၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Analysis ဖြစ်ပါသည်။
သန်းစိုးနိုင်ရေးသည်
ဒီဇင်ဘာ ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်တစ်စောင်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။ တပ် မတော်ကNCA လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်မယ်လို့ ယူဆတဲ့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုမှာ လေးလတာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးမှာဖြစ်ပါတယ်။ အပစ်ရပ်ပေးမယ့် တိုင်းစစ်ဌာန ချုပ် နယ်မြေငါးခုမှာ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေများ ပါဝင်ပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေ အလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေး မှာ ဖြစ်ပါတယ်။
ဒီလို တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားတဲ့ ကာလအတွင်း စစ် ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အပါအဝင် ငြိမ်းချမ်း ရေးဆိုင်ရာ ကိစ်္စရပ်များကို ညှိနှိုင်းဆွေးနွေးသွားရန်နှင့် လိုအပ် ပါက တပ်မတော်နှင့် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးလိုက်ပါတယ်။ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ မှာ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားပြီး အခြားတပ်မတော် အဆင့်မြင့်အရာရှိကြီးရှစ်ဦး ပါဝင်မှာ ဖြစ်ပါ တယ်။ ဒီအဖွဲ့အနေဖြင့် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA စာချုပ်ပါ အချက်အလက်တွေအရ ဆွေးနွေး ညှိနှိုင်းသွားမှာ ဖြစ်ပြီး လိုအပ်ပါက တစ်ဖွဲ့ချင်းစီအလိုက် ဆွေး နွေးမှုတွေလည်း ပါဝင်နိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။
ဒီတစ်ကြိမ် ထုတ်ပြန်ချက်ရဲ့ အပိုဒ် ၅ မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်နဲ့ စပ် လျဉ်းပြီး ထူးခြားတဲ့ အလျော့အတင်းနဲ့ မူဝါဒဆိုင်ရာ ပျော့ပျောင်း မှုတွေကို သိသာထင်ရှားစွာ မြင်တွေ့လာခဲ့ကြရပါတယ်။ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒ ခြောက်ရပ်အနက် ထာဝရ ငြိမ်းချမ်းရယူရေး၊ အမှန်တကယ် ဆန္ဒရှိရန်နှင့် ဒို့တာဝန်အရေး သုံးပါးရဲ့ ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါလုပ်ဆောင်ရန် ဆိုတဲ့ အချက်နှစ်ချက် ပါဝင်လာခြင်း မရှိတော့ပါ။ မူဝါဒ ခြောက် ရပ်အနက် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်း ချမ်းရေးသဘောတူညီချက်များကို အသုံးချ အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော် က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် စတဲ့ အချက်လေးချက်ကိုသာ လေးစားလိုက်နာရန် လိုအပ်မယ် လို့ ဖော်ပြထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒ ခြောက် ချက်ထဲက ဖြုတ်ပယ်လိုက်တဲ့ အချက်နှစ်ချက်စလုံးဟာ NCA စာချုပ်ထဲမှာ ပါဝင်ပြီးဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်အပေါ် နား လည်ဖွင့်ဆိုမှု ကွဲပြားခြားနားခြင်းကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ မကြာခဏ အငြင်းပွားခဲ့ကြရတာ ဖြစ် ပါတယ်။ အခုတော့ ဖြုတ်ပယ်ပစ်လိုက်ပါပြီ။
