ရန်ကုန်- ၂၀၂၂၊ ဩဂုတ် ၈ရက် (မော်ကွန်း)
ရန်ကုန် နဲ့ ဒလမြို့နယ် ပြေးဆွဲနေတဲ့ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်က လှေဆိပ်တစ်ချို့ ဒီကနေ့နံနက်ပိုင်းကစလို့အခုထိပိတ်ထားပါတယ်။
စဉ့်အိုးတန်းသမ္ဗာန်ဆိပ်ဂိတ်မှာ လှေဆိပ်ငါးခုရှိပြီး ကမာကဆစ်လှေဆိပ်နဲ့ သင်္ဘောဆိပ်တစ်ခုသာ ဖွင့်ထားပါတယ်။
“မနက်ပိုင်းရုံးသွားတုန်းကဆို ဒလဘက်ခြမ်းက ကမာကဆစ်ဂိတ်မှာလူတွေပြည့်ကြပ်နေတာပဲ။ သင်္ဘောပေါ်မှာလည်းလူတွေအပြည့်ပဲ” လို့ဒလကဒေသခံတစ်ဦးကပြောပါတယ်။
ဘာကြောင့် အခုလို ပိတ်ထားရတယ်ဆိုတာကိုတော့မသိရသေးဘဲ ဒလမြို့နယ်ထဲက ရွာတစ်ခု မှ ဒေသခံတစ်ချို့ပြောတာကတော့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မို့ပိတ်တာလို့လည်းပြောကြပါတယ်။
လှေဆိပ်ကတာဝန်ရှိသူတွေကတော့ “လှေဆိပ်ပိတ်ထားတယ်။ ကမာကဆစ်ကသွားစီး” လို့သာပြောပါတယ်။
စဉ့်အိုးတန်းကသမ္ဗာန်ဆိပ်ကို လမ်းမတော်၊လသာ နဲ့ ရန်ကုန်မြို့ထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဒလမြို့နယ်က ဒေသခံတွေအများဆုံးအသုံးပြုကြတာပါ။
အခုလှေဆိပ်မှာဆိုရင် လေထန်မိုးထန်ကြားထဲ သမ္ဗာန်စီးဖို့ စောင့်နေကြတဲ့လူတွေကိုလည်းတွေ့ရပါတယ်။
ဒလဘက်ခြမ်းက သမ္ဗာန်ဆိပ်တွေမှာဆိုလည်း စစ်ကောင်စီတပ်သားတွေကလုံခြုံရေးယူထားကြပါတယ်။
အခုလို သမ္ဗာန်ဆိပ်တွေ ခေတ္တပိတ်လိုက်တဲ့အချိန်အတွင်းမှာရန်ကုန် နဲ့ ဒလ ကိုနေ့စဉ်ကူးသန်းသွားလာနေရတဲ့လူတွေအဖို့ သွားရေးလာရေးမှာ အရင်နေ့တွေထက်ပိုပြီးအခက်တွေ့နေရတယ်လို့ပြောပါတယ်။
Photo: Mawkun
#Dailynews

