ထားဝယ်-၂၀၂၄ ဇွန် ၄ (မော်ကွန်း)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ရပ်ကွက်က အခြေခံပညာမူလတန်းကျောင်းမှာ ဒီနေ့လယ် ၁၂ နာရီ ၂၅ မိနစ်က စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုဖြစ်ပြီး ကျောင်းသားကလေးငယ်တစ်ဦးသေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မေ ၁၃ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တချို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ရှင်းလင်းမှုတွေလုပ်ပေမယ့် စာသင်ကျောင်းမှာ ကျန်နေခဲ့တဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတစ်ခုကို ကလေးငယ်တစ်ဦးက ယူပြီးဆော့ကစားရာကနေ ပေါက်ကွဲခဲ့တာလို့ သူကပြောပါတယ်။
“ကျန်ခဲ့တဲ့နေရာတွေမှာ ရှင်းတဲ့နေရာတွေမှာရှင်းပြီးပြီ။ တွေ့တဲ့နေရာတွေပြောတော့ လာရှင်းပေးတာပေါ့နော်။ အဲဒီစာသင်ကျောင်းထဲမှာကျတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ ပြောသံလည်း မကြားရဘူး။အဲဒီကလေးက မြက်ပင်တွေထဲမှာတွေ့လား ဘယ်နေရာမှာတွေ့လည်းမသိဘူး။ သူကကောက်ရတာ။ ကောက်လာပြီးတော့ ကျွန်တော်တို့ ကျောင်းရဲ့ဝရံတာ လမ်းလျှောက်တဲ့နေရာလေးပေါ့နော်၊ အဲဒီနေရာလေးမှာ သူက ကစားတယ်လို့ပြောတယ်။ အဲဒီမှာသူကလက်ပေါ်ကပဲပြုတ်ကျလား၊ ပစ်ချလားမသိဘူး။ အဲဒီမှာ ကျသွားတော့ ကွဲသွားတာပေါ့ဗျာ” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့စာသင်ကျောင်းဟာ မူလတန်းကျောင်းဖြစ်တာကြောင့် လေးတန်းအထိပဲရှိလို့ ကလေးငယ်တွေများတယ်လို့ သူကပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အသက် ကိုးနှစ်အရွယ်သုံးတန်းကျောင်းသားတစ်ဦး သေဆုံးသွားသလို ကလေးငယ်ကျောင်းသား ၁၁ ဦးနဲ့ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“အဲဒီကလေးကတော့ မျက်နှာတစ်ခြမ်းရစရာမရှိတော့ဘူး။ သူကသေသွားတယ်။ လက်လည်း တစ်ဖက်ပြတ်သွားတယ်။ ကျန်တဲ့ကလေးတွေကျတော့ (စစ်ကျန်ပစ္စည်းက)မာတဲ့နေရာပေါ်ကျတော့ အရှိန်လာစင်တာပေါ့နော်” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေကို ထားဝယ်ပြည်သူ့ဆေးရုံနဲ့ ကုတင်တစ်ရာဆေးရုံမှာ ပို့ဆောင်ကုသထားတယ်လို့ သူကဆိုပါတယ်။
၂၀၂၃ အတွင်း နိုင်ငံတဝန်း စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှုတွေကြောင့် လူတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၈၈ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ၅၉ ယောက်က ကလေးတွေလို့လည်း ဖော်ပြပါတယ်။

