခြေအနေကို ဦးကျော်လွင်က ပြောပြတယ်။

မျိုးစပါးအပင်ပေါက်တွေကို ခရုကိုက်တဲ့ဒဏ်ကကာကွယ်ဖို့ လယ်ထဲမှာပျိုးမကြဲခင် အရင်ဆုံး ရေတွေကိုစက်နဲ့စုပ်ထုတ် ပစ်ကြရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက စိုက်စရိတ်ကြီးမြင့်သွားစေပြီး လယ်သမားတွေကို အရင်းအနှီးဝန်ပိစေပါတယ်။

“အခုဆိုရင် စိုက်စရိတ်ကလည်း မြင့်သထက်မြင့်လာတယ်။ လယ်တွေရဲ့အထွက်နှုန်းကလည်း ကျလာတယ်။ စိုက်ပျိုးပြီးလို့ ပိုးမွှားကျတာ၊ ရာသီဥတုဖျက်တာပါ ကြုံရရင်တော့ ငါတို့ဘဝကသွားရော” လို့ ဦးကျော်လွင်က ညည်းညူတယ်။

ရွေးချယ်စရာ ရှားပါး

စိုက်စရိတ်ကြီးမြင့်ပေမယ့် ဒေသတွင်းမှာ ဒီစိုက်ပျိုးရေးလုပ်ငန်းပဲရှိတာမို့ ဦးကျော်လွင်တို့လို လယ်သမားတွေမှာ ရွေးချယ်စရာကမရှိပါဘူး။ ဒီကြားထဲ အရင်းအနှီးကို အကြွေးယူစိုက်ကြရသလို စပါးပေါ်ချိန်မှာ ဈေးကွက်ပျက်တာနဲ့ကြုံရရင် အကြွေးဝန်ပါထပ်ပိကြရတာမို့ လယ်ယာလုပ်ငန်းခွင်ဟာ မိသားစုဘဝတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာတာမျိုး ကြုံနေရတယ်လို့ လယ်သမားတချို့က ဆိုကြတယ်။

(ပုံစာ- ပျက်စီးသွားတဲ့ လယ်ကို ပြန်လည် စိုက်ပျိုးနေကြတဲ့ လယ်လုပ်သားတချို့။ Photo – Mawkun)

“လယ်လုပ်ငန်းက အဘတို့ ဟိုးအရင်တုန်းကလို အခြေအနေမဟန်တော့ပါဘူး။ လယ်နဲ့အတူကြီးလာကြတာဆိုတော့ ဒီလယ်ကိုပဲ အလုပ်ဖြစ်အောင် လုပ်ကြရတာပေါ့။ လယ်သမားတိုင်းလိုလို ဒီအတိုင်းချည်းပါပဲ” လို့ ဦးကျော်လွင်တို့ရွာရဲ့ အနောက်ဘက်ခြမ်းက ခရိုင်ပေါ်ဆိုတဲ့ ရွာမှာ နေထိုင်တဲ့ အသက် ၈၀ အရွယ် လယ်သမားဦးဖိုးသေးက ပြောပြတယ်။

“ လယ်တွေက မြေဆီမကျွေးရင် လုံးလုံးကိုမထွက်တော့တဲ့ အနေအထားပေါ့။ အခု မြေဆီဈေးကလည်း ခေါင်ခိုက်နေပြီလေ။ အဲဒီတော့ လုံလောက်အောင်မဝယ်နိုင်ဘူး။ ဒီတော့ ထွက်သမျှပဲယူမယ်ဆိုပြီး စိုက်ထားရတာ။ ကျန်တာကတော့ ကံပေါ့ကွာ” လို့ သူကဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ပြင်ပပေါက်ဈေး ကျပ်တစ်သိန်းဝန်းကျင်ရှိတဲ့ ဓါတ်မြေဩဇာတစ်အိတ်ကို ကျပ်ခြောက်သောင်း ဝန်းကျင်နဲ့ရောင်းချပေးပြီး လယ်ယာကဏ္ဍတိုးတက်ဖို့ပံ့ပိုးနေတယ်လို့ သူတို့အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ လယ်သမားအရေးလေ့လာသူတချို့ကတော့ ဒီလိုဖြန့်ချိပေးတာက အကန့်အသတ်နဲ့သာဖြစ်ပြီး လိုအပ်နေတဲ့ပမာဏနဲ့ ဈေးချရောင်းပေးနိုင်တဲ့ပမာဏက အကွာအဟကြီးမားတယ်လို့ ပြောကြပါတယ်။

