ဒဏ်ရာများနဲ့ မိုးကုတ်သို့ တစ်ခေါက်

ဒဏ်ရာများနဲ့ မိုးကုတ်သို့ တစ်ခေါက်

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Travelogue ဖြစ်ပါသည်။

ကောင်းထက်စံ ရေးသည်။

                                 အချိန်က နံနက် ၆ နာရီခန့်။

                  ဆိုင်ကယ်ကယ်ရီသမားများ၊ သုံးဘီးသမား များ၊ ကားကြီး ကားငယ်များနှင့် ဆူညံရှုပ်ထွေးနေ သော မန္တလေးကျွဲဆည်ကန် ကားဝင်းသို့ ကျွန် တော်နှင့် မော်ကွန်းမဂ္ဂဇင်းမှ သတင်းထောက် ကိုစီဇံမျိုးကျော်တို့ ရောက်ရှိလာကြသည်။

                    အဝေးပြေးကားဖြင့် ခရီးသွားပါက မိမိအနေဖြင့် စိတ် အနှောင့်အယှက် တကယ်ဖြစ်ရသည့် နေရာသုံးခု ရှိသည်။

                   ရန်ကုန်က ဒဂုံဧရာအဝေးပြေး၊ အောင်မင်္ဂလာအဝေးပြေး နှင့် မန္တလေးကျွဲဆည်ကန်ကားဝင်းတို့ဖြစ်သည်။

                    ကားဂိတ် အဝင်ဝတွင်  ခရီးသည်များကို အတင်းလိုက်လံ ကာ မေးမြန်းနေသော လူခေါ်ပွဲစားများ၊ သင်္ကန်းဝတ်ကာ စာ  အိတ်များဖြင့် ပိုက်ဆံလိုက်တောင်းနေသူများ၊ အမည်မသိ အလှူခံများ၊ တောင်းရမ်းသူများဖြင့် စည်ကားလျက်ရှိနေသော ထိုနေရာများကို ကျော်၍ သွားချင်နေမိသည်။  သို့သော်လည်း ယခုအချိန်တွင် ထိုနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့သည်။

                     ကျွန်တော်တို့ခရီးစဉ်မှာ မိုးကုတ်မြို့သို့ဖြစ်သည်။ မိုး ကုတ်သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့် ကျွန်တော့်အတွက် စူးစမ်းလိုစိတ်လည်း ဖြစ်နေသည်။ ကျွန်တော်သိသည်မှာလည်း မိုးကုတ်ဟု ကြားလိုက်လျှင် သေသေချာချာမမြင်ဖူးသည့် ပတ္တမြားကြီးကိုသာဖြစ်သည်။

                    မန္တလေးမှ မိုးကုတ်သို့ဆွဲသည့် ကားလေးတစ်စီးနှင့် လိုက်ပါလာခဲ့သည်။ လူတစ်ဦးလျှင် တစ်သောင်းနှစ်ထောင်ကျပ် ပေးရ သည့် မိမိတို့ကားပေါ်တွင် အားလုံးပေါင်း ခရီးသည်လေးဦး။၊ နောက်အခန်းတွင်တော့ ကုန်ပစ္စည်းအပြည့်တင်ဆောင်လာ သည်။ ကားဆရာ၏ အဆိုအရ သူတို့က တစ်လလျှင် ကျပ် သုံး သိန်းလောက်သာရပြီး ကုန်လေးဘာလေးတင်မှသာ ခုသာခံ သာရှိသည်ဟုဆို၏။

                   ဖွင့်ထားသော ကားပြတင်းဝဆီမှ လေများသည် တဟူးဟူး တိုက်ခတ်နေသည်။ တွေးထားသည်မှာ မိုးကုတ်သို့ သုံးနာရီ ခန့်သာ စီးနင်းရမည်ဟု ထင်မိသည်။ သို့သော် ကားဆရာပြော ပြမှ  ခြောက်နာရီကျော်ကြာ စီးရမည်ကို သိရှိရသည်။

