တော်ဘုရားကလေး(အောင်ဇေ)သို့မဟုတ် ပြည်သူ့ဘက်သားမင်းသားကြီး (၂)

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ ဒိုင်ယာရီ ဖြစ်ပါသည်

ကျော်သက်ဟန် ရေးသည်။

၁၀ (က) အကျဉ်းသားများ

ကျွန်တော်တို့ ၁ တိုက်သို့ ရောက်သွားချိန်တွင် စစ်ခုံရုံးမှ ပြစ်ဒဏ်စီရင်ချက်ချထားသော အကျဉ်းသားနှစ်ဦးရှိနေသည်။ တစ်ဦးမှာ မကသ ဥက္ကဋ္ဌ ကိုမင်းဇေယျဖြစ်ပြီး နောက်တစ်ဦးမှာ အင်န်အယ်လ်ဒီ (အင်းစိန်)မှ လက္ခဏာပညာရှင် ဆရာစံဇာဏီဘို ဖြစ်သည်။ ၁ တိုက်သို့ ရောက်လာသော အခြားအကျဉ်းသား များကိုမူကား ပုဒ်မ ၁၀(က) ဖြင့် ထိန်းသိမ်းချုပ်နှောင်ထားသည်။  ပုဒ်မ ၁၀ (က) ဆိုသည်မှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး မည့်သူများ၏ အန္တရာယ်မှ ကာကွယ်တားဆီးသည့် ဥပဒေပုဒ်မ ၁၀ (က) ဖြစ်သည်။ ထိုအခါက လူတစ်ဦးကို ၎င်းဥပဒေပုဒ်မဖြင့် သုံးနှစ်အထိ ချုပ်ထားနိုင်သည်။ ယခုအခါ အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် ထိုဥပဒေကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။ ၁၉၉၀ နှစ်ဆန်းကာလ ၁ တိုက်သို့ ကျွန်တော်တို့ ရောက်သွားချိန်က ထောင်တွင်းအခြေအနေမှာ သိပ်ပြီးတင်းကျပ်လွန်းသည်လည်းမဟုတ်၊ သိပ်ပြီးလွတ်လပ်မှု ပေးထားသည်ဟုလည်း မဆိုသာ။ နာရီဝက် ရေချိုးဆင်းခွင့်ပေးသည်။ မိလ္လာဆီးခွက်များကို ဘောက်ဆင်းခေါ် ထောင်ကျအကျဉ်းသားက ချပေးသည်။ တစ်ခန်းနှင့် တစ်ခန်း စကားပြော၍ရသည်။ တာဝန်ကျဝန်ထမ်းနှင့် ဆက်ဆံရေးအဆင်ပြေသည်။ ကိုယ့်အလှည့်ရောက်လျှင် နာရီဝက်အတွင်း သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်၊ ရေချိုး၊ အချိန်ရသေးလျှင် ငါးမိနစ်ခန့် လမ်းလျှောက်၊ ပြန်တက်၊ ကျန်အချိန်များတွင် တစ်နေ့လုံး အခန်းထဲမှာ နေကြရသည်။ အဆိုးဆုံးမှာ စာရေးစာဖတ်ခွင့်မရှိခြင်း ဖြစ်သည်။ နေ့လယ်နေ့ခင်းဘက်များတွင် နွေရာသီပူအိုက်တဲ့ အချိန်လည်းဖြစ်မည်ဆိုလျှင် အလွန်အချိန်ကုန်ခဲပြီး ပျင်းစရာကောင်းသည်။ စကြဝဠာသည် အိုင်စတိုင်းသဘောနှင့် ဆန့်ကျင်လျက် လှုပ်ရှားမှုမဲ့သွားပြီလားဟုပင် ထင်ရသည်။ ည ၆ နာရီမှာ တန်းစီ၍ လူစစ်ပြီးလျှင်တော့ စကားပြောကြသည်။ သီချင်းဆိုကြသည်။

