စစ်ကိုင်းတိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်နဲ့ တန့်ဆည်မြိုနယ်အစပ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရကာ နယ်ခံတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက်အစောပိုင်းက ဒီပဲယင်းမြိုနယ် ဂွေးပင်ကုန်းကျေးရွာကို စိုင်ပြင်တိုက်နယ်မှာတပ်စွဲထားတဲ့ အင်အား (၃၀) ခန့်ပါတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း နေအိမ်အချိုကို ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနောက် ကျေးရွာဒေသခံ သုံးဦးကို ဖမ်းဆီးသွားခဲ့ကြပြီး မွန်းလွဲပိုင်းမှာတော့ စိုင်ပြင် မီးသတ်ရုံအနီးမှာ ဖမ်းဆီးခေါ်ဆောင်သွားသူ သုံးဦးထဲက တစ်ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းအားထားပစ်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ဒါအပြင် ကျေးရွာပြည်သူတွေရဲ့ စပါးအိတ်တွေနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှိဖျက်ဆီးခဲ့ကြတယ်လို ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြိုနယ်အတွင်းက ကျေးရွာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေပြီး စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ်အများအပြားကိုလည်း မီးရှိဖျက်ဆီးခဲ့ပါတယ်။
တန့်ဆည်မြိုနယ် သပြေရင်းကျေးရွာမှာ သုံးရက်တိုင် ညအိပ်တပ်ဆွဲခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ သပြေရင်းကျေးရွာအတွင်း တစ်ရွာလုံးနီးပါးရှိ နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူကာ အိမ်တွေကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံကပြောပါတယ်။
ဒါအပြင် ဒီကနေ့ နံနက်ပိုင်းမှာ လက်ဆည်ရွာထဲက နေအိမ်အချိုကိုလည်း ဖျက်ဆီးခဲ့ပြီး ရေရှင်ကုန်းရွာ တောင်ဘက်က ဒေသခံတွေရဲ့ ဆိုင်ကယ် (၁၀) စီးကျော်ကိုလည်း မီးရှိဖျက်ဆီးခဲ့ကြကြောင်း ဒေသခံက ပြောပါတယ်။
“ဆိုင်ကယ်တွေက စစ်ပြေးနေကြသူတွေ ထားခဲ့ ဆိုင်ကယ်တွေပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မွန်းလွဲပိုင်းမှာတော့ အာဏာသိမ်းစစ်တပ်ဟာ လယ်တီးကျောင်းမှာ တပ်ဆွဲထားပြီး ဒေသခံခြောက်ဦးခန့်ကိုလည်း လမ်းပြအဖြစ်ခေါ်ဆောင်ခံထားရကြောင်း ဒေသခံက ပြောပါတယ်။
ပုံစာ – တန့်ဆည်မြိုနယ်၊ လက်ဆည်ရွာအပါအဝင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပုံနှင့် ဖျက်ဆီးခံထားရသည့် နေအိမ်များ၊ သတ်ဖြတ်ခံရထားရသည့် ဒေသခံ။
ဓါတ်ပုံ-ဒေသခံ
#Dailynews