                    မိုးကုတ်သို့ သွားရာလမ်းကြောင်းသည် ပုံမှန်အားဖြင့် နှစ်ခုရှိသည်။ မန်္တလေး – မတ်္တရာလမ်းမှတစ်ဆင့် သွားသည့် လမ်းကြောင်းနှင့် ပြင်ဦးလွင်မှသွားရောက်နိုင်သည့် လမ်း ကြောင်းဖြစ်သည်။ မိမိတို့သွားရောက်သည့်လမ်းသည် မတ်္တရာ လမ်းဖြစ်သည်။ ထိုလမ်းသည် သစ်မှောင်ခိုသမားများ ကူး လူးသွားလာရာ လမ်းကြောင်းအဖြစ် နာမည်ကျော်ကြားသည်။

                    ပြင်ဦးလွင်လမ်းသည် ပို၍ပင် နာမည်ကျော်သေးသည်။ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က ဆက်ကြေးကောက်တတ်သည်ဟု ဒေသခံတွေကပြောကြသည်။ တချို့ကလည်း ဓားပြတိုက် သည်ဟုဆိုကြသည်။ မကြာသေးခင်အချိန်များကလည်း ဓားပြ တိုက်မှုများ မကြာခဏဆိုသလို ကြားရသည်။

                   အဆိုပါ လမ်းကြောင်းနှစ်ခုအပြင် ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲမြို့မှ ဖြစ်စေ၊ မိုးမိတ်မြို့မှ ဖြစ်စေ သွားနိုင် သေးသည်။

                 မတ္တရာလမ်းပိုင်းမှ ကျော်လွန်၍ မိုးကုတ်သို့ တက်ရာလမ်း သည် အကွေ့အကောက်များလှသည်။ လမ်းတွင်လည်း ယာဉ် ငယ်များကိုသာ အများဆုံးတွေ့ရသည်။ ကားဆရာကတော့ ““ဒီ လမ်းကို ခရီးသည်တင်ကားကြီးတွေ ဘယ်တတ်နိုင်မလဲ။ မိုင်က သိပ်မဝေးပေမယ့် မောင်းရတာ မတွင်ဘူး။ ဆီဖိုးကုန်တယ်လေ””ဟု ကားမောင်းနေရင်းက ဆိုသည်။

                 သို့သော် နိုဝင်ဘာလအတွင်းက High Class ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီဖြစ်သည်။ စိမ်းစိုနေသည့် တောတောင်များ ကြား လမ်းမပေါ်တွင် ရွာငယ်များကို ခပ်စိပ်စိပ် တွေ့ရသည်။ လိုင်းကားများသည် အရှိန်ဖြင့် မောင်းနှင်ကြပြီး အကွေ့များ တွင်ပင် အရှိန်သိပ်မလျှော့ကြ။ ထိုအထဲတွင် မိမိတို့ကားလည်း ပါသည်။

                 အမြင့်သို့ တက်လာသည့်အခါ မြေပြန့်တုန်းက ခံစား ရသည့် ပူအိုက်မှုသည် လုံး၀ ပျောက်ကွယ်သွားပြီး အေးချမ်း သည့် ထိတွေ့ မှုကြောင့် စိတ်များလန်းဆန်းလာရသည်။  ရွာငယ် တချို့တွင် ကားခေတ်္တ နားကြသည်။ ထိုနေရာများတွင် အသီး အနှံများ၊ ဒေသထွက် ခေါပုတ်၊ ပဲပုတ်နှင့် အခြားဒေသများမှ ကော်ဖီမှုန့်၊ လက်ဖက်များကိုလည်း ရောင်းချသည်ကို တွေ့ ရသည်။

                 ထိုသို့ဖြင့် မွန်းလွဲ သုံးနာရီခန့်တွင် ပတ္တမြားမြေသို့ ချဉ်း ကပ်မိကြသည်။ “ပတ္တမြားမြေမှ ကြိုဆိုပါ၏” ဆိုင်းဘုတ်ကြောင့် မူလက စိတ်ကူးယဉ်ထားသော မိမိစိတ်ထဲမှ ပတ္တမြားကြီးအား ပြန်မြင်ယောင်လာသည်။

