ဒီမိုကရေစီခေတ်ရဲ့ ပုဂံ

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Postcard ဖြစ်ပါသည်။

မျိုးဆက်စံ (ပုဂံညောင်ဦး) ရေးသည်

အာဏာရှင်လက်ထက်က ပုဂံ စီမံ ခန့်ခွဲမှုတွေ မမှန်ခဲ့လို့ ပြောင်းလဲ ချိန်တန်ပြီဆိုတဲ့ နိမိတ်သံနဲ့အတူ ပြည်မြန်မာထဲက ပုဂံဆိုတာလည်း ပါဝင်ခဲ့တယ်။ ဒါကြောင့် အမှန် တကယ်ပြောင်းလဲဖို့ NLDကို မဲပေးစို့ဆိုတဲ့အတိုင်း လက်သန်း တွေ မင်စွန်း၊ ပုဂံ ပြည်သူပြည်သား တွေကလည်း ယုံကြည်အားကိုး မျှော်လင့်ခြင်းများစွာနဲ့ အားပေး ဝန်းရံ ထောက်ခံခဲ့ကြတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောရ မလား၊ မီးခိုးမထွက်တဲ့ စက်ရုံကြီးရှိတဲ့ မြို့လို့ ပြောရမလား၊ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းကြီးအတွက် နိုင်ငံခြားဝင်ငွေများစွာ ရှာ ဖွေပေးနေတဲ့ မြို့လို့ပဲ ပြောရမလား၊ မြန်မာရဲ့ ပုဂံ သို့မဟုတ် မြန်မာတစ်မျိုးသားလုံးရဲ့ နှလုံးသားပုဂံအကြောင်းကို အာဏာ ရှင်ခေတ်အလွန် ဒီမိုကရေစီခေတ်အသွင် ကူးပြောင်းလာတဲ့  လက်ထက်မှာ လက်ရှိ ပုဂံအရေး၊ လက်ရှိ ပုဂံအခြေအနေတွေကို စာရေးသူအနေနဲ့ ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ပုဂံဆိုတာ ဘယ်လောက် ကြီးကျယ်ခံ့ညားတယ်၊ ဘယ်လို ထည်ဝါလှပတယ်ဆိုတဲ့ ပုဂံရဲ့ အလှ၊ ပုဂံရဲ့ အကြောင်းတွေ စာစီ ကုံး ဖော်ကျူးရမယ်ဆိုရင်တော့ ပြောလို့မကုန်နိုင်၊ ရေးလို့ မကုန် နိုင် အားလုံး သိရှိပြီးဖြစ်မှာပါ။

အဲဒီလို လှချင်တိုင်း လှနေတဲ့ ပုဂံယဉ်ကျေးမှု အမွေအနှစ် များစွာ စုဝေးတည်ရှိရာ ပုဂံ၊ မင်းကောင်းမင်းမြတ်အပေါင်း ကျေး ဇူးတော်ကြောင့် သာသနာရောင်ဝါ ထွန်းလင်းတောက်ပစေခဲ့တဲ့ ပုဂံရဲ့ တန်ဖိုးကို အလေးအနက်ထားပေးတဲ့ အစိုးရတစ်ရပ် အရေး တကြီး လိုအပ်နေပြီဆိုတာ ဦးစွာပထမ အကြံပြု ရေးသားပါရစေ။

မြန်မာပြည်အနှံ့ အစိုးရ လုပ်ဆောင်ရမယ့် အရေးတကြီး နေရာတွေ ရှိသလို အဲဒီလို နေရာတွေထဲမှာ ပုဂံကိုလည်း ချန်လှပ် ထားလို့ မရပါဘူး။

