ဒဂုန်တာရာ၏ မေ ကျွနု်ပ်တို့၏ မေ

ဒဂုန်တာရာ၏ မေ ကျွနု်ပ်တို့၏ မေ
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Book Review  ဖြစ်ပါသည်။

သင့်နော် ရေးသည်။

ဒဂုန်တာရာ၏ မေ ကျွနု်ပ်တို့၏ မေ

မေ။

ဤတစ်လုံးတည်းသော မေ ဟူသည့် စကားလုံးသည် မြန်မာ မိန်းကလေးတစ်ဦးအတွက်

လွန်စွာ ရိုးစင်းသော အမည်နာမ တစ်ခုအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တည်ရှိခဲ့ပြီး ဖြစ် သည်။ မြန်မာမိန်းကလေး မြောက်မြားစွာတို့သည် မေ ဟူသော  ချစ်စဖွယ် ဤအမည်ကို ခံယူထားကြပြီး ဖြစ်ကောင်းဖြစ်နိုင်သော်ငြား မြန်မာစာပေလောကထက်တွင်မူ မေ အမည်ဖြင့် ဝတ္ထုစာအုပ်တစ်အုပ်တည်းသာ အထင်အရှား ရှိခဲ့ပေသည်။

ထိုတစ်အုပ်တည်းသော မေ သည် သမိုင်းတွင်သည်။ ကျော်ကြားသည်။ လူကြိုက်များသည်။ အနုပညာဖန်တီးမှု တန်ဖိုးမြင့်မားသည်။ ခေတ်ပေါ်ဂန္ထဝင်ဆန်သည်။ ကြုံဆုံခဲ့သူတိုင်းက တသသ ဖြစ်ကြသည်။ ယနေ့ထက်တိုင် မေက ရှင်သန်ဆဲဖြစ်သည်။ ထို မေ သည်  ဒဂုန်တာရာ၏ မေ ဖြစ်သည်။ ကျွနု်ပ်တို့၏ မေ ဖြစ်သည်။

မေသည် ဒုတိယကမ္ဘာစစ်လွန်စ၌ နဂါးနီမှ ပေါက်ပွားလာ ရာ တစ်မုဟုတ်ချင်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ စာပေရပ်ဝန်းတစ်ခုလုံး သောင်းသောင်းညံသွားသည်။ ဂယက် အကြီးအကျယ်ထကာ တုံ့ပြန်မှုပေါင်းများစွာ ပေါ်ထွက်ခဲ့ရသည်။ ကသောင်းကနင်းနှင့် ဒုက္ခအမျိုးမျိုး ကြုံခဲ့ရသော ကမ္ဘာစစ်ကြီး အပြီးကာလနှင့်လည်း တိုက်ဆိုင်နေသည်က တစ်ကြောင်း၊ စာ ရေးသူ၏ အသစ်အသစ်တို့ ထွန်းပေါ်ခိုက်နှင့် ကြုံသည်ကလည်း တစ်ကြောင်းတို့ကြောင့် မေ၏ အောင်မြင်မှုမှာ သမိုင်းတင်ရ လောက်သည်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ယူသော်ရ၏။

အခြားသော ကောက်ချက်ချမှုများအရ မေ၏ အရှိန် အဟုန်မြင့်မားခြင်း အရင်းခံအကြောင်းနှစ်ချက်ရှိရာ ပထမ အချက်မှာ သခင်ဗဟိန်း၏ အမှာစာ ဖြစ်သည်။ ထိုအမှာစာကို ပြန်လည်စေ့ငုလိုက်သည်ရှိသော် ဦးစွာတွေ့ရသည့် အဖွင့်ဝါကျ သည် “မေဝတ္ထုကို ဖတ်ရသည်မှာ ရှမ်ပိန်အရက်ကို သောက်လိုက် ရသည်နှင့် တူလေသည်”ဟူ၏။ ဝတ္ထုဖတ်၍ ရရှိသော အရသာကို အရက်သောက်၍ ခံစားရသော အရသာနှင့် ထပ်တူပြုသည်တွင် အရက်သည် ရှမ်ပိန်ဖြစ်နေပြန်သဖြင့် ထိုခေတ် ထိုခါ ထိုကာလက ယင်းနှိုင်းယှဉ်ချက်မှာ ခေတ်လွန်တင်စားချက်တစ်ရပ် ဖြစ်ပြီး ဖတ်ရသူတိုင်း တုန်လှုပ်ချောက်ချားကြရသည့် လက္ခဏာရှိ၏။ သို့ ကြောင့်ပင်လျှင် ဝတ္ထုအပေါ် စိတ်ဝင်စားမှုအင်အား အတိုင်းအဆ မရှိ တိုးပွားခဲ့ဟန်ရှိ၏။ ထိုမှတစ်ဆင့် …