                   အမှန်တကယ်မှာ မိုးကုတ်သို့မရောက်သေး။ ကျွန်တော် တို့ရောက်သည်မှာ ကျပ်ပြင်စံပြကျေးရွာဖြစ်သည်။ စံပြကျေးရွာ ဟုဆိုသော်လည်း ရွာပုံစံနှင့်လုံးဝမတူ။ မြို့ငယ်တစ်ခုထက်တောင် ပိုပြီး စည်ကားနေသည်။ ဘဏ်၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ရဲစခန်း၊ ဘုန်းကြီးကျောင်း ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ နှင့် ဈေးဆိုင်များသည် မြို့တစ်မြို့၏ ဒီဇိုင်းဖြစ်နေသည်။

                  စာရေးသူ မောင်မောင်လေးရေးသားသော မိုးကုတ် နှစ် ၈၀၀ ပြည့် “မြန်မာတို့၏ ပတ္တမြားမြေ” (၁၈၈၅-၁၉၃၉) စာအုပ် တွင် အင်္ဂလိပ်ခေတ်လက်ထက်က ကျပ်ပြင်ရှိ ကျောက်တူးဖော် ရေးစတင်စဉ်က လုပ်ကွက်များနှင့် တူးဖော်လုပ်ကိုင်ကြပုံတွေကို ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ တချို့ကလည်း ကျပ်ပြင်နှင့် မိုးကုတ်သည် အတူတူဖြစ်နေဟန်ဖြင့် မိုးကုတ်ဟုသာ ပြောဆို ကြသည်။ ကျပ်ပြင်သည်လည်း နေထိုင်၍ ကောင်းမည့် နေရာတစ်ခုဟု ဆိုနိုင်သည်။

Photo-Kaung Htet San  မိုးကုတ်မြို့အဝင် တံတားတိမ်

တံတားတိမ်

                   ကျပ်ပြင်မှမိုးကုတ်သို့ ကားဖြင့် နာရီဝက်ခန့်မောင်းရသည်။ မိုးကုတ်အဝင်ဆိုင်းဘုတ်ကျော်သည်နှင့် တံတားငယ်တစ်စင်းကို ဖြတ်သန်းရသည်။ ထိုတံတားအောက်မှ ဖြတ်သန်းနေသော ချောင်းရေသည် ဝါထိန်နေသည်။

                    ထိုတံတားကို ဒေသခံတို့က တံတားတိမ်ဟု လှောင်ပြောင် ခေါ်ဝေါ်ကြသည်။တံတားတိမ်၏ အမည်ရင်းမှာ တံတားနက်ဖြစ်သည်။ တစ်ချိန်က ဤတံတားနေရာသည် ရေနက်သောကြောင့် တံတား နက်ဟု ခေါ်ခဲ့ကြရာမှ နောက်ပိုင်းတွင် ရေတိမ်လာသောကြောင့် တံတားတိမ်အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

                   ကျေးနီတောင်မှ အစပြု စီးဆင်းလာသော ရေများသည် ချောင်းအထက်ပိုင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ရေများနှင့်ရောစပ်ပြီး ဤရေနီချောင်း အတွင်း စီးဆင်းလာရာ နှစ်ကာလကြာမြင့်လာသောအခါ ချောင်းသည် မြောင်းသာသာ ဖြစ်သွားတော့သည်။

                 မိုးကုတ်တွင် အဆိုပါချောင်းနှင့်ပတ်သက်၍ ဆိုရိုးစကား မှာ ““ဒီချောင်းရေကြည်ရင် မိုးကုတ်သားတို့ ထမင်းငတ်ပြီ””ဟူ၍ဖြစ်သည်။

မိုးကုတ်အကြောင်း

                  မိုးကုတ်သည် ရှမ်းတိုင်းရင်းသားတို့ ပိုင်နက်ဖြစ်ခဲ့ဖူးသည်။ မိုးကုတ်သည် ရှမ်းဘာသာစကား မိန်းကွတ်မှ ဆင်းသက်လာ သည်ဟုဆိုကြသူများလည်းရှိသည်။ မိန်းမှာမြို့၊ ကွတ်မှာ ကောက် ကွေ့ ခြင်းဟုဆိုသည်။