မြစ်ဆုံအရေးကြီးသလို ပုဂံကလည်း အရေးကြီးတယ်။ ကြေးနီတောင် အဖြိုခံရသလို ပုဂံလည်း အဖျက်ခံနေရတယ်။ ဒါ ကြောင့် တန်ဖိုးဖြတ်မရနိုင်တဲ့ သက်တမ်းရင့် ရှေးဟောင်းအမွေ အနှစ်များစွာ အဓွန့်ရှည် တည်တံ့ဖို့ဆိုရင် ရှေးဟောင်းအမွေအနှစ် တွေကို တိုက်ရိုက်တာဝန်ယူ စီမံခန့်ခွဲနေတဲ့ ဝန်ကြီးဌာန၊ ဦးစီး ဌာနတွေအနေနဲ့ နိုင်ငံတော်အစိုးရက တရားဝင်ပြဋ္ဌာန်းထားတဲ့ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေအတိုင်း အကြောက်တရားကင်းစွာ၊ တိကျမှန်ကန်ပြတ်သားစွာ၊ ဘက် လိုက်မှု အဂတိကင်းစွာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်သိ၊ တာဝန်ကျေပွန်ဖို့တော့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

အာဏာရှင်လက်ထက်ကလို အထက်အမိန့်ကြောင့် အောက်က မလွန်ဆန်ဝံ့လို့ ဘုရားဘေး ဟိုတယ်ဆောက်ခွင့်ပြု တယ်၊ ဘုရားဘေး ရေကူးကန်တည်ခွင့် ပြုတယ်၊ ဘုရားရှေ့မျက် နှာစာမှာ အိမ်သာဆောက်ခွင့်ပြုတယ်။ ယဉ်ကျေးမှုအမွေအနှစ် တွေရဲ့ အလယ်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လိုက်လျောညီ ထွေမှုမရှိတဲ့ ခေတ်သစ်တည်ဆောက်ရေး၊ ခေတ်သစ်ပြင်ဆင်ဖန် တီးမှုတွေနဲ့ ဒီကနေ့ ပုဂံကို ကြည့်လိုက်ရင် ရောထွေးစွာ ရှိနေပြီ ဖြစ်ပါတယ်။

အံ့သြစရာကောင်းမိတာက ဘယ်အစိုးရတက်တက် ပုဂံကို ပုဂံမူရင်းအတိုင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မဆောင်ရွက်နိုင်ခဲ့တာပါပဲ။ ပုဂံကို ဘာအတွက်ကြောင့် မကာ ကွယ်နိုင်သလဲ၊ မထိန်းသိမ်းနိုင်သလဲ၊ မစောင့်ရှောက်နိုင်သလဲ ဆိုရင် ပုဂံမြေပေါ်မှာ ကျူးကျော်နယ်ချဲ့ပြီး ပုဂံဘုရားတွေအလယ် မှာ စီးပွားရှာနေကြတဲ့ ခရိုနီလို့ ခေါ်ရမလား၊ တိုင်ကွန်းလို့ ဆို မလား အဲဒီအုပ်စုကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက မထိန်းချုပ်နိုင်ဘဲ ထိုသူတွေနဲ့ ပူးပေါင်းမိသွားတာပဲ ဖြစ်ပါတယ်။

photo-myo set san တိုးချဲ့စီမံကိန်းများအတွက် စက်ပန္တရားကြီးများ အသုံးပြုနေပုံ

photo-myo set san တိုးချဲ့စီမံကိန်းများအတွက် စက်ပန္တရားကြီးများ အသုံးပြုနေပုံ

ထိုသူများရဲ့ ထုထည် ကြီးမားလှတဲ့ ငွေတံတိုင်းကြီးကို ၁၉၉၈ ရှေးဟောင်း အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ကြီးက ဒါမှမဟုတ် ဥပဒေကြီးကို ကိုင်တွယ်ထားသူတွေက မထိုး ဖောက်နိုင်ခြင်း ဖြစ်ပါတယ်။ ငွေလက်နက်များနဲ့ ၁၁ ရာစု၊ ၁၂ ရာစု၊ ၁၃ ရာစုက ယဉ်ကျေးမှုအမွေအနှစ်တွေကို သိမ်းပိုက်ပြီး အသုံးချခံ၊ ဗန်းပြ ကြော်ငြာခံရင်း အမေရိကန် ဒေါ်လာထုပ်များစွာ ရရှိနေတဲ့ စားကျက်ဖြစ်နေတယ်။