တော်ဘုရားလေးမှာ အခန်း ၃ တွင် မနတလူငယ် ချိုချိုထွန်းငြိမ်းနှင့် အတူနေသည်။ တစ်ခါတစ်ရံ လူလဲ၍ တုံတုံခေါ် မောင်နေဝင်းနှင့်နေသည်။ ထို့နောက် ထိုင်းနိုင်ငံတွင် ဦးနုမြေး သတိုးအောင်နှင့် ပတ်သက်ခဲ့၍ဆိုကာ အဖမ်းခံရသူ MCC ကျောင်းမှ ကွန်ပျူတာဆရာ မောင်အောင်ထိုက်နှင့် အတူနေပြန်သည်။ သူနှင့်အတူနေသော လူငယ်များက သူ့ကို ကူညီစောင့်ရှောက်ပေးကြသည်။ ကျန်းမာရေးရော စိတ်ဓာတ်အရပါ ခါတိုင်းကဲ့သို့ ပုံမှန်ပင်။ ရေချိုးဆင်းလျှင် ပေါ့ပေါ့ပါးပါး ပြုံးရွှင်စွာဖြင့် မြင်တဲ့လူတိုင်းကို နှုတ်ဆက်သွားသည်။ ထိုအခါက ၁ တိုက်တွင် ပုဒ်မ ၁၀(က)ဖြင့် ထိန်းသိမ်းခံနေရသော လူကြီးအကျဉ်းသားများမှာ တော်ဘုရားကလေး(အောင်ဇေ) အပြင် ဒီမိုကရေစီ မဟာမိတ် များအဖွဲ့ (ဒမဖ) အထွေထွေအတွင်းရေးမှူး ဦးညိုဝင်း၊ တရားလွှတ်တော်ရှေ့နေကြီး ဥပဒေပညာရှင် ဒေါက်တာမောင်မောင်ကျော်၊ အင်န်အယ်လ်ဒီ စီအီးစီ ရုပ်ရှင်သရုပ်ဆောင်ဦးအောင်လွင်၊ ဒီ/ငြိမ်းမှ ဦးတင်မြင့်၊ အန်ကယ်ဂျွန်ဟု ခေါ်ကြသော လေသူရဲဗိုလ်မှူး ဂျွန်လှဝင်း၊ ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးလေးမြင့်(စာရေးဆရာ လှကွန့်)၊ ကိုကိုးကျွန်းပြန် ဦးမြစိန်၊ ဦးဟန်တင့်၊ ဦးသောင်းထိုက်၊ ဦးမိုးမြင့်နှင့် ဗကသ၊ မကသ၊ ရကသ၊ လူ့ဘောင်သစ်၊ သုံးရောင်ခြယ် ကျောင်းသားခေါင်းဆောင်များ ရှိကြသည်။ အခါအားလျော်စွာ လွတ်သွားသူများနှင့် တိုက်အပြောင်းအရွှေ့များ ရှိတတ်သည်။ ထိုသို့ အပြောင်းအလဲဖြစ်၍ အခန်းလပ်သွားလျှင် လူသစ်များ ရောက်လာတတ်သည်။ နောက်ပိုင်း ထောင်တွင်းအခြေအနေ အပြောင်းအလဲများကြောင့် ၃ တိုက်မှ အင်န်အယ်လ်ဒီလူငယ် အများအပြားတို့ ရောက်လာကြသည်။

စာအုပ်မရှိသောကမ္ဘာတွင် ကျွန်ုပ်လူမဖြစ်လိုပေဟု ပိုလန်လူမျိုး နိုဘယ်လ်စာပေဆုရ စာရေးဆရာကြီး ဂျိုးဇက်ကွန်းရဒ်ကပြောကြောင်း ငယ်ငယ်က ဆရာဇေယျရေးသော စာထဲတွင်ဖတ်ခဲ့ရသည်။ ထိုစကား မည်မျှလေးနက်ကြောင်းကို ယခုတော့ ကိုယ်တွေ့ သိရှိခဲ့ရသည်။ ၁ တိုက်တွင် နှစ်နှစ်ခွဲခန့် ကြာအောင် နေခဲ့ရသော ကာလတစ်လျှောက်တွင် အဆိုးဆုံးမှာ စာဖတ်ခွင့် လုံးဝမရှိခြင်း ဖြစ်သည်။ နိုင်ငံရေးသည် လူဆိုးလူမိုက်တို့ ခိုလှုံရာ ဖြစ်သည်ဟု မောင့်ဘက်တန်က ပြောသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ကန့်ကွက်ပြီး ကျွန်ုပ်တို့တိုင်းပြည်မှာတော့ နိုင်ငံရေးသည် ဘုရားသော်မှ လုပ်နိုင်ခဲသော အလုပ်ဟု ဆိုသောအခါ မောင့်ဘက်တန်က ပရိသတ်ကို တောင်းပန်ခဲ့သောဖြစ်ရပ်ကို မှတ်သားဖူးကြပါလိမ့်မည်။ နိုင်ငံရေးထဲတွင် ဂဠုန်ဦးစောကဲ့သို့သော လူဆိုးလူမိုက်လည်း ရှိခဲ့၍ ဗိုလ်ချုပ်အောင်ဆန်းပြောခြင်းသည် ယေဘုယျအမှန်ဖြစ်ပြီး မောင့်ဘက်တန်ပြောခြင်းမှာ ခြွင်းချက်ဖြစ်ပုံရပါသည်။ မည်သို့ဖြစ်စေ လူ့အဖွဲ့အစည်းတစ်ရပ်တွင် နိုင်ငံရေးသမားများသည် ပညာအတွေးအခေါ်နှင့် ကိုယ်ကျင့်တရားအရ အမြင့်ဆုံးလူများဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။ သူတို့သည် စာအုပ်စာပေနှင့် ကင်းကွာ၍ နေလေ့မရှိကြ။ သူတို့သည် ပြည်သူလူထုနှင့်အတူ မတရားသော စနစ်ဆိုးများကို ဆန့်ကျင်သောအခါ ပြင်းထန်၍ ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ကား ယဉ်ကျေးသိမ်မွေ့၍ ရိုင်းပျစော်ကားမှုကို မလိုလားသူများ ဖြစ်ကြသည်။ နိုင်ငံရေးယဉ်ကျေးမှု စကားနဲ့ပြောရလျှင် မတရားမှုကို မလိုလား။ တရားမျှတမှုကိုသာ လိုလားကြပေသည်။ ဤကဲ့သို့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်သောသူများအား စာရေးစာဖတ်ခွင့်မပြုဘဲ ရှစ်ပေ ဆယ်ပေ အခန်းကျဉ်းကလေးထဲတွင် ထည့်၍ ချုပ်နှောင်ထားခြင်းကား ယနေ့ခေတ်စားနေသော လူ့အခွင့်အရေးရှုထောင့်က ကြည့်လျှင် ကျွန်တော်တို့သည် အနှစ်တစ်ထောင် ပဒေသရာဇ်သမိုင်းခေတ်ကြီးတစ်ခုလုံးကို နောက်ပြန်ခုန်ကျော်၍ ကျေးကျွန်စနစ်ခေတ်သို့ ပြန်ရောက်သွားသည်နှင့် တူပေသည်။