                 မိုးကုတ်သည် တောင်တန်းများအကြား တည်ရှိပြီး အေးမြ သောရာသီဥတုရှိသည်။ အမြင့်ပေ ငါးထောင်အထက် တောင် တန်းများ၏ အလယ်တွင် မိုးကုတ်မြို့ကို တွေ့မြင်နိုင်သည်။ မိုးကုတ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၈၀၀ ကျော်တွင်တည်ရှိပြီး မြို့မရပ်ကွက်၊ ရှောလီဝိုင်းရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ လယ်ဦးရပ်ကွက်၊ ရေပူရပ်ကွက်၊ ကျပ်ပြင် ကျေးရွာအုပ်စုနှင့် ကသဲကျေးရွာအုပ်စုတို့ဖြင့် ဖွဲ့စည်းထားသည်။

                 မိုးကုတ်မြို့တွင် နေထိုင်ကြသူများတွင် ရှမ်း၊ ဗမာ၊ လီဆူ ပလောင်နှင့် ဂေါ်ရခါးလူမျိုးများ အဓိကနေထိုင်ကြသည်။ ၁၈၈၆ တွင် အင်္ဂလိပ်စစ်တပ်က မိုးကုတ်မြို့ကို ဂေါ်ရခါးတပ်များ ပါဝင် သော စစ်တပ်များဖြင့် သိမ်းပိုက်ခဲ့ကြသည်။ ထို့ကြောင့် ဂေါ်ရခါး လူမျိုးများသည် ထိုအချိန်က စတင်၍ မိုးကုတ်မြို့သို့ ရောက် ရှိခဲ့ကြသည်ဟု ဒေသလူကြီးတချို့က ဆိုကြသည်။

Photo-Kaung Htet San
ကတုတ်တပ်ကျောက်ကြောမှရှာဖွေရရှိသောဒေသအခေါ်ထင်းစားကျောက်များ

                 မိုးကုတ်ဒေသခံ အများစုမှာ  ကျောက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းအချို့လည်း ရှိသည်။ မိုး ကုတ်သည် ကျောက်လွှာကျောက်သားဖြင့် ဖွဲ့စည်းတည်ရှိသော နေရာဖြစ်သဖြင့် စိုက်ပျိုးရေး ဖြစ်ထွန်းမှုအားနည်းသည်။

 

သယံဇာတကျိန်စာ

                    မိုးကုတ်သည် နှစ်ပေါင်းများစွာ သူ၏ အသွေးအသားများ ဖြစ်သော ကျောက်မျက်ရတနာများ ထုတ်ယူခြင်းကို ခံရသည့် နေရာ ဖြစ်သည်။ ကမ္ဘာ့စံချိန်မီ၊ စံချိန်တင် အရည်အသွေးမြင့် ပတ္တမြားများထွက်ရှိရာနေရာသည် မိုးကုတ်ပင် ဖြစ်သည်။ ထို့အပြင် မိုးကုတ်၏ ထူးခြားချက်မှာ ပတ္တမြားနှင့် နီလာ အပါ အဝင် ကျောက်မျက်ရတနာ ၄၂ မျိုးထွက်ရှိကြောင်း  “မြန်မာတို့၏ပတ္တမြားမြေ” စာအုပ်တွင် ဖော်ပြထားသည်။

                   နှစ်ပေါင်းများစွာ စက်ကြီးစက်ငယ်များဖြင့် တူးဖော်ခဲ့ကြ သည့် နေရာများသည် မိုးကုတ်မြို့၏ လှပမှုကို ဖျက်ဆီးနေသကဲ့ သို့ ဖြစ်နေသည်။ ပြိုကျနေသော တောင်ကမ်းပါးများ၊ အဝေးက လှမ်းမျှော်ကြည့်ပါက ကွက်လပ်ဖြစ်နေသော တောင်ထိပ်များ သည် မိုးကုတ်မြို့ကို ဝန်းရံနေသည်။