ဒီလိုတွေ ဆက်မဖြစ်အောင် NLD အစိုးရကို အပြည့်အ၀ အားကိုးယုံကြည်ခဲ့ကြတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အပေါ်မှာ တန်ဖိုးနားလည်တဲ့ အစိုးရ ပေါ်ပေါက်လာပြီလို့ အထင် ကြီးခြင်းများစွာ၊ မျှော်လင့်ခြင်းများစွာ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ ပထမတစ်နှစ်၊ ဒုတိယတစ်နှစ်၊ တတိယတစ်နှစ်နဲ့ တစ် နှစ်ပြီး တစ်နှစ် လေ့လာစောင့်ကြည့်ရင်း ကျွန်တော်တို့ပြည်သူ တွေက တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာပင် ကွန်ကရစ် ပုဂံ၊ သံချည်သံကွေးပုဂံ၊ ဘူဒိုဇာပုဂံ၊ ကရိန်းပုဂံအဖြစ် ဆက်လက် မြင်တွေ့နေရခြင်းတွေဟာ လက်ရှိ အစိုးရအနေနဲ့ ပုဂံယဉ်ကျေးမှုအမွေအနှစ်များစွာအပေါ်မှာ အမြတ်တနိုး တန်ဖိုးထားမှု မရှိ တာကို ဒီမိုကရေစီခေတ်ရဲ့ ပုဂံ မြေပြင်အခြေအနေတွေက သက် သေပြလို့ နေပါတော့တယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကြီးကို မန္တလေးတိုင်း ဒေသကြီးအစိုးရ ဝန်ကြီးချုပ်မှ စီမံခန့်ခွဲမှု ပေးတယ်လို့ သိရပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်များကိုတော့ သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရှေးဟောင်း သုတေသနဦးစီးဌာနတို့မှ တာဝန်ယူ ကာကွယ်ထိန်းသိမ်းနေ တယ်လို့ သိရပါတယ်။ တစ်ခါ ဟိုတယ်တွေအားလုံးက ဟိုတယ် နှင့် ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်အောက်မှာ တည်ရှိတယ်လို့ သိရပါတယ်။ တစ်ခါ အဆောက်အအုံ ဆောက် လုပ်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာမှ တာဝန်ယူထားပါ တယ်။ မြေပိုင်ဆိုင်မှု၊ ယာမြေကို အခြားနည်းသုံးစွဲခွင့်လိုင်စင်၊ အထောက်အထားကို မြေစာရင်း အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအောက်မှာ တည်ရှိတယ်လို့ သိရပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေကို ဟိုတယ်အတော်များ များက ကျူးကျော်ခြံခတ်ထားကြတယ်။ ဒါတွေကို လက်ရှိအစိုးရ အနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ်။ ပုဂံယဉ်ကျေးမှု အမွေအနှစ် တွေနဲ့ လွတ်ကင်းမှုမရှိတဲ့ ဟိုတယ်တွေ၊ ခြံဝင်းကျယ်ကြီးတွေ အတွက် နောက်တိုး ခေတ်သစ် အဆောက်အအုံများ တိုးချဲ့တည် ဆောက်ခွင့် ဆက်လက်ခွင့်ပြုပေးနေတာကတော့ လက်ရှိအစိုးရ အနေနဲ့ ရှေ့ယခင်အစိုးရတွေကလို ဆက်လွဲ၊ ဆက်မှားနေပြီလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။

ပုဂံညောင်ဦးရဲ့ တာဝန်ရှိ ဌာနဆိုင်ရာ ပုဂ္ဂိုလ်အချို့ကို လေ့ လာစုံစမ်းကြည့်တဲ့အခါမှာ အထက်က ခွင့်ပြုမိန့်ဖြစ်တယ်လို့ သိ ရတယ်။ အထက်က ခွင့်ပြုမိန့်ဆိုတာ အာဏာရှင်လက်ထက်က တည်းက ဌာနဆိုင်ရာတွေ အလွတ်ကျက်ထားတဲ့ လက်သုံးစကား ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အထက်က ခွင့်ပြုမိန့်ဆိုတဲ့ အာဏာရှင်လက် ထက်က လက်သုံးစကားကြီးကို ယနေ့ ဒီမိုကရေစီခေတ်ရဲ့  ပြည် သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာတော့ အလွယ်တကူ အသုံးမပြုသင့်တော့တဲ့ အချက်ပဲ ဖြစ်တယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်အနေနဲ့ ခွင့်ပြု ချက်ပေးခဲ့တယ်ဆိုရင်တောင် ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းနေတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေနဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ နီးကပ်စွာ တည်ရှိ တဲ့အကြောင်း၊ ရှေးဟောင်းအမွေအနှစ်တွေအလယ်မှာ အခုလို ခွင့်ပြုမိန့်တွေ မပေးသင့်ကြောင်းကို လက်ရှိ အစိုးရရဲ့ ဝန်ကြီး ချုပ်အား အချိန်မီ အကြံပြု ဆွေးနွေးခြင်းဖြင့် တားဆီးရဲရမှာ ဖြစ်တယ်။

photo-myo set san ရှေးဟောင်းဘုရားနှစ်ဆူဖြစ်သော ဘုရားအမှတ် ၁၉၇၄ နှင့် ၁၉၇၅ အား ကျူးကျော်နယ်ချဲ့နေပုံ

photo-myo set san ရှေးဟောင်းဘုရားနှစ်ဆူဖြစ်သော ဘုရားအမှတ် ၁၉၇၄ နှင့် ၁၉၇၅ အား ကျူးကျော်နယ်ချဲ့နေပုံ

ဒါ့အပြင် ရှေးဟောင်းသုတေသနရဲ့  ညွှန်ချုပ်၊ ညွှန်မှူး နဲ့ ပညာရှင်တွေ၊ ပုဂံညောင်ဦးမှာ ရှိတဲ့ တာဝန်အရှိဆုံး ဌာနတွေရဲ့ အကြီးအကဲတွေအနေနဲ့ အထက်ကို ဆွေးနွေးတင်ပြ တားဆီးရဲ ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း အထက်ကို တင်ပြဆွေးနွေး တားဆီးရဲရမှာ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေ ဘာဖြစ် ဖြစ် အထက်က ခွင့်ပြုမိန့်ကို မလွန်ဆန်ဝံ့လို့၊ အထက်ကို ကြောက် လို့၊ ရာထူးမတက်မှာ ကြောက်လို့၊ နေရာပြောင်းရွှေ့ခံရမှာ ကြောက်လို့ ဆိုတဲ့ မလုပ်၊ မရှုပ်၊ မပြုတ် ဆောင်ပုဒ်ကို လက်ကိုင် ထားနေတဲ့ ပုဂံညောင်ဦးရဲ့ တာဝန်အရှိဆုံး ဌာနဆိုင်ရာ အကြီး အကဲပုဂ္ဂိုလ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကြောင့် အထင် ကရ ပုဂံ မြင်သမျှ မဟန်၊ စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ ပွဲစားတစ် တွေနဲ့ ခွဲစားခံနေရပြီ။

ဒါ့ကြောင့် ပုဂံအရေးကိစ်္စအပေါ်မှာ လက်ရှိအစိုးရအနေနဲ့ လေးလေးနက်နက် ကိုင်တွယ် ဖြေရှင်းသင့်ပြီး မန္တလေးတိုင်းဒေသ ကြီးအစိုးရ ဝန်ကြီးချုပ်အနေနဲ့ တိကျမှန်ကန်တဲ့ စီမံခန့်ခွဲမှုတွေ အချိန်မီ ပြုပြင်ပြောင်းလဲသင့်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ လက်ရှိ ပုဂံမြေပြင် အခြေအနေကို လက်တွေ့ ကွင်းဆင်းလေ့လာစိစစ်ပြီး တန်ဖိုးရှိ ရှေးဟောင်းအမွေအနှစ်များအား ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း အတိအကျ ကာကွယ်ထိန်းသိမ်းသင့်ပါပြီ။