“သူ့ကို လျှာပေါ်တင်လိုက်ကတည်းက ဆန်းသစ်သော ဝေဒနာကို တွေ့ရသည်။ ခါတိုင်းစားနေကျ အရာများထက် ထူး သည်ကိုတော့ သိလိုက်သည်။ ဝမ်းထဲသို့ ချောချောမွေ့မွေ့ ဝင် မသွား။ ပထမတော့ ပူတူတူ ရှိမ်းတိမ်းတိမ်းနှင့်ပင် မျိုချလိုက်ရ သည်။ သူ့ကို ဖတ်နေစဉ်ပင် အသစ်အဆန်းကလေးများကို မတွေ့ ဝံ့ဝံ့ တွေ့ ဝံ့ဝံ့ဖြစ်နေရသည်။ သို့ရာတွင် ဘာပဲဖြစ်ဖြစ် သူ့ကို တွေ့ ရ၍ ခံစားရမည့် ဝေဒနာကို ရင်ဆိုင်ရမည်။ သူ့အယုအယကို ခံယူ ရာ၌ သူ့ကို အရေလည်ဖို့ လိုသည်”

ဤမျှလောက်ဆိုလျှင်ပင် ၁၉၄၁ ခုနှစ်က မေကို စာဖတ်သူ များနှင့် မိတ်ဆက်ပေးခဲ့သော သခင်ဗဟိန်း၏ စကေးကို ခန့်မှန်း နိုင်လောက်ပြီဟု ဆိုချင်ပါသည်။

ဒုတိယအချက်မှာ ဒဂုန်တာရာ၏ ခံစားချက် ဖြစ်သည်။ မေသည် သူ၏ ပထမဆုံးသော လုံးချင်းဝတ္ထုစာအုပ် ဖြစ်သည်။ ထိုစဉ်ကာလက မြန်မာစာပေရပ်ဝန်း၌ နာမည်ကြီး စာရေးဆရာ အများစုသည် အင်္ဂလိပ်ဝတ္ထုများကို မှီငြမ်းပြုလေ့ရှိကြသည့် အလျောက် ဒဂုန်တာရာကလည်း ရည်ရွယ်ချက် မရှိပါဘဲလျက် စာဖတ်ဝါသနာပါရာမှ ရသစာပေ၌ စိတ်ဝင်စားပြီး လက်တည့် စမ်းချင်သော အရွယ်၏ သဘာဝအတိုင်း အင်္ဂလိပ်ဝတ္ထု Self ကို မှီး၍ မေကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် မေသည် ဒဂုန်တာရာ၏ အနုပညာဘဝ၌ အရေးကြီးသော မှတ်တိုင် ဖြစ်လာသည်။ မေ အဖွင့်တွင် သူ အမှတ်မထင် ရေးထည့်လိုက်သည့် “လေနုအေး” သည် ယနေ့ ထက်တိုင် ဂယက်ထနေဆဲ ဖြစ်တော့သည်။ စင်စစ် မေဝတ္ထုသည် ဇာတ်ကြောင်းအရ ထူးခြားမှုရှိလှသည် မဟုတ်သော်လည်း အရေးအသားက စွဲငြိစရာ ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် နှောင်းပိုင်း ကာလ၌ မေ၏ ရေးဟန်များနောက်သို့ လူငယ်များက လိုက်ခဲ့ကြ ပေသည်။ မေကို စွဲလမ်းသော စိတ်အရင်းခံခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။

မည်သို့ပင် ဖြစ်စေကာမူ မြန်မာစာပေဘဏ္ဍာသိုက်ထဲသို့ ဒဂုန်တာရာသည် မေကို အရောက်ပို့ခဲ့ရာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈ဝ သို့ ကောင်းစွာ ချဉ်းကပ်လာသည့်တိုင် မေသည် နုပျိုဆဲ၊ သွက်လက်ဆဲ၊ လှပဆဲ၊ မြင်သူငေးရဆဲ၊ တန်းတန်းစွဲ တမ်းတရဆဲပင် ဖြစ်သည်။ မေသည် ထာဝရ မေအဖြစ် တင့်တယ် မြဲ တင့်တယ်နေမည်သာ ဖြစ်၏။

ဤသို့ဖြင့် ကျွနု်ပ်တို့သည် ရှေးအတီတေက စာပေအနု ပညာ ဖြစ်ထွန်းမှုများကို တန်ဖိုးထားလျက် နောင်ကာလအထိ အဓွန့်ရှည်တည်တံ့စေရန် စွမ်းနိုင်သမျှ ကြိုးပမ်းကြသည်၌ စာ၏ ရသတို့ကို ဩန်းဆိုခြင်းဖြင့် လည်းကောင်း၊ စာအုပ်တို့၏ အပြစ် ကင်းစင်မှုကို ဖော်ထုတ်ခြင်းဖြင့် လည်းကောင်း၊ ထုတ်ဝေသူတို့၏ စိတ်ကောင်းစေတနာကောင်းတို့ကို အသိအမှတ်ပြုခြင်းဖြင့် လည်းကောင်း၊ စာရေးဆရာ၏ အနုပညာစွမ်းရည်ကို ဂုဏ်ပြု ထောမနာပြုခြင်းဖြင့် လည်းကောင်း၊ ခေတ်အဆက်ဆက်မှ အထင်ကရ စာပေအနုပညာ အလှတရားများအပေါ် ထာဝစဉ် ယုယထွေးပွေ့ ပျော်မွေ့ခြင်းဖြင့် စာပန်းရဂုံကို မွှေးထုံကြစေလို ကြောင်း တောင်းဆုပြုလိုက်ရပေသည်။

(၂ဝ၁၉ ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ်)

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."