သရက်ချောင်း – ၂၀၂၁ ဇွန် ၁၄ (မော်ကွန်း)
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၊ နတ်စိတ်ရွာက ရွာသူ ရွာသား တစ်ရာကျော်ကို စစ်အုပ်စုက ဖမ်းဆီးပြီး တစ်ယောက် ငွေကျပ် ငါးသောင်းနဲ့ လာရောက်ထုတ်ခိုင်းတယ်လို့ တိမ်းရှောင်နေရတဲ့ရွာသားတစ်ဦးက မော်ကွန်းကို သတင်းပေးပို့ပါတယ်။
အဲဒီရွာရဲ့အုပ်ချုပ်ရေးမှူးဦးနိုင်မိုးကိုယ်တိုင် စစ်အုပ်စုကိုဦးဆောင်ခေါ်လာပြီး ရွာထဲက ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ရွာသားကပြောပါတယ်။
“လမ်းမှာတွေ့တဲ့သူကိုလည်း ဖမ်းတယ်၊ နေအိမ်တွေမှာလည်းလာဖမ်းတယ်၊တရက်ကိုလူ ၂၀လောက် ဇွန်လ ၁၂ရက်နေ့ကစဖမ်းတာခုဆို ၁၀၀ကေျာ်နေပြီ “လို့ အဆိုပါ ရွာသားက ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ ဆိုင်ကယ် နဲ့ကားတွေကိုပါ သိမ်းယူတာဖြစ်ပြီး ပိုက်ဆံမပေးနိုင်ပါက ဆက်ဖမ်းထားမယ်လို့ စစ်အုပ်စုက ပြောထားကြောင်း သူကဆိုပါတယ်။
သရက်ချောင်းမြို့နယ်က စစ်အုပ်စု တပ်ရင်း ၄၀၃ နဲ့ တပ်ရင်း ၄၀၅ ရဲ့ စစ်သားတွေဟာ ဇွန် ၁၂ ရက်ကစလို့ နေ့တိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ညတိုင်း ဧည့်စာရင်းလိုက်စစ်ပြီး ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။
နတ်စိတ်ရွာဟာ ရေလုပ်ငန်းလုပ်ကိုင်တဲ့ရွာဖြစ်ပြီး ဒီလိုအခြေအနေတွေကြောင့် ရွာခံပြည်သူတွေဟာ အိုးအိမ်တွေကို ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
#Dailynews