ကျွန်တော်တို့ (လူများ) သည် (ရန်ကုန်) တိရစ္ဆာန်ရုံသို့ သွားရောက်ကြသောအခါ ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ မြွေစသော အသိဉာဏ်မဲ့၍ ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များအား သံလှောင်အိမ်များအတွင်း၌ ထည့်ကာ သူတို့ကြိုက်တတ်သော အစားအစာများကို ကျွေးမွေး၍ စောင့်ကြပ်ထားပြီးလျှင် ပိုမိုယဉ်ကျေးမှုအဆင့်အတန်းမြင့်သော မြို့သူမြို့သားများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ပညာရှင်များက အပြင်မှရပ်၍ ကြည့်ရှုလေ့လာကြလေသည်။ ယခု ဤအကျဉ်းထောင်၌ကား ယဉ်ကျေးသော လူများသည် သံတံခါးနောက်ရှိ အခန်းကျဉ်းကလေးများထဲတွင် ပိတ်လှောင်ခံထားရပြီး သူတို့အား အော့နှလုံးနာလောက်အောင် ညံ့ဖျင်းသော အစားအစာများကို တမင်ဖန်တီးကျွေးမွေးလျက် အသိဉာဏ်နုံနည်းသော ဝန်ထမ်းများ၊ ထောင်မှူးများနှင့် ကြက်ဖကြီးကဲ့သို့သော သူတို့၏ လက်ကိုင်တုတ်တန်းစီးများအား ကြပ်မတ်စောင့်ကြပ်စေကာ သူတို့ထက် ရက်စက်ရိုင်းပျသော ထောင်ပိုင်၊ ညွှန်မှူး၊ ညွှန်ချုပ်စသော စစ်ဘက်အာဏာပိုင်များက လာရောက်ကြည့်ရှုစစ်ဆေးနေခြင်းမှာ တိရစ္ဆာန်ရုံကို ပြောင်းပြန်လုပ်ထားသည်နှင့်ပင် တူလှသည်။ ဤပုံစံသည် ငါတို့တိုင်းပြည်၏ နမူနာပုံစံငယ်ပေလောဟု တွေးမိခဲ့သည်။ စာအုပ်စာပေနှင့် ကင်းဝေး၍ နေကျင့်မရှိသော ယဉ်ကျေးသည့် လူများအား အခန်းကျဉ်း ကလေးများတွင် ထည့်၍ ပိတ်လှောင်ပြီး စာအုပ်စာပေနှင့်လည်း အဆက်ဖြတ်ထားသောအခါ နွေရာသီတွင် ရေနည်းလာသော အင်းထဲမှ ငါးများကဲ့သို့ မနေတတ် မထိုင်တတ်အောင် ဖြစ်ကြရလေသည်။