စာရွက်ဖြူပေါ်က စာလုံးနဲ့ ခွင့်ပြုချက် လက်မှတ်တစ် ချက်ကြောင့် ပုဂံမပျက်ဖို့ ခွင့်ပြုပေးသူမှာ တာဝန်အရှိဆုံး ဖြစ် တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံ၊ တိုင်း၊ ပြည်နယ်၊ မြို့၊ ကျေးရွာ၊ ရပ်ကွက်များမှာ နေထိုင်ကြတဲ့ လူသား မျိုးနွယ်တိုင်းမှာ လိုချင်တပ်မောခြင်းများစွာနဲ့ မျှော်လင့် တောင့်တ တဲ့ အရာဖြစ်ပါတယ်။

ရှေးရှေးတုန်းက မင်းတွေ၊ ရှေးရှေးတုန်းက ဘုရင်တွေ အမြတ်တနိုးတန်ဖိုးထားခဲ့တဲ့ ရှေးဟောင်းမြို့၊ ရှေးဟောင်းအမွေ အနှစ်များစွာ စုဝေးတည်ရှိတဲ့ နယ်နိမိတ်အတွင်းမှာ ဖွံ့ဖြိုးတိုး တက်ရေးဆိုတဲ့ စီမံကိန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေကို မစဉ်းစား မဆင်ခြင်ဘဲ လုပ် ဆောင်ခွင့်ပြုခဲ့ကြလို့ ဒီကနေ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ရှေး ဟောင်းပုဂံဟာ ခေတ်သစ်ပုဂံ၊ မော်ဒန်ပုဂံအဖြစ် အသွင်ကူး ပြောင်းလာနေပြီ ဖြစ်တယ်။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ ရှေးဟောင်းအမွေ အနှစ်များနဲ့ တူယှဉ်ရောထွေးစွာ ရှိမနေတဲ့ နေရာတွေမှာသာ ဖော်ဆောင်ပေးသင့်ပါတယ်။ ထိလွယ်၊ ရှလွယ်၊ ပွန်းပဲ့လွယ်၊ ကွဲ အက်လွယ်တဲ့ ရှေးဟောင်းအမွေအနှစ်များစွာ တည်ရှိတဲ့ ရှေး ဟောင်းဇုန်နယ်နိမိတ်အတွင်းမှာ ယခင့်ယခင် အစိုးရလက်ထက် က စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ ခွင့်ပြုမိန့် အလွဲအမှားတွေကို လက်ရှိအစိုးရအနေနဲ့ သင်ခန်းစာယူသင့်တဲ့ အချိန်ကာလမှာ သင်ခန်းစာမယူဘဲ ရှေးဟောင်းဘုရားစေတီ၊ ပုထိုး၊ ဂူ၊ ကျောင်း၊ သိမ်၊ ခြေတော်ရာ၊ ဇရပ်ဘေးမှာ ဘူဒိုဇာထိုးခွင့် ပြုလိုက်ကြတယ်။ တိုးချဲ့ ခေတ်သစ်အဆောက်အအုံတွေ ထပ်မံတည်ဆောက် ခွင့်ပြု လိုက်ကြတယ်။ ဒါတွေဟာ တစ်နည်းအားဖြင့် လက်ရှိအစိုးရရဲ့ ရှေးဟောင်းအမွေအနှစ်တွေအပေါ်မှာ အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ အမြတ်တနိုး တန်ဖိုးထားမှု၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မှုဆိုတဲ့ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ အား မနာတမ်း ဝေဖန်သုံးသပ်ရမှာ ဖြစ်ပါတယ်။

သာမန်ဒေသ မဟုတ်တဲ့၊ သာမန်မြို့ မဟုတ်တဲ့ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေကြီးကို စီမံအုပ်ချုပ်နေတဲ့ တာဝန်ရှိ အကြီးအကဲဆိုတာ သာမန်ဒေသ၊ သာမန်မြို့တွေလို လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူး၊ ခွင့်ပြုချင်တိုင်း ခွင့်ပြုပေးလို့ မရဘူးဆိုတာ လောက်တော့ ကြိုတင်တွေးခေါ် စဉ်းစားသင့်တဲ့ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။

၁၁ ရာစု၊ ၁၂ ရာစု၊ ၁၃ ရာစုက ရှေးဟောင်းအမွေအနှစ် ဘေးမှာ သို့မဟုတ် ရှေ့တည့်တည့်မှာ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ဆန့်ကျင်တဲ့ ရှေးဟောင်းအမွေ အနှစ်များနဲ့ လိုက်လျောညီထွေခြင်းမရှိတဲ့ လုပ်ဆောင်မှုတွေကို လက်ရှိအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူအများ မီးမောင်းထိုး ဝေဖန်ထောက်ပြနေတဲ့ ကြားကနေ  ပြည်သူ့အသံ ကို တစ်စုံတစ်ရာ အလေးထား ဂရုစိုက်ခြင်း မရှိဘဲ ခွင့်ပြုမိန့်များ တစ်ခုပြီး တစ်ခု ခွင့်ပြုပေးနေကြတယ်။

ခေတ်သစ်နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို မဖြစ်မနေ ဖော်ဆောင်ကြမယ်ဆိုရင်လည်း ရှေးဟောင်းအမွေအနှစ် ဆိုင်ရာ ရှေးဟောင်းသုတေသန အသိပညာရှင်၊ အတတ်ပညာရှင်များနဲ့ တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။

ရှေးဟောင်းသုတေသန အသိပညာရှင်၊ အတတ်ပညာရှင် များအနေနဲ့လည်း လက်ရှိအစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ ခွင့်ပြုမိန့် အလွဲအမှားတွေကို ပုဂံယဉ်ကျေးမှု အမွေအနှစ်များစွာ အတွက် ကယ်တင်သောအားဖြင့် ယခင်အစိုးရလက်ထက်က စီမံ ခန့်ခွဲမှု ခွင့်ပြုမိန့် အလွဲအမှားတွေကို သင်ခန်းစာယူသောအား ဖြင့် ဝေဖန်ထောက်ပြ အကြံပြု တင်ပြရဲတဲ့ သတ္တိတွေ မွေးသင့် ပါတယ်။

ပုဂံကိုချစ်ရင် အထက်က မုန်းမှာ မကြောက်သင့်ပါ။ ပုဂံ ကိုမြတ်နိုးရင် အထက်က အမှားကို မှန်သလိုလို ငြိမ်မနေသင့်ပေ။ ပုဂံကို အဓွန့်ရှည် တည်တံ့စေချင်ရင် ပုဂံကို ပျက်စီးစေနိုင်တဲ့ လုပ် ရပ်မှန်သမျှကို ရပ်တန့်စေရန် တားဆီးရဲသင့်ပါတယ်။

ဒါမှသာ လူတွေ ပြောပြောနေကြတဲ့ နှလုံးသားထဲက ပုဂံ ကို ကယ်တင်ရာရောက်ပါမယ်။ ဒါမှသာ တို့အားလုံးရဲ့ ပုဂံကို ကယ်တင်ရာ ရောက်ပါမယ်။ ဒါမှသာ ရှင်အရဟံ မထေရ်မြတ်နဲ့ ပုဂံမင်းကောင်းမင်းမြတ်အပေါင်းအပေါ် ကျေးဇူးသိတတ်ရာ ရောက်ပါမယ်။ ဒါမှသာ ရှေးဟောင်းပုဂံရဲ့ အနုသုခုမ လက်ရာရှင် ပညာရှင်အပေါင်းအား အလေးအနက်ထား ဂုဏ်ပြုရာ ရောက်ပါမယ်။

ဒါမှသာ ရှေးခေတ်ပုဂံရဲ့ ဘုရားဒါယကာ၊ ဘုရားဒါယိကာမ အပေါင်းအား ကြည်ညိုလေးစားရာ ရောက်ပါမယ်။ ဒါမှသာ အမျိုးသားရေးတာဝန်တစ်ရပ် ကျေပွန်ရာ ရောက်ပါမယ်။ ဒါမှ သာ အာဏာရှင်ခေတ်ကထက် ကာကွယ်ထိန်းသိမ်းမှု၊ စောင့် ရှောက်မှု ကောင်းမွန်တဲ့၊ အမြတ်တနိုးတန်ဖိုးထားမှု သာလွန်တဲ့ လာဘ်ပေးလာဘ်ယူမှုများနဲ့ အဂတိကင်းစွာ စီမံခန့်ခွဲသော ဒီမိုကရေစီခေတ်ရဲ့  ပုဂံ ဖြစ်ပါလိမ့်မယ်။