အထူးသဖြင့် တပ်မတော်က ဆက်လက်ကိုင်စွဲမယ့် ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒလေးရပ်ဟာ အဓိကအားဖြင့် ပြည်သူ လူထု ထိခိုက်နစ်နာမှုတွေကို ဘက်အသီးသီးက ထိန်းသိမ်းကာ ကွယ်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေသာ ဖြစ်နေကြပါတယ်။ ဒီမူ တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း အပြန် အလှန် အင်အားသုံးတိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည် သူများအပေါ် အနိုင်ကျင့်မှုမပြုရန် တာဝန်ယူထိန်းသိမ်း ကာ ကွယ်ပေးရမှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတော်အစိုးရရဲ့ အုပ် ချုပ်မှုယန္တရားအဆင့်ဆင့်တွင်လည်းကောင်း၊ လမ်းပန်းဆက် သွယ်မှု လုံခြုံချောမွေ့ရေးတွင်လည်းကောင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့် ရှောက်ဖို့ တပ်မတော်က တာဝန်ယူရပါမယ်။ တစ်ချိန်တည်းမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ နယ်မြေအတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများကို ၎င်းင်းတို့ မူလနေရပ်များသို့ အမြန်ဆုံး ပြန်လည် ရွှေ့ပြောင်းနေရာချပေးနိုင်ရေးမှာ တပ်မတော်က လိုအပ်သလို ပူးပေါင်းကူညီ စောင့်ရှောက်ပေးသွားမယ်လို့လည်း ဖော်ပြထား ပါတယ်။ ထုတ်ပြန်ချက် အပိုဒ် ၁၀ မှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ၊ တိုးတက် ကောင်းမွန်မှုနဲ့အတူ တိုင်းရင်းသားနယ်မြေများရဲ့ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေမှာ တပ်မတော်အနေနဲ့ စွမ်းအားရှိသမျှ ပါဝင်ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီဇင် ဘာ ၂၁ ရက်က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တပ်မ တော်ဘက်မှ သတင်းမထုတ်ပြန်မီ နိုင်ငံတော်သမ္မတထံ လာ၍ ပြသခဲ့ကြောင်း၊ ဒီမတိုင်ခင်ကလည်း အစိုးရဘက်နဲ့ တပ်ဘက်တို့ ငြိမ်းချမ်းရေးကိစ်္စနဲ့ စပ်လျဉ်းပြီး ကာချုပ်နဲ့ ဆွေးနွေးညှိနှိုင်းမှု ရှိ ကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက် ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန က ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ရာမှာ NCA လက်မှတ် ရေးထိုးပြီးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ သလို NCA လက်မှတ်မထိုးရသေးတဲ့ ရှစ်ဖွဲ့လုံး ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး စားပွဲဝိုင်းကို အမြန်ဆုံး ရောက်ရှိလာရေး ကြိုးပမ်းသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NCA လက် မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ကရော NCA လက်မှတ်မရေးထိုးရ သေးတဲ့ အဖွဲ့တွေကပါ သဘောထားကြေညာချက် ထုတ်ပြန်ကြို ဆိုခဲ့ကြပါတယ်။ ကရင်အမျိုးသားအစည်းအရုံးရဲ့ ထုတ်ပြန်ချက် မှာ မြောက်ပိုင်းသုံးဖွဲ့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရန် လက်ခံလိုက်ခြင်းဟာ တပ်မတော်ရဲ့ မူဝါဒရေးရာ ဖြေလျှော့မှုတစ် ခုအဖြစ် ရှုမြင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပေါင်း လက်္ခဏာဆောင်တယ်လို့ ဖော်ပြလိုက်ပါတယ်။ NCA အပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု မတူညီဘဲ ကွဲလွဲစွာ အကောင်အထည်ဖော်နေ ချိန်မှာ တပ်မတော်က နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းခွင့်ကို လမ်း ဖွင့်ပေးတာ အပြုသဘောဆောင်တယ်လို့ KNUဟိုအလုပ်အမှု ဆောင် ဖဒိုမန်းငြိမ်းမောင်က ကောက်ချက်ချခဲ့ပါတယ်။RCSS ကလည်း တပ်ပိုင်းဆိုင်ရာတွေနဲ့ စပ်လျဉ်းပြီး တပ်မတော်နဲ့ သီး သန့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေချိန်မှာ အခုလို နှစ်ဦးနှစ်ဖက် ဆွေးနွေးခွင့်ကို တပ်မတော်က လမ်းဖွင့်ပေးလိုက်တဲ့အတွက် တပ်မတော်ရဲ့ သဘောထားကြီးမှုကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ထဲမှ ဝအဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA) မိုင်း လားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP) တို့ကလည်း ဒီဇင်ဘာ ၂၂ ရက်က တပ်မတော်ရဲ့ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံ ကြိုဆိုခဲ့ကြပါတယ်။UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ““ဒါမျိုး တစ်ခါမှမရှိခဲ့ဖူးသေးဘူး။ ငြိမ်းချမ်းရေး တံခါးကြီးတော့ ပွင့်သွားပြီလို့ ကောက်ချက်ချလို့ ရပါပြီ”” လို့ ဆိုခဲ့ ပါတယ်။KIA (ကချင်လွတ်မြောက်ရေးအဖွဲ့ ) ကလည်း တပ်မတော်ရဲ့ ထုတ်ပြန် ကြေညာချက်ဟာ ရေရှည်တည် တံ့မယ့် ငြိမ်းချမ်းရေး ပေါ်ထွန်း ရေးအတွက်အထောက် အကူပြုမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
သို့တိုင် ကြိုဆိုထောက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားထဲမှာလည်း တပ်မတော်ရဲ့ ထုတ်ပြန် ကြေညာချက်နဲ့ စပ်လျဉ်းပြီး မတူတဲ့ သဘောထားအချို့ ရှိနေခဲ့ ကြတာကို မြင်တွေ့ ခဲ့ကြရပါတယ်။ အဖွဲ့အစည်းအချို့က တပ်မ တော်ရဲ့ အပစ်အခတ်ရပ်စဲမှုကို နယ်မြေအချို့ကို ချန်မထားဘဲ တစ်ပြည်လုံးအတိုင်းအတာနဲ့ ကြေညာပေးစေလိုတဲ့ ဆန္ဒ ရှိခဲ့ကြ ပါတယ်။KNU အဖွဲ့အစည်းက ငြိမ်းချမ်းရေးကို ရှေးရှုပြီး စစ် နယ်မြေအချို့မှာ အပစ်ရပ်ပေးခဲ့ခြင်းကို ကြိုဆိုပေမယ့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးစေလိုကြောင်းနဲ့ လေးလကာလ သတ်မှတ်ချက်မှာလည်း တိုတောင်းလှကြောင်း ထောက်ပြခဲ့ပါတယ်။ အလားတူKIA အဖွဲ့ကလည်း တစ်ပြည် လုံး အပစ်ရပ်ရေးကို ကြေညာစေလိုကြောင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း အပစ်ရပ်ပြီး အနောက်ပိုင်း ရခိုင်ဒေသမှာ အကြီး အကျယ် စစ်ဆင်ရေးဆင်နွှဲနေတာမျိုး မဖြစ်သင့်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။
တပ်မတော်ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဩန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှု ရပ်ဆိုင်းရာမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မပါခြင်းဟာ ရခိုင်ပြည် နယ်မှာ ARSA အကြမ်းဖက်အဖွဲ့အစည်း ရှိနေခြင်းကြောင့် အကြမ်းဖက်အဖွဲ့အစည်းလှုပ်ရှားမှု ရှိနေတဲ့အတွက် စစ်ရေးလှုပ် ရှားမှု ရပ်ဆိုင်း၍ မရကြောင်း၊ သို့သော် ရခိုင် (AA) အဖွဲ့နဲ့ ဆွေး နွေးညှိနှိုင်း ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ရှင်းပြ သွားခဲ့ပါတယ်။ ဒီနေရာမှာ ရခိုင်တပ်ဖွဲ့ (AA) ရဲ့ အနေအထားဟာ အထိအရှ မခံနိုင်တဲ့အတွက် လမ်းကြောင်းရွေးချယ်မှု မှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်။ ရခိုင်သမ္မတနိုင်ငံ ထူထောင်ရေး အမျိုးသားရေးလမ်းကြောင်းနဲ့ အခြားသော တိုင်းရင်းသားများနဲ့ အတူ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလမ်းကြောင်းနှစ်ခုအနက် တစ်ခု ကို ရွေးချယ်ရမှာပါ။ အရွေးမှားရင် ၉၀ ခုနှစ်က ယူဂိုဆလပ်နိုင်ငံ လို ရခိုင်ပြည်နယ် အစိတ်စိတ် အဩာဩာ ဖရိုဖရဲ ပြိုကွဲသွားနိုင်ပါ တယ်။ တိုင်းရင်းသားအားလုံးရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ရပ်ခံကာကွယ်မှာလား၊ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်နဲ့ အမျိုးသား နယ်ပယ်တစ်ရပ်အတွက် တိုက်ပွဲဝင်မှာလားဆိုတာ ရွေးချယ်ရ တော့မှာပါ။