အစပိုင်းမှာတော့ ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်ကြသည်။ အထူးသဖြင့် နေ့ခင်းပိုင်းများတွင်  အချိန်ကုန်ခဲသည်။ ကျွန်တော်နဲ့အတူနေဖူးသော သုံးရောင်ခြယ်ကျောင်းသား ဝင်းသိန်းမှာ ပုတီးစိပ်၍ တရားထိုင်သည်။ ကျွန် တော့အား အင်္ဂလိပ်စာသင်ပေးပါဆို၍ သင်ပေးရသည်။ ရကသ ဥက္ကဋ္ဌ ကိုတင်စန်းမှာ နေ့စဉ်မှန်မှန် ဘုရားရှိခိုးသည်။ ပုတီးစိပ်သည်။ တရားထိုင်သည်။ ပဋ္ဌာန်းရွတ်သည်။ ဆေးကျောင်း ရန်မျိုးသိမ်းမှာ မတ်တတ်ရပ်၍ တရားမှတ်သည်။ တစ်ခါရပ်လျှင် သုံးနာရီခန့်ကြာအောင် ရပ်နိုင်သည်။ ခြေခုံခြေမျက်စိပေါ် တက်၍ ပုရွက်ဆိတ်များကိုက်သော်လည်း သမာဓိမပျက်။ ရှေ့နေကြီး ဦးဘိုးအောင်သား အောင်သူ၊ ပန်းချီကေမျိုး၊ ကျောက်ဘီလူးတင်မောင်ဆွေသား အောင်ကျော်မိုးတို့မှာ သမံတလင်းတွင် အုတ်နီခဲဖြင့် ရေး၍ တစ်နေ့တစ်ပုဒ် သီချင်းစပ်ကြသည်။ ဆပ်ပြာခဲရလျှင် ပန်းပုထုသည်။ တော်ဘုရားကလေး၊ ဒေါက်တာမောင် မောင်ကျော်၊ ဦးညိုဝင်း၊ ရုပ်ရှင်သရုပ်ဆောင်အောင်လွင် စသော လူကြီးများမှာလည်း အားလုံးလိုလို ပုတီးစိပ်၍ တရားထိုင်ကြသည်။ ဆရာစံဇာဏီဘိုမှာ နဂိုကပင် ပုတီးစိပ်၊ တရားထိုင်၊ သက်သတ်လွတ်စားသည့် အလေ့အကျင့်ရှိသူဖြစ်၍ အထူးပြောစရာမလိုတော့။ ကျွန်တော်ကိုယ်တိုင်မှာ ပုတီးစိပ်ကြည့်သည်။ တရားထိုင်ကြည့်သည်။ စိတ်တည်ငြိမ်မှု၊ ကြည်လင်မှုကိုရသည်။ သို့သော် အချိန်ကိုအသုံးပြုရာတွင် တိုးတက်မှု တစ်စုံတစ်ခုရှိသည်ဟု မခံစားရ၍ ပရိတ်ကြီး ၁၁ သုတ်နှင့် ၂၄ ပစ္စည်းပဋ္ဌာန်းကိုသာ မှတ်၍ရသည်။ သို့သော် နေ့စဉ်မှန်မှန် မရွတ်နိုင်၍ ပြန်မေ့သွားသည်။ သို့ဖြင့် ကျွန်တော်သည် စိတ်ကိုတည်ငြိမ်အောင် ထားပြီးလျှင် မိမိငယ်စဉ် ကျောင်းသားဘဝက သင်ယူလျက် ပြုစုရေးသားပို့ချခဲ့သော မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းခေတ်များ၊ ရာစုနှစ်များ၊ သက္ကရာဇ်များ၊ လူများ၊ အကြောင်းအရာများကို အထပ်ထပ် ရွတ်ဆိုကြည့်ခြင်း၊ တွေးကြည့်ခြင်း၊ စဉ်းစားကြည့်ခြင်း ပြုလုပ်သည်။ ထိုအခါ အတိတ်က မှတ်သားခဲ့သော အကြောင်းအရာတို့သည် ဦးနှောက်ထဲတွင် ဉာဏ်အလင်းပွင့်သကဲ့သို့ အံ့သြဖွယ်ကောင်းလောက်အောင် ပြန်လည်မှတ်မိလာသည်ကို တွေ့ရပေသည်။ အင်္ဂလိပ်စကားပုံများ၊ ဝေါဟာရများ၊ ကဗျာအဖွဲ့များလည်း အများအပြား ပြန်ပေါ်လာသည်။ အင်္ဂလိပ် သဒ္ဒါ ဝါစင်္ဂရှစ်ပိုင်းