ထီးချိုင့် – ၂၀၂၁ အောက်တိုဘာ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ မနေ့ညက အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၈ : ၀၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားသုံး အိမ်စီးကားတွေနဲ့ သပိတ်ကျင်းဘက်ကနေ ထီးချိုင့်ဘက်ကို တက်လာချိန် စောင့်ကြိုတိုက်ခိုက်ခဲ့နိုင်တယ်လို့ ထီးချိုင့် PDF က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွါးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ ဗိုလ်မှူးတစ်ယောက်အပါ သုံးဦးသေဆုံးကာ စီးနင်းလာတဲ့ ယာဉ်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီတိုက်ပွဲမှာတော့ PDF ဘက်က ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထီးချိုင့် PDF အဖွဲ့ဆီကို ယမန်နေ့က နယ်မြေခံရဲတပ်ဖွဲ့ တပ်သား၂ဦးထပ်မံလာရောက်ပူးပေါင်းသဖြင့် စိစစ်လက်ခံခဲ့ရာ လက်ခံထားသော တပ်သားအရေအတွက် ၂၂ ယောက်ရှိလာပြီလို့ ဆိုပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ညကလည်း ကသာမြို့နယ်၊ ကမ်းနီရဲကင်းစခန်းကို ထီးချိုင့် PDF တွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
#Dailynews