ဒီမိုကရေစီခေတ်မှာ ရှေးဟောင်းအုတ်တိုက်ကြီး ရှိတဲ့ မြေ နေရာမှာ ဟိုတယ်ဆောက်လုပ်ခွင့် ပြုလိုက်ကြတယ်။ ဧရာဟိုတယ်မှ ခြံခတ်သိမ်းပိုက်ထားတဲ့ ၁၂ ရာစု အမိန့်တော်ပြန် ဘုရားရှေ့မှာ ခေတ်သစ်အဆောက်အအုံကြီးအား တိုးချဲ့ ခွင့်ပြု လိုက်ကြတယ်။ ရှေးဟောင်းဘုရားအမှတ် ၁၉၇၄ နဲ့ ၁၉၇၅ ဘုရားနှစ်ဆူကို ဧရာဟိုတယ်မှ ထပ်မံနယ်ချဲ့လာပြီး ထိုရှေး ဟောင်းဘုရားနှစ်ဆူဘေးမှာ ဘူဒိုဇာထိုး၊ ဖောင်ဒေးရှင်းတူးပြီး တိုးချဲ့  ဟိုတယ် အဆောက်အအုံများစွာကို ခွင့်ပြုလိုက်ကြတယ်။

photo-myo set san ဝိနည်းထိုရ်ဘုရားစုနှင့် နန်းမြင့်မျှော်စင်ကြားတွင် ဘူဒိုဇာထိုး မြေတူးဖော်နေစဉ်

photo-myo set san ဝိနည်းထိုရ်ဘုရားစုနှင့် နန်းမြင့်မျှော်စင်ကြားတွင် ဘူဒိုဇာထိုး မြေတူးဖော်နေစဉ်

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးရဲ့ ကျောဘက်၊ ကိုး ရာစု မြို့ရိုးတံတိုင်းဘေးမှာ ဟိုတယ်တိုးချဲ့အဆောက်အအုံ ခွင့်ပြု လိုက်ကြတယ်။

ဒါ့အပြင် စစ်အစိုးရလက်ထက်မှာ ရှေးဟောင်းဘုရားစေတီ ပုထိုး ၂၂ ဆူထက်မနည်း ခြံခတ်သိမ်းပိုက်ထားတဲ့ ဧဒင်အုပ်စု ကုမ္ပဏီ အဆင့်မြင့်ဟိုတယ်စီမံကိန်း ခြံဝင်းကျယ်ကြီးမှ ကျူး ကျော်နယ်ချဲ့ခံ အထင်ကရ အဂ်္ဂတေဘုရားနဲ့ ဖောင်းကူးဘုရား ကြားမှာ စက်ယန္တရားကြီးများ အသုံးပြုကာ ခေတ်သစ် စားသောက်ခန်းမကြီး  ဆောက်လုပ်ခွင့် ခွင့်ပြုလိုက်ကြတယ်။

တစ်ဖန် ရှေးဟောင်းဘုရားအမွေအနှစ်များ စုဝေးတည်ရှိ ရာ မင်းနန်သူရွာရဲ့ဝိနည်းထိုရ်ဘုရားစုနဲ့ နန်းမြင့်မျှော်စင်ကြားမှာ ဘူဒိုဇာကုပ်၊ ဖောင်ဒေးရှင်းတူးပြီး ကွန်တိန်နာကြီးအား မြေမြုပ် တဲ့အဆင့်ထိအောင် ခွင့်ပြုလိုက်ကြတယ်။

ဒီလို တန်ဖိုးနားမလည်သူတွေ နေရာယူ၊ ရာထူးယူထားပြီး အလွဲအမှားများစွာ ပြုကျင့်နေတာတွေဟာ တစ်နေကုန်အား ဖြင့် လက်ရှိအစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေပြီး တန်ဖိုးဖြတ်မရတဲ့ ပုဂံယဉ်ကျေးမှု အမွေအနှစ်တွေရဲ့  မြင်ကွင်း ဒါမှမဟုတ် မြို့တော် ကြီးရဲ့ ပုံရိပ်ကိုလည်း ကျဆင်းစေပါတယ်။

ဒီထက်ပိုပြီး အရေးကြီးတာက အခုလို ရှေးဟောင်းအမွေ အနှစ်များနဲ့ လွတ်ကင်းမှုမရှိတဲ့ ရှေးဟောင်းအမွေအနှစ် ကာ ကွယ်ထိန်းသိမ်းရေးဥပဒေ ချိုးဖောက်နေတဲ့ ခွင့်ပြုမိန့်တွေကို အဓိက ခွင့်ပြုပေးတာ ဘယ်သူလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်လား၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလား၊  ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ်လား၊ ညောင် ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီလား၊ ရှေးဟောင်းသုတေသန ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိ ပုဂ္ဂိုလ်များလားဆိုတာ ပြည်သူ တွေအနေနဲ့ သို့လော သို့လော ဖြစ်ရပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီခေတ်ရဲ့ ပုဂံ ဘယ်လောက်ဖျက်ဆီးခံနေ ရတယ်ဆိုတဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကတော့ သက်သေမှတ် တမ်းတွေနဲ့ အတိအကျ ရှိနေပြီ ဖြစ်ပါတယ်။

တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အလွဲသုံးစားလုပ်ပြီး အဂတိသော်လည်းကောင်း၊ ဘက်လိုက်ခြစားခြင်းသော်လည်း ကောင်း၊ လာဘ်ပေးလာဘ်ယူမှုသော်လည်းကောင်း ရှေးဟောင်း အမွေအနှစ်များအလယ်မှာ ခေတ်သစ်အဆောက်အအုံတွေ ဆောက်လုပ်ခွင့်၊ ရှေးဟောင်းအမွေအနှစ်တွေနဲ့ လိုက်လျောညီ ထွေမှု မရှိတဲ့ အပြင်အဆင် တည်ဆောက်ခြင်းများ ဆောင်ရွက် ခွင့်ကို ခွင့်ပြုပေးနေသူ မည်သည့် တာဝန်ရှိပုဂ္ဂိုလ်မဆို လက်ရှိ အစိုးရအနေနဲ့ လေ့လာစုံစမ်း အရေးယူ ဖော်ထုတ်ဖို့ အချိန်တန် ပြီ ဖြစ်ပါတယ်။

အဲဒီလို အချိန်အခါမီ ပြုပြင်ပြောင်းလဲနိုင်ခြင်း တစ်စုံတစ် ရာမရှိဘဲ ဆက်လွဲ၊ ဆက်မှားနေမယ် ဆိုပါက ရှေ့လမ်းစဉ်အတိုင်း ပုဂံဖျက်သူများစာရင်းမှာ သမိုင်းတရားခံ စာရင်းဝင်အဖြစ် ဒီမို ကရေစီခေတ်ရဲ့ ပုဂံဆိုတာ မှတ်တမ်းဝင်သွားမယ်ဆိုတာ အသေ အချာ အတိအကျပင် ဖြစ်ပါတယ်။

ဒီမိုကရေစီခေတ်ရဲ့  ပုဂံ ဆက်မပျက်ရန် နည်းမှန်လမ်းမှန် ကာကွယ်ထိန်းသိမ်းမှုမှန်နဲ့ လူမှန်တွေ ပြောင်းလဲဖို့ အချိန်တန်ပြီ ဖြစ်တယ်။

သမိုင်းတစ်ခုအတွက်

ဒိုင်းဆုက အရေးမကြီးဘူး

သမိုင်းကြီးမားတဲ့ မြို့ကို

ကာကွယ် ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့

အစိုးရတစ်ရပ်ပဲ လိုအပ်တယ်။

အမျိုးအစား - ပို့စ်ကဒ်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."