၂၀၁၈ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်သုံးသပ်ကြည့်ရင် အတက်၊ အကျ၊ အကွေ့အကောက်များနှင့် လှိုင်းထနေခဲ့တာ တွေ့ ရပါတယ်။ ဖေဖော်ဝါရီမှာ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA စာချုပ် လက် မှတ်ရေးထိုးခဲ့လို့ အစကောင်းခဲ့ပါတယ်။ ဒါပေမဲ့ လမ်းဖောက်တဲ့ ကိစ်္စအပေါ် အထင်အမြင်လွဲမှားပြီး KNUတပ်ဖွဲ့ အချို့နဲ့ တပ်မ တော်တို့ တိုးတိုက်မှုအချို့ ဖြစ်ခဲ့ပါတယ်။ တစ်ဖန် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့် နေရာနဲ့ပတ်သက်ပြီး တပ်မတော်နဲ့RCSS တို့အကြား သဘောထား တင်းမာခဲ့ကြပါ တယ်။ ဒီလို သဘောထား တင်းမာမှုကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့တဲ့အတွက် တတိယအကျော့ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ တွေ မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဒီနောက်ပိုင်းမှာ မြောက်ဘက်နဲ့ အရှေ့မြောက်ဒေသထဲမှာ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့ တွေကို တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်ခဲ့လို့ တရုတ် တပ်မတော်က နယ်စပ်မှာ အပစ်ရပ်ဖို့ ရာဇသံပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာRCSS အဖွဲ့ရဲ့ ထိုးဖောက်ဝင်ရောက်လာမှုကြောင့် ပလောင်တပ်ဖွဲ့(TNLA) SSPP ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုင်းရင်း သားတပ်ဖွဲ့ အချင်းချင်းအကြား ထိတွေ့တိုက်ခိုက်မှုတွေဟာ ပအို့ဝ်ဒေသအထိ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလို အခြေအနေ တင်းမာရှုပ်ထွေးလာတဲ့အတွက် NCA လက်မှတ်ထိုးပွဲ သုံးနှစ် ပြည့်အခမ်းအနားမှာ ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။ ဒီ ထိပ်သီးဆွေးနွေးပွဲမှာ ခွဲမထွက်ရေးနဲ့ တစ်ခုတည်းသော တပ်မတော်ထူထောင်ရေးကိစ်္စ တွေ ဆွေးနွေးကြရာကနေ တင်းမာမှုတွေ ပြန်ပေါ်ပေါက်လာခဲ့ ပြန်ပါတယ်။ ဒီအစည်းအဝေးနောက်ပိုင်းမှာ အင်အားကြီး လက် နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ ဖြစ်ကြတဲ့KNU နဲ့RCSS တို့က တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခြင်းက ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ကြေညာလိုက်ချိန်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပျက်တော့မလားဆိုတဲ့ သောကတွေ စိုး ရိမ်ရေမှတ်အထိ တက်လာခဲ့ပါပြီ။ ဒီလိုနဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ စတုတ္ထအကျော့ ပင်လုံငြိမ်းချမ်း ရေးညီလာခံကို မကျင်းပနိုင်တော့ဘဲ ၂၀၁၉ ထဲ ရွှေ့သွားခဲ့ပြန်ပါတယ်။
၂၀၁၈ ကုန်ခါနီးအထိ ငြိမ်းချမ်းရေးရထားကြီး ရှေ့မတိုး နောက်မဆုတ်သာနဲ့ အမှောင်ထဲ တန့်အီရပ်နေဆဲမှာ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်က မျှော် လင့်ချက်အလင်းရောင်ပြကာ လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါ တယ်။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြည့်မြောက် အောင် လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားကြောင်း၊ ထာဝရငြိမ်းချမ်း ရေးကို ပြည်သူ့လက်ထဲ အပ်နှင်းမယ်လို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကလည်း ပြည်သူလူထုကို ကတိကဝတ်ပြုပြီးနောက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး သတ်မှတ်လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်က ၂၀၁၉ မှာ ငြိမ်းချမ်းရေးအသီးအပွင့်များ ဖြစ်ထွန်းရေးအတွက် လမ်းဖွင့်ပေးရုံမက သဲဖြူခင်း ရာဇမတ်ကာပေးလိုက်တဲ့အတွက် ယုံကြည်မျှော်လင့်စရာတွေ ဝေဆာနေချိန် ဖြစ်ပါတယ်။
- #Than_Soe_Naing
- #mawkun
- #magazine
- #chronicle