ဦးကျော်လွင်ကတော့ စစ်ကောင်စီရောင်းချပေးတဲ့ မြေဩဇာခွဲတမ်းအစီအစဉ်ကို ကြားဖူးပေမယ့် သူတို့လက်လှမ်း မမီဘူးလို့ ဆိုတယ်။ ဒီအစီအစဉ်ကို စစ်ကောင်စီရဲ့ အောက်ခြေအာဏာပိုင်တွေနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေသာ လက်ဝါးကြီးအုပ်ထားတာမျိုးဖြစ်ပြီး အဲဒီမြေဆီကိုသွားဝယ်မယ်ဆိုရင် ပြန်လည်တုပ်နှောင်ထားတဲ့ အစီအစဉ်တွေပါတယ်လို့ ဆိုတယ်။

“သူတို့မြေဆီကိုဝယ်ရင် စပါးပေါ်လာရင် သူတို့ဆီပဲရောင်းရမယ်လို့ အဲဒီကုန်သည်တွေက ပြန်ချုပ်ထားတယ်လေ။ ပြီးတော့ ခြောက်သောင်းနဲ့ရောင်းပေးတယ်သာပြောတာ၊ တစ်ကယ်က ခုနှစ်သောင်းခွဲလောက်ကျတယ်။ အဲဒီတော့သိပ်မထူးတော့ဘူး။ အပြင်ကပဲ ပေါက်ဈေးနဲ့ဝယ်ပြီး ကျွေးတော့မယ်။ အာရုံ မစားတော့ဘူးပေါ့ကွာ” လို့ ဦးကျော်လွင်က ရှင်းပြတယ်။

ဦးဖိုးသေးကတော့ မြေဆီရောင်းချပေးတဲ့အစီအစဉ်ကိုမသိသလို စိုက်ပျိုးစရိတ်ချေးငွေမရတာဟာ အခုဆိုရင် သုံးနှစ် အတွင်းကိုဝင်လာပြီလို့ ပြောပြတယ်။ အရပ်သားအစိုးရခေတ်တုန်းက ချေးထားတဲ့ငွေကိုတောင် စစ်ကောင်စီက အခုပြန်ဆပ် ခိုင်းနေပြီး မပေးရင်ဖမ်းဆီးထောင်ချမယ်ဆိုတဲ့အသံတွေ ရွာထဲမှာလွှင့်နေတဲ့အတွက် ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

ဆုတ်ယုတ်နေတဲ့ ထုတ်လုပ်သူတွေ

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးဇော်ရမ်းကတော့ ခေတ်အဆက်ဆက် တက်လာသမျှ အစိုးရတိုင်းဟာ လယ်သမားကိုပစ်ထားတာချည်းပဲလို့ဆိုတယ်။ ဒါပေမဲ့ အခုလို အာဏာသိမ်းထားတဲ့အချိန်မှာတော့ ပိုဆိုးရွား သွားတယ်လို့ ပြောပါတယ်။

“စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ လယ်သမားတွေဟာ အဆိုးဆုံးအခြေအနေကို ရောက်သွားတယ်။ ဥပဒေအရ အထောက်အပံ့တွေ၊ အကာအကွယ်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ပေးရမယ့် တာဝန်ရှိသူတွေအနေနဲ့ လုပ်ပေးတာမျိုးကို သူတို့ မရတော့ဘူး” လို့ ဦးဇော်ရမ်းက ဆိုတယ်။

မြန်မာပြည်ရဲ့ လယ်ယာလုပ်ငန်းခွင်မှာ ဦးဆောင်နေတာက လုပ်ကွက်ငယ်တောင်သူလို့ခေါ်တဲ့ သုံးဧကကနေ ငါးဧကကြား ပိုင်ကြတဲ့တောင်သူတွေလို့ ဦးဇော်ရမ်းကပြောတယ်။ အခု ဒီတောင်သူတွေဟာ အရင်းအနှီးပြဿနာနဲ့ ကုန်ဈေးနှုန်းကြီး မြင့်တာကို ရင်ဆိုင်နေရတဲ့အတွက် ထုတ်လုပ်မှုတွေကျဆင်းသွားဖို့ရှိတယ်လို့ သူကဆိုတယ်။

မြန်မာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအစီရင်ခံစာမှာဖော်ပြချက်အရ ၁၀ ဧကနဲ့အောက် ပိုင်ဆိုင်တဲ့ လုပ်ကွက်ငယ် တောင်သူအချိုးက လယ်ယာကဏ္ဍတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ ဆိုတယ်။

