ဒိုက်ဦး- ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို အဆောင်တွေခွဲထုတ်တာ၊ တိုက်ပိတ်စစ်မေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နေပြည်တော်အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ချုပ်ကိုယ်တိုင် ဦးဆောင်စီစဉ်နေတာလို့ ဒိုက်ဦးထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ အခုက အရင်လိုမဟုတ်တော့ဘူး။ နိုင်ကျဉ်းတွေကို လူခွဲထုတ်ပြီး အခြားအကျဉ်းသားတွေ ရောထားလိုက်ပြီ။ ခေါ်ထုတ်စစ်နေတဲ့သူတွေကိုလည်း အဆောင်ပေါ် ပြန်မပို့ဘူး။ တိုက်ထဲမှာ ပိတ်ထားတယ်လို့ ကြားတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။
ဒါ့အပြင် အိပ်ဆောင်တွေကို ရှာဖွေရေးတွေ တောက်လျောက်ဝင်နေပြီး အကျဉ်းသားတွေရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ပျက်စီးတာ၊ အစားအသောက်တွေ ပျက်စီးတာတွေဖြစ်နေသလို နိုင်ငံရေးသမားအကျဉ်းသားတွေကိုကူညီပေးတဲ့ အောက်ခြေ ဝန်ထမ်းတွေကို အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းကဆိုရင် အဲဒီထောင်က နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်တပ်၊ရဲ နဲ့ အကျဉ်းစီးဦးဝန်ထမ်းတွေ ပူးပေါင်းထားတဲ့အဖွဲ့က စစ်ကြောရေးလုပ်ဖို့အတွက် ထောင်ပြင်ကို ခေါ်ထုတ်တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး ကျန်အကျဉ်းသားတွေကိုလည်း ရက်ပေါင်းများစွာ တန်းပိတ်ညှင်းပန်းခဲ့ပါသေးတယ်။
အခုတော့ထောင်မှာ တန်းဖွင့်တာတွေ ပုံမှန်ပြန်ဖြစ်လာပေမယ့် ခေါ်ယူစစ်ဆေးနေသူတွေကိုတော့ အိပ်ဆောင်ပေါ်ကို ပြန်မပို့သေးဘူးလို့ နီးစပ်သူက ပြောပါတယ်။
ခေါ်ယူစစ်ဆေးခံနေရသူတွေထဲက ကိုသန့်စင်ဝင်း ဆိုသူဟာ စစ်ကြောရေးမှာသေဆုံးသွားတယ်လို့ သတင်းတွေ ထွက်လာပေမယ့် သူတို့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
အိပ်ဆောင်ခြောက်ဆောင်ရှိတဲ့ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ယခင်တုန်းက အမှတ် ၁ အိပ်ဆောင်မှာ အများစု ထားပြီး အိပ်ဆောင် ၂ နဲ့ ဆေးရုံဆောင်တွေမှာလည်း ထားပါတယ်။
ဆေးရုံဆောင်မှာ နေသူတွေကတော့ အကျဉ်းထောင်အာဏာပိုင်တွေကို တစ်လ ကျပ် ငါးသောင်းကနေတစ်သိန်းကြား အခကြေးငွေပေးပြီး နေထိုင်ရတာဖြစ်ပါတယ်။
အခုတော့ အမှတ် ၁ နဲ့ ၂ အိပ်ဆောင် က နိုင်ငံရေးအကျဉ်းသားတွေနဲ့ အမှတ် ၃ နဲ့ ၄ က ရာဇဝတ်အကျဉ်းသားတွေ ရောနှောပစ်လိုက်တဲ့အတွက် အကျဉ်းသားတွေကြား လူမှုရေးပြဿနာတွေ၊ ခိုက်ရန်ဖြစ်မှုတွေနဲ့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ အခြားအမှု အကျဉ်းသားတွေရဲ့ မမှန်သတင်းပေးတိုင်ကြားလို့ ချောက်ကျနိုင်တဲ့ ဖြစ်ရပ်တွေလည်း ပိုတိုးလာနိုင်တယ်လို့ ဒိုက်ဦးထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အိပ်ဆောင် အမှတ် ၅ ကို ဆေးရုံဆောင်အဖြစ် ပြုလုပ်ထားပြီး အိပ်ဆောင် အမှတ် ၆ ကတော့ အမျိုးသမီးထောင်ဖြစ်ပါတယ်။
အဲဒီထောင်မှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးသမားအကျဉ်းသားတွေဟာ ရေမသန့်ရှင်းမှုကြောင့် ယားနာဖြစ်တာ၊ ခြင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်တာ၊ တောင်ယာစိုက်ပျိုးရေး လုပ်ခိုင်းတာ၊ ဆန်အိတ်ထမ်း၊ ဖွဲအိတ်ထမ်းခိုင်းတာတွေကို ကြုံတွေ့ လုပ်ကိုင်ကြရပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း၊ မိုးယွန်းကြီးအင်းအနီး၊ ရန်ကုန်-မန္တလေးကားလမ်းအနောက်ဘက်ခြမ်း၊ မှိုင်းလုံ-ကျွဲတဲကွင်းရွာလမ်းဘေး၊ ကျိုက်စကော အကျဉ်းဦးစီးဌာန အလုပ်စခန်းရဲ့ အနောက်ဘက်မှာ ရှိတဲ့ အဲဒီထောင်မှာ အကျဉ်းသား ၁,၇၀၀ ခန့် ရှိပြီး ၆၀၀ လောက်က နိုင်ငံရေးသမား အကျဉ်းသားတွေဖြစ်ကာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း အဲဒီထောင်မှာ စစ်ကောင်စီက ဖမ်းထားတာဖြစ်ပါတယ်။
#Dailynews