                 အဆိုပါတောင်များတွင် ဒေသခံများနှင့် ဒေသအသီးသီးမှ လာသူများ ကျောက်ရှာဖွေကြသည်။ သူတို့၏အဆိုအရ ယခု အချိန်သည် မိုးကုတ်၏ အကျပ်တည်းဆုံးအချိန်ဖြစ်သည်ဟုဆို သည်။ အဘယ်ကြောင့်ဆိုသော် မိုးကုတ်တွင် တန်ဖိုးမြင့် ကျောက်မရှိတော့ဟု ဆိုကြသည်။ ထမင်းစားကျောက်ဟု ခေါ် သော ကျောက်စကျောက်နများကိုပင် ရှာဖွေရန် ခက်ခဲနေ ကြသည်။

                  ကံတရားကိုယုံကြည်သော မိုးကုတ်မှ အောက်ခြေ ကျောက်သမားများ၏ စကားမှာ “ကံရှိရင်တော့ ရမှာပေါ့”ဟူ သည့် စကားလုံးပင်ဖြစ်သည်။ အမှန်တကယ်မှာ ယခုရှာဖွေ နေကြသည့် နေရာများသည် အသစ်မဟုတ်၊ ယခင့် ယခင် လုပ် ကိုင်ခဲ့ကြ သော ကုမ္ပဏီအသီးသီး၏ ချေဖျက်ရှာဖွေပြီးသော နေ ရာဟောင်းများသာ ဖြစ်သည်။ ကုမ္ပဏီများသည် ကံဖြင့်အလုပ် မလုပ်ခဲ့ကြဘဲ စက်ပစ္စည်း ယ်္တရားများဖြင့် ကြီးပွားတိုးတက်ရန် နည်းလမ်းအသွယ်သွယ်ဖြင့် သယံဇာတများကို ယူသွားခဲ့ကြပြီး ဖြစ်သည်။

 

မိုးကုတ်၏မြင်ကွင်းတချို့

                     မိုးကုတ်တွင် စည်ကားရာနေရာများကို မိမိတို့ ရောက်ရှိ စဉ်အခါက လိုက်လံရှာဖွေမိခဲ့သည်။ ထူးခြားသည်မှာ မိုးကုတ် တွင် ဘီယာဆိုင်နည်းပါးသည်။ အရက်ဆိုင်ပိုများသည်။ကျွန်တော်တို့ကိုလိုက်ပို့သည့် လမ်းပြ၏ ပြောပြချက်အရ ဒေသခံ များက အရက်ကို ပိုကြိုက်သည်ဟု ဆိုသည်။ မိုးကုတ်မြို့တွင် စည်ကားသည့် နေရာမှာ ထာပွဲဟုခေါ်သည့် ကျောက်ဈေးပွဲများ ဖြစ်သည်။

                   နောက်ထပ်မြင်ကွင်းတစ်ခုမှာ မူးယစ်ဆေးဝါးဖြစ်သည်။ မိမိတို့ ကျောက်ဆောင်ရွာဘက်သို့ရောက်ရှိခဲ့ကြပြီး ထိုမှတစ်ဆင့် တွင်းပြို၍ လူများသေဆုံးခဲ့သော တွင်းဟောင်းတစ်ခုဆီသို့ သွားရောက် လေ့လာဖြစ်ခဲ့ကြသည်။ အခြားနေရာတွင် မရဖူး သည့် ချိုမြမြ ရနံ့တစ်ခုကို ထိုနေရာတွင် ရှူရှိုက်မိကြသည်။

                 ကျွန်တော်က ““ဘာပန်းအနံ့လဲမသိဘူး မွှေးနေတာပဲ။ ဒီအနံ့လေး ကျွန်တော်တောင်ကြိုက်တယ်””ဟု ဆိုသောအခါ ကျေးရွာဒေသခံလူငယ်က အဆိုပါအနံ့သည် မူးယစ်ဆေးဝါး တစ်မျိုး ဖြစ်သည့် ရာဘဆေးပြားအနံ့ဖြစ်ကြောင်း ရှင်းပြသည်။

                 ““အစ်ကို မယုံရင် ကျင်းထဲဆင်းကြည့်ပါလား။ အထဲမှာ ဒါပဲသုံးကြတယ်။ ဘယ်လောက်များများ သုံးကြလဲဆိုတာ သိချင် ရင်တော့ ဒီလိုနေရာမှာ အနံ့တွေ ထွက်နေတာသာ ကြည့်တော့””ဟု သူက ဆိုသည်။

                အဝါရောင် တောင်နေကြာများ ပွင့်နေသော ကျောက် ဆောင်များတွင် တွင်းပေါက်များကို တွေ့နေရသည်။ အချို့ တွင်းထဲမှ ယမ်းခွဲအသံအချို့ကို ကြားရသည်။ အထဲတွင် တွင်း များသည် တစ်တွင်းနှင့်တစ်တွင်း ဆက်စပ်နေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။ ဖြူဖွေးနေသော ခဲစာပုံများ အပေါ် တွင် ရွက်ဖျင်မိုးကာတဲများ ထိုးထားပြီး အမျိုးသမီး၊ အမျိုးသားအချို့ ခဲစာများကို ထုနေကြသည်။

               မိုးကုတ်သို့ရောက်ရှိခဲ့သည့်နေ့မှစ၍ တစ်နေ့ပြီးတစ်နေ့ မိုးကုတ်၏ ဒဏ်ရာများကို သိမြင်လာရသည်။ မိုးကုတ်မြို့သည် အေးချမ်းသလောက် မိုးကုတ်၏ အောက်တွင် ကျင်းများ၊ တွင်း များ၊ လိုဏ်ခေါင်းများ များပြားလှသည်။ ကျောက်မျက် ယူသွား သူများသည် ထိုအရာများကို ပြန်လည်မပြုပြင်ခဲ့ပါ။ မြို့လယ်တွင် လည်း တစ်ချိန်က မိုင်းတွင်းဖြစ်ခဲ့သည့် ကျင်းကြီးလည်းရှိသည်။ နှစ်ကာလကြာမြင့်လာကာ ရေကန်တစ်ခုသဖွယ်ဖြစ်လာပြီး မသန့်ရှင်းသောရေများဖြင့် တည်ရှိလာသည်ကို မနှစ်မြို့သော မိုးကုတ်မြို့သားများက ကန်ကို ဆယ်ယူကာ မိုးကုတ်အင်းအဖြစ် ဖန်တီးလိုက်ကြသည်။

Photo-Kaung Htet San  ဓာတ်တော်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတစ်ခုမှ လုပ်သားများ၏အဝတ်များ

                  မြို့ခံအချို့သည် မိုးကုတ်ကို ခရီးသွားဇုန် တစ်ခုအဖြစ် ပြောင်းလဲလိုကြသည်။ ယခုနှစ် သြဂုတ်ကလည်း ဟိုတယ်နှင့်    ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက နိုင်ငံခြားသား ခရီး သွားဧည့်သည်များကို မိုးကုတ်မြို့သို့ သွားရောက်လည်ပတ် ခွင့်ပြုလိုက်သည်။

                   မိုးကုတ်မြို့လယ်တွင်လည်း ကျောက်မျက်ရတနာပြခန်း တစ်ခုကို တည်ဆောက်ရန် ပြင်ဆင်နေကြသည်။ ဟိုတယ်ပိုင်ရှင် တစ်ဦးက ““ကျွန်တော်တို့မြို့ကို လာရင် ဘုရားတွေလည်းရှိတယ်။ လည်လို့ရတာတွေရှိတယ်””ဟု ဆိုသည်။

                   မိုးကုတ်မြို့သို့ လာရောက်လည်ပတ်မည်ဆိုပါက မိုးကုတ် မြို့အား အပေါ်စီးမှတွေ့မြင်နိုင်သော ချမ်းသာကြီးဘုရား၊ လေး မျက်နှာဘုရားနှင့်ပတ္တမြားစေတီ၊ ကျောက်မျက်ရတနာရောင်းချ သည့် ထာပွဲ၊ ကျောက်တွင်းများ၊ မိုးကုတ်မြို့၏ ရှုခင်းကို ကြည့် ရှုနိုင်သည့် ဒေါ်နန်းကြည်တောင် စသည့်နေရာများစွာရှိသည်။