“ဆန်စပါးလုပ်ငန်းကြီးမှာက အထွေထွေပျက်စီးလာနေပေမယ့် တို့နိုင်ငံလူဦးရေ စားသောက်နိုင်တဲ့ပမာဏာလောက်တော့ ထွက်နေသေးတယ်။ ထွက်နေသေးတော့ အာဏာယူထားသူတွေ ကံကောင်းနေသေးတာပေါ့” လို့ လယ်သမားအရေး တက်ကြွ လှုပ်ရှားသူဖြစ်သလို လက်ရှိမှာ စစ်ကောင်စီရဲ့ရန်ကို တိမ်းရှောင်နေရတဲ့ ဦးဇော်ရမ်းကပြောတယ်။

“ဗမာပြည်မှာက ရိက္ခာပြတ်သွားတဲ့ကပ်မျိုးအထိတော့ မဆိုက်နိုင်ဘူး။ ဒါပေမဲ့ ပိုက်ဆံမရှိလို့ ဝယ်မစားနိုင်တဲ့ကပ်မျိုးတော့ ကြုံနေရပြီပေါ့” လို့ သူက သုံးသပ်တယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(Food and Agricultural Organization – FAO)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုတုန့်ပြန်ရေးအစီအစဉ်- ၂၀၂၃ မှာ ဖော်ပြချက်အရတော့ နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံကျော်ဖြစ်တဲ့ လူ ၁၅ ဒသမ ၂ သန်းဟာ အလယ်အလတ်နဲ့ အလွန်အကျွံ စားနပ်ရိက္ခာမဖူလုံမှုနဲ့ကြုံရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုဖြစ်ရတာက ပဋိပက္ခတွေ၊ မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေ၊ စီးပွားရေးကျဆင်းမှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့်လို့ ဆိုတယ်။ ဆိုလိုတာက မြန်မာနိုင်ငံသား လေးဦးမှာတစ်ဦး အငတ်ဘေးကြုံရမယ်လို့ ခန့်မှန်းတာပါ။

(ပုံစာ- ပျက်စီးသွားတဲ့ လယ်ကို ပြန်လည် စိုက်ပျိုးနေကြတဲ့ လယ်လုပ်သားတချို့။ Photo – Mawkun)

ဦးဇော်ရမ်းကတော့ ဧရာဝတီတိုင်းကလယ်သမားတွေကို သူလေ့လာထားချက်အရ လုပ်ကွက်ငယ်လယ်သမားတိုင်းလိုလို၊ အကြွေးနစ်နေကြပြီး ထုတ်လုပ်မှုဟာလည်း တရှိန်ထိုးကျဆင်းလာနေတယ်လို့ ဆိုတယ်။

“အကြွေးနွံတွေကြောင့် ကျေးလက်မှာရှိတဲ့ လုပ်ကွက်ငယ်ပိုင်တဲ့လယ်သမားတွေဟာ နောက်ပိုင်းမှာ အကုန်လုံး စာရင်းငှား (သီးစား) သမားတွေဘဝကို ရောက်သွားနိုင်တယ်။ တဖြည်းဖြည်းနဲ့ လယ်တွေအားလုံးဟာလည်း လယ်သမားမဟုတ်တဲ့သူ (ငွေရှင်)တွေဆီကို ရောက်သွားမှာပေါ့။ အဲဒါက ကောင်းတာတော့မဟုတ်ဘူးဗျ” လို့ သူက ပြောတယ်။

ဦးဝင်းမျိုးသူကလည်း စားနပ်ရိက္ခာ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေ ကျပ်တည်းခက်ခဲလာလို့ စားရေရိက္ခာရှားပါး လာရင် ဆူပူအုံကြွတော်လှန်မှုတွေအထိဖြစ်ပြီး အာဏာရှင်အစိုးရတွေပြုတ်ကျသွားတဲ့ သာဓကတွေ အခိုင်အမာရှိတယ်လို့ သူကဆိုတယ်။

“ ၈၈ (အရေးအခင်း)ဆိုရင် ဆန်စပါးထုတ်လုပ်မှု၊ တစ်နိုင်ငံလုံးတောင်သူတွေ ဒုက္ခရောက်သွားတဲ့အချိန်မှာ နိုင်ငံလုံးဆိုင်ရာ အုံကြွမှု၊ နိုင်ငံရေးပြဿနာ ဖြစ်လာတာပဲလေ။ ဘာလို့လဲဆိုတော့ ၁၉၈၄၊ ၈၅ လောက်တည်းကနေပြီးတော့ FAO တို့၊ ဘာတို့က မြန်မာပြည် ဒီအတိုင်းသွားရင်တော့ ဒုက္ခရောက်တော့မှာပဲဆိုပြီး သတိပေးတယ်လေ…

“ဒါပေမဲ့ အဲဒီဟာကို ပြုပြင်မွမ်းမံမှု မဆလအစိုးရက မလုပ်နိုင်တဲ့အခါကျတော့ တကယ့်ကို ဆန်စပါးရှားပါးမှု ပြဿနာတွေ မျိုးစုံတက်လာပြီး တောင်သူတွေအကြီးအကျယ်ဒုက္ခရောက်၊ နောက်ဆုံးတော့ ၈၈ အရေးအခင်းတွေ ပေါ်လာတာပေါ့။ မီးထိုး အားပေးသလိုဖြစ်နေတာပေါ့။ လူတွေကို ပေါက်ကွဲထွက်လာဖို့လုပ်သလို ဖြစ်နေတာပေါ့” လို့ ဦးဝင်းမျိုးသူက ရှင်းပြတယ်။

ဒါ့အပြင် အာဏာယန္တရားလည်ပတ်ရေးအတွက် ဒေါက်တိုင်တွေဖြစ်တဲ့ ဝန်ထမ်းတွေကို ငွေကြေးရိုက်ထုတ်လစာပေးနေတဲ့ စစ်ကောင်စီရဲ့ဖြေရှင်းနည်းက အကျပ်အတည်းဆီကို ဦးတည်နေတယ်လို့ သူကခန့်မှန်းတယ်။

ငွေရိုက်ထုတ်ရင်းဖြေရှင်းနေတာကြောင့် ငွေဖောင်းပွနှုန်း ၃၀ နဲ့ ၄၀ ရာခိုင်နှုန်း ကြားရောက်လာခဲ့ရင် အာဏာဒေါက်တိုင်ဖြစ်တဲ့ ဝန်ထမ်းတွေကိုယ်တိုင် ဆန့်ကျင်တာမျိုးဖြစ်လာမှာလို့ သူကဆိုတယ်။ ဒါဟာ စားရေရိက္ခာ ထုတ်လုပ်ပေးတဲ့ လယ်သမားတွေရဲ့အကျပ်အတည်းနဲ့ ဆက်စပ်ဖြစ်တည်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေလို့ သူကရှင်းပြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအတွက် ဖိအားတွေလျော့စေတဲ့အချက်တစ်ခုက စိုက်ပျိုးရေးနဲ့ဆက်စပ်နေတဲ့ ကျေးလက်ကမိသားစု တွေထဲကနေ ပြည်ပထွက်အလုပ်လုပ်သူနှုန်းမြင့်မားလာတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေးကို နိုင်ငံခြားလွှဲပို့ငွေတွေက ထောက်ပံ့ပေးနေတာကြောင့် အကြပ်အတည်းတွေခပ်မြန်မြန် ရောက်မလာသေးတာလို့ သူကဆိုတယ်။

ပြည်ပထွက်ပြီး အလုပ်လုပ်သူတွေကနေ နှစ်စဉ်နိုင်ငံအတွင်းကို ပြန်လည်လွှဲပို့ပေးနေတဲ့ငွေက အမေရိကန်ဒေါ်လာ ဘီလီယံ ချီရှိတာလို့ ဦးဝင်းမျိုးသူကခန့်မှန်းတယ်။ အောက်စဖို့ဒ်တက္ကသိုလ်နဲ့လန်ဒန်စီးပွားရေးကျောင်းတို့က ခန့်မှန်းတာဆိုရင် ပြည်ပထွက် အလုပ်လုပ်သူတွေပြန်ပို့ငွေက တစ်နှစ်ကို ဒေါ်လာသုံးဘီလီယံခွဲလောက် ရှိတယ်လို့ဆိုပြီး တချို့ခန့်မှန်းတဲ့ အဖွဲ့ တွေကဆိုရင် ရှစ်ဘီလီယံလောက်အထိ ရှိတယ်လို့ ခန့်မှန်းကြကြောင်း သူကပြောပြတယ်။

