၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Poem ဖြစ်ပါသည်။မင်းထက်မောင်ရေးသည်
သင့်ကို ပထမဦးစွာ ပြောလိုတာက
ဒီကဗျာမှာ ခေါင်းစဉ် မရှိဘူး
မရှိလို့ မဖြစ်ဘူးဆိုရင်လည်း
ဒီကဗျာမှာ ခေါင်းစဉ်မရှိဘူးဆိုတာ
ဒီကဗျာရဲ့ ခေါင်းစဉ်ပဲ။
ကောင်းပြီ ဆက်ပြောမယ်
ဒီကဗျာမှာ အကြောင်းအရာ မရှိဘူး
မရှိလို့ မဖြစ်ဘူး ဆိုရင်လည်း
အကြောင်းအရာ မရှိတဲ့ အကြောင်းအရာဟာ
ဒီကဗျာရဲ့ အကြောင်းအရာပဲ။
ကောင်းပြီ ဆက်ပြောဦးမယ်
ဒီကဗျာမှာ အနက်အဓိပ္ပာယ် မရှိဘူး
မရှိလို့ မဖြစ်ဘူး ဆိုရင်လည်း
အနက်အဓိပ္ပာယ် မရှိခြင်းဟာ
ဒီကဗျာရဲ့ အနက်အဓိပ္ပာယ်ပဲ။
ဆက်ပြီး ပြောရမယ်ဆိုရင်တော့
ဒီကဗျာမှာ
ကာရန်၊ အသံ၊ နိမိတ်ပုံ၊ ဂုဏ်၊ အလင်္ကာ
အနုပညာ၊ နိုင်ငံရေး၊ အိုင်ဒီယိုလော်ဂျီ
ဘာသာစကား တီထွင်သုံးစွဲမှု စသည် စသည်
အဲဒါတွေလည်း ဘာတစ်ခုမှ မရှိဘူး
အဲဒါတွေ မရှိလို့ မဖြစ်ဘူး ဆိုရင်လည်း
သင့်သဘော သင့်အလိုအတိုင်းသာ။
(၁၁.၉.၂ဝဝ၄)