ရန်ကုန် – ၂၀၂၄ မေ ၂၉ (မော်ကွန်း)
ဖားအံကနေ မြဝတီကိုသွားတဲ့ ထို့ကော်ကိုးလမ်းပိုင်းကို မိုးတွင်းကာလဖြစ်လို့ယာယီပိတ်လိုက်တာကြောင့် ကုန်သွယ်မှုကြန့်ကြာနေတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတချို့ကပြောပါတယ်။
ဒေါနတောင်ကျော်လမ်းတစ်ခုဖြစ်တဲ့ ထို့ကော်ကိုး-နဘူး-မြဝတီ လမ်းပိုင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင်ပြည်နယ်မှာ မိုးကြီးခဲ့တာကြောင့် မြေသားလမ်းပိုင်းတွေပြိုကျခဲ့ပြီး လမ်းချော်နေတာကြောင့် သွားလာလို့မရဖြစ်နေတာပါ။
အဲဒီလမ်းကိုပိတ်လိုက်ပြီး ဒေါနတောင်ကိုဖြတ်ဖောက်ထားတဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကနေ သွားလာခွင့်ပေးထားပေမယ့် မြဝတီဘက်အဆင်း ကုန်တင်ယာဉ်တွေကိုပဲ သွားခွင့်ပေးထားပြီး ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေကို ဖြတ်ခွင့်မပေးသေးဘူးလို့ မြဝတီနယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“လမ်းဟောင်းကလည်း အရမ်းတော့မကောင်းဘူးပေါ့၊ သူက ရွှံလမ်းလည်းမဟုတ်ဘူး၊ အဲဒီအတွက် ဆင်းတာတော့ရတယ်။ အဲဒီလမ်းက နည်းနည်းကျဉ်းတော့ အတက်အဆင်းမှာ သီးခြားစီလွှတ်ပေးနေတာပေါ့။ အခုတော့ မြဝတီအဆင်းကားတွေ လွှတ်ပေးနေတယ်” လို့ ၎င်းကုန်သည်က ပြောပါတယ်။
မြဝတီကုန်သွယ်ရေးမှာ အဓိကထားနေရတဲ့ ထို့ကော်ကိုးလမ်းပေါ်မှာ မိုးရွာသွန်းမှုတွေကြောင့် လမ်းပျက်စီးနေပြီး ကုန်တင်ယာဉ်တွေဟာ ရွှံ့တွေထဲ နစ်နေတာကြောင့် ဆင်တွေနဲ့ပါ ဆွဲထုတ်နေရတဲ့ အခြေအနေတွေ ရှိလာတာပါ။
လက်ရှိမှာ ထို့ကော်ကိုးလမ်းပိုင်းကို ပိတ်လိုက်တဲ့အတွက် အဲဒီလမ်းပိုင်းမှာ ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့လည်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“အခုက သူတို့က ယာယီပိတ်တဲ့ သဘောပါပဲ။ လမ်းက ဘယ်လိုမှ တက်လို့ဆင်းလို့မရတော့ဘူးလေ။ ရာသီဥတုသာယာမှပဲ ပြန်ဖွင့်မယ်လို့ယူဆရပါတယ်” လို့ အဆိုပါကုန်တင်ယာဉ်မောင်းက ပြောပါတယ်။
အခုလို ထို့ကော်ကိုးလမ်းပိတ်လိုက်တာကြောင့် နယ်စပ်ကကုန်စည်တွေ ပို့ဆောင်ရေးမှာ ပိုပြီးအချိန်ကြာမြင့်တာ ခက်ခဲတာတွေ ရှိလာနိုင်တယ်လို့ ထိုင်းကုန်ပစ္စည်းတွေ ရောင်းချသူတစ်ဦးက ပြောပါတယ်။
“အခုက ပစ္စည်းက ဘယ်ချိန်ရောက်မလဲ မှန်းလို့မရတော့ဘူး။ ကုန်ပစ္စည်းသယ်ယူစရိတ်တွေ ပိုတက်တာပေါ့” လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကို ပိတ်လိုက်ရပြီး နယ်စပ်ကုန်သွယ်ရေးလည်း ယာယီရပ်တန့်ခဲ့ပါတယ်။
အဲဒီနောက်မှာ ကရင်ပြည်နယ်က အပစ်ရပ်လက်နက်ကိုင်တချို့ထိန်းချုပ်ထားတဲ့ ထို့ကော်ကိုးလမ်းပိုင်းကို ဖွင့်ပေးခဲ့ကာ မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ ထို့ကော်ကိုးလမ်းဟာ အရေးပါလာတာပါ။
ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီး ပိတ်သွားပြီးနောက်မှာ မြဝတီကိုသွားမယ့် ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေဟာ ထို့ကော်ကိုးလမ်းအပါအဝင် တောလမ်းတွေကို အသုံးပြုကာ သွားလာနေတာပါ။
အဲဒီလမ်းတွေဟာ မြေနီလမ်းတွေဖြစ်တာကြောင့် နွေဘက်မှာတော့ ဆက်သွယ်ရေးကောင်းမွန်ပေမယ့် မိုးတွင်းမှာတော့ လမ်းပျက်စီးမှုတွေရှိလာတာပါ။
ပုံစာ – မိုးရွာပြီး တောင်ကျရေတွေဆင်းနေတဲ့ ထို့ကော်ကိုးလမ်းပိုင်းတစ်နေရာ
ဓာတ်ပုံ – Saw Kyaw Htay