အစိုးရတရားဝင်စာရင်းတွေကို ကိုးကားထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ဘဏ်ကတော့ နိုင်ငံပြင်ပထွက် အလုပ်လုပ်သူတွေကနေ ပြည်တွင်းကို ပြန်လွှဲပို့ငွေက ၂၀၂၀ မှာ ၂ ဒသမ ၆ ဘီလီယံကျော်ရှိတယ်လို့ ဆိုတယ်။

နိုင်ငံပြင်ပကို တရားဝင်ထွက်အလုပ်လုပ်နေသူထက် တရားမဝင်သွားလုပ်နေသူတွေကလည်း များလွန်းတာကြောင့် ဒီခန့်မှန်း မှုတွေကို ကြားချပြောရရင် “ ရှစ်ဘီလီယံကတော့ များလွန်းတယ်၊ ၃ ဒသမ ၅ ကလည်း နည်းလွန်းတယ်။ အဲဒီတော့ ကြားချရရင် ငါးဘီလီယံလောက်ရှိနိုင်တယ်ဆိုတာကတော့ ၂၀၂၀ မတိုင်မီက အခြေအနေကို ဆိုလိုတာဖြစ်တယ်” လို့ နိုင်ငံတကာ သုတေသနတွေကို ကိုးကားပြီး ဦးဝင်းမျိုးသူက ခန့်မှန်းတယ်။

ဒီပမာဏက နိုင်ငံခြားကို ဆန်တင်ပို့ရောင်းချလို့ရတဲ့ပမာဏနဲ့ယှဉ်ရင် အဆထောင်နဲ့ချီ ပိုများတဲ့ဝင်ငွေလည်း ဖြစ်ပါတယ်။ ဒီဘဏ္ဍာနှစ်ပထမငါးလအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့လို့ရတဲ့ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၆၆ သန်းလောက်ပဲ ရှိတာပါ။ ဒီငွေရဖို့ ဆန်နဲ့ဆန်ကွဲမက်ထရစ်တန်ချိန် ၃၈၀,၀၀၀ နီးပါးလောက်အထိ နိုင်ငံပေါင်း ၄၂ နိုင်ငံကို တင်ပို့ခဲ့ရတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

(ပုံစာ- စက်တင်ဘာအတွင်းကတွေ့ရသည့် ရန်ကုန်မြို့ဆန်ဆိုင်တစ်ဆိုင်မှ ဆန်ဈေးနှုန်းများ။ Photo – Mawkun)

ဒီလို ပြည်ပလွှဲပို့ငွေတွေက ကျေးလက်ကအိမ်ထောင်စုတွေကို ကျားကန်ပေးထားပေမယ့် နာတာရှည်ရောဂါရှိနေတဲ့ စိုက်ပျိုး ရေးကဏ္ဍကို မူဝါဒဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတွေမလုပ်နိုင်ရင် အချိန်ကြာလာတာနဲ့အမျှ “လုံးလုံးကို ဗုန်းဗုန်းလဲ သွားမယ့်အနေအထားတော့ ကြုံတွေကြမှာ” လို့ ဦးဝင်းမျိုးသူက ဆိုတယ်။

အခုဆိုရင် လယ်သမားတွေဟာ တစ်ဧကစိုက်စရိတ်ကြီးမြင့်ပြီး အထွက်နှုန်းကျတဲ့ဒဏ်ကို ခါးစည်းခံနေရပြီလို့လည်း သူက ဆိုတယ်။

အထွက်နှုန်းကျဆင်းလာတဲ့ ဒဏ်နဲ့ရင်ဆိုင်ရဖို့ရှိနေတဲ့ မြန်မာလယ်ယာကဏ္ဍအတွက် လာမယ့်မိုးစပါးပေါ်ချိန်မှာ တောင်သူ တွေထံက ကုန်သည်တွေဝယ်ယူရမယ့် စပါးဈေးနှုန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာ ၁၉ ရက်မှာ ထုတ် ပြန်ကြေညာလိုက်ပါတယ်။ ဆန်ကြမ်းလို့ ခေါ်ကြတဲ့ ဧည်မထ၊ငစိန်ဆန်အုပ်စုဝင်တွေကို ကုန်သည်တွေ ဝယ်ယူတဲ့အခါ တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းနဲ့ ၁၅ ကြား သတ်မှတ်တယ်လို့ အသင်းချုပ်က သတ်မှတ်ပါတယ်။

ဒါအပြင် ဦးကျော်လွင်တို့ စိုက်ပျိုးတဲ့ ဖျာပုံပေါ်ဆန်းစပါးကိုတော့ တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းနဲ့ ၁၈သိန်းကြား၊ စစ်ပွဲတွေ ဖြစ်ပွားလို့ စိုက်ပျိုးနှုန်းကျဆင်းနေတဲ့ ရွှေဘိုဒေသထွက်ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၁၈ သိန်းနဲ့  ၂၀၊ အဲဒီဒေသမှာပဲ အစိုက်များတဲ့ ဧရာမင်းစပါးကိုတော့ ကျပ် ၁၆ သိန်းနဲ့ ၁၈ သိန်းကြား ဈေးသတ်မှတ်တယ်လို့ အသင်းချုပ်က ထုတ်ပြန်ထားတာပါ။

ဦးဖိုးဆယ်ကတော့ ဒီနှစ်သူလယ်တွေက တစ်ဧကအထွက်နှုန်း ၃၅ တင်းလောက်ရခဲ့ရင်ဆိုပြီး စိတ်ကူးဖဲရိုက်နေတာပါ။ ဒါဆိုရင် လယ် ၁၅ ဧက အတွက် စပါးတင်းငါးရာကျော်ရမှာ ဖြစ်ပါတယ်။ ဒီတော့ သီးစားချခအဖြစ် လယ်ရှင်ကို စပါးတင်း တစ်ရာ ပေးမယ်၊ ပိုတဲ့တင်းလေးရာကို မိုးစပါးပေါ်ချိန်မှာ ဖြစ်နိုင်ခြေရှိတဲ့ တင်းတစ်ရာ ၁၅ သိန်းနှုန်းလောက်နဲ့ ရောင်းပြီး ငွေသိန်း ၆၀ လောက်ဝင်မယ်လို့ စိတ်ကူးနေတာပါ။ ချို့ချို့တဲ့တဲ့စိုက်ခဲ့တာတောင် ၁၅ ဧကအတွက် ဒီနှစ်အရင်းအနှီးက သိန်း ၄၀ ကျော်ရှိ တာမို့ ရှစ်လလောက် လယ်ထဲရုန်းပြီးတဲ့အခါ သူက ကျပ်သိန်း ၂၀ လောက် အမြတ်ကျန်ဖို့ မျှော်မှန်းနေတာပါ။

“စပါးပေါ်ချိန်မှာ ရာသီဥတုဖောက်သွားရင်တော့ ကိုယ့်ဘဝနဲ့ ရင်းရတာပေါ့။ ကြုံလည်း ကြုံခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ နွေကပဲ ကြုံခဲ့ရ တာ။ ရာသီဥတုဖောက်တော့ ထွက်မယ့်စပါးက မထွက်တော့ဘူး ” လို့ ဦးဖိုးဆယ်က ပြန်ပြောပြတယ်။

မိဘလက်ထက်က ထိန်းသိမ်းစိုက်ပျိုးလာနိုင်ခဲ့တဲ့လယ်တွေဟာ သူတို့လက်ထက်ရောက်မှ လက်မဲ့ဖြစ်ခဲ့ရတဲ့အပေါ် ဦးဖိုးဆယ်က ဝမ်းနည်းတယ်လို့ ဆိုပါတယ်။ သူတို့လယ်သမားတွေ ဆုတ်ယုတ်လာတာဟာ တိုင်းပြည်ရဲ့ အခြေအနေနဲ့ သက်ဆိုင်တယ်လို့ မြင်ပေမယ့် ဘယ်လို၊ ဘာကြောင့်ဆိုတာမျိုး သူရှင်းမပြတတ်ပါဘူး။

“အဖေဟာ သေသာသွားတယ်၊ လယ်တစ်ကွက်မှ မပြုတ်သွားဘူး။ အခုတော့ပြုတ်သွားပြီ။ ငါတို့ မိဘအမွေကို မထိန်းသိမ်း နိုင်ဘူးကွာ” လို့ ဦးဖိုးဆယ်က သူစိုက်ထားတဲ့စပါးခင်းတွေကိုငေးကြည့်ရင်း ဆွေးဆွေးမြည့်မြည့်ပြောတယ်။ ပြီးတော့ ကြုံနေရ တဲ့ ဒုက္ခအပေါင်းအတွက် သူကအခုလိုလည်း စကားတစ်ခွန်းဆိုပါတယ်။

“ ငါတို့နိုင်ငံတော်ကြီး ပြန်ကောင်းလာပါစေလို့ပဲ ပြောချင်တယ်”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."