                   ထို့အပြင် ၁၈၈၆ က ပတ္တမြားမြေကို ချီတက်သိမ်း ပိုက်ခဲ့သော ဗြိတိသျှ မဟာမင်းကြီး ဘားနတ်ကို အစွဲပြု မှည့်ခေါ် ထားသော  ဘားနတ်မြို့နှင့် စစ်သချိုင်းဟောင်းလည်းရှိသည်။ အဆိုပါတောင်ကို ဒေသခံတို့က ဘားနတ်တောင်ဟုခေါ်ပြီး ဆောင်းတွင်းကာလတွင် ရေခဲသည့်နေရာအဖြစ် ခရီးသွားများ အကြား ရေပန်းစားသည်။ ဒေသအစားအစာများဖြစ်သည့် မိုးကုတ်၏ နာမည်ကျော် မုန်ညင်းပေါင်း၊ မိုးကုတ်မြီးရှည်၊ မိုးကုတ် ထမင်းပေါင်း၊ မှိုပေါင်း၊ ဝက်သားချဉ်၊ ဂျုံခေါက်ဆွဲတို့ကို မြည်းစမ်း နိုင်သည်။

                  ထို့အပြင် မိုးကုတ်သည် ပြည်တွင်းပြည်ပ ခရီးသွားများကို သူ၏ ဒဏ်ရာများကို ခေါ်ယူပြသရမည့်နေရာတစ်ခုလည်း ဖြစ် နေသည်။ ထိုမှတစ်ဆင့် မိုးကုတ်မြို့အခြေပြုခရီးသွားလုပ်ငန်း စနစ်တစ်ခုကို ဖန်တီးရမည်ဖြစ်ပြီး စီးပွားရေးကျပ်တည်းနေ သော ဒေသခံလူတန်းစားအသီးသီး၏ ဒုက္ခများကို ဖြေရှင်းရန် ဖော်ဆောင်ရမည်သာဖြစ်သည်။

                 ခရီးသွားလုပ်ငန်း၏ အစိတ်အပိုင်းများဖြစ်သော ခရီး သည်ပို့ဆောင်ရေး၊ တည်းခိုရေး၊ ဒေသအစားအစာများ၊ လေ့လာ လည်ပတ်ရမည့်နေရာများ၊ အပန်းဖြေနေရာများ၊ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် စီမံခန့်ခွဲမှုများ၊ ပွင့်လင်းမြင်သာမှု ရှိသော ဘဏ္ဍာငွေခွဲဝေအသုံးချမှုများနှင့် လုံခြုံရေးဆိုင်ရာ အာမခံမှုများကို ပေးနိုင်ရမည်။

Photo-Kaung Htet San  ကတုတ်တပ်ကျောက်ကြောတွင်ခဲစာရှာဖွေသူများ

                  ကျန်ရှိနေသေးသော ဒေသထွက် ကျောက်များကို ခရီး သွားများထံ အရည်အသွေးမြင့်မြင့် ပြသရောင်းချနိုင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် သုံးစွဲသူမှ ကျင်းဝရှိ လုပ်သားများထိ ကောင်းမွန် သော စီးပွားရေးအထောက်အပံ့များကို ဆောင်ကြဉ်းနိုင်ရမည်။

                 သို့သော်လည်း အေးစက်သောညနေခင်း၏ အဝါရောင် ရွှံ့ရေများထဲမှ ကျောက်ရှာသူများကတော့ ကံတရားကိုသာ အခြေပြု၍ နှမ်းစေ့သာသာ ကျောက်များကို အသည်းအသန်ရှာဖွေရန်ကြိုးစားနေကြသလို အထပ်ထပ်အခါခါရှာဖွေပြီးသော ခဲကျင်းတစ်ခုအတွင်းမှ ဇနီးမောင်နှံနှစ်ဦးသည်လည်း ယနေ့ အတွက် ကျောက်မရသေးကြပေ။

Photo-Kaung Htet San ကျောက်ပုတ်ရွာအတွင်းရှိ ပြိုကျခဲ့သော ကျောက်တွင်း

                 သူတို့အဆိုအရ ဝင်ငွေသည် တစ်နေ့နှင့်တစ်နေ့ မတူ၊ ကံကောင်းသည့်နေ့တွင် ထမင်းစားကျောက်ဟုခေါ်သည့် ဈေး ပေါသည့် ကျောက်ကလေးများရတတ်ပြီးငွေပို၍ရတတ်သော အချိန်များတွင် ရရချင်း ဆန်၊ ဆီ၊ ဆားစသည်တို့ကို တစ်ခါတည်း ဝယ်စုထားလိုက်သည်ဟု ဆိုသည်။

                  ကျောက်ဆောင်ရွာအနီးရှိ သက်တမ်းကုန် လုပ်ကွက် တစ်ခုမှ ပြိုကျပျက်စီးနေသော ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်ရှိ မိုင်းတွင်းဝတွင် ကျောက်ရှာဖွေသူ ကိုစောတင့်က““ကျွန်တော်တို့ကို သတ်သတ်မှတ်မှတ် ကိုယ်တတ်နိုင်တဲ့ အခွန်လေးပုံစံလေးနဲ့ လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်လေးကို ရချင်တာပေါ့။ အခုကတော့ မလွတ်လပ်ဘူး ဒီနေ့လာဖမ်းမလား၊ မနက်ဖြန် လာဖမ်းမလားဆိုတာ မသိရဘူးလေ””ဟုပြောသည်။

                    ကိုစောတင့်ကဲ့သို့ မိုင်းတွင်းသမားများအပါအဝင်  ချောင်း ဘေးတွင် ဗြုန်းဟုခေါ်သော မြေသား၊ ကျောက်သားများကို ရေ ထိုးကာ ကျောက်ရှာဖွေသူများသည် အစိုးရမှလုပ်ကိုင်ခွင့်ပေး ထားသည့် ကုမ္ပဏီများကဲ့သို့ တရားဝင်ရှာဖွေခွင့်ရှိသူများ မဟုတ်ဘဲ ခိုးတွင်းများဟု သတ်မှတ်ခြင်းကို ခံနေရသူများဖြစ်သည်။

                   သူက ထပ်မံ၍ ““ဥပဒေတွေကိုတော့ ကျွန်တော် နား မလည်ပါဘူး။ ဒါပေမဲ့ ကိုယ့်မြို့ခံ၊ ကိုယ့်လုပ်စားပိုင်ခွင့်လေးရတဲ့ နေရာလေးကို လုပ်စားပိုင်ခွင့်မရှိတာကတော့ ဝမ်းနည်းတာပေါ့””ဟုပြောသည်။

                     အချိန်သည် ညနေစောင်းလာပြီ။ အေးမြသော မိုးကုတ် ဆောင်းရာသီသည် အေးသည်ထက် အေးလာသည်။ ရေနီ ချောင်းသည်လည်း စီးဆင်းမြဲဖြစ်ပြီး ဆိုရိုးစကားအရ ရေကြည် ပါက ငတ်မည်ဆိုသော်လည်း ရေမကြည်ခင်မှာ မိုးကုတ်သည် မိုးမှောင်ကျနေပြီ ဖြစ်သည် ။

                    မိုးကုတ်အား ဝန်းရံထားသော တောင်ကုန်း တောင်တန်း များပေါ်ရှိ မိုင်းတွင်းများထံမှ မိုင်းခွဲသံတချို့ ကြားရသည်။ မိုး ကုတ်သည် နေဝင်တော့မည်ဖြစ်ပြီး နောက်တစ်နေ့ မိုးလင်းလာ လျှင်လည်း အပြိုအပျက်တောင်ကုန်း တောင်တန်းများဖြင့် သူ၏ မျက်နှာကို ဖွင့်လှစ်မည်ဖြစ်သည်။

  • #kaung_Htet_San
  • #mawkun
  • #magazine
  • #chronicle



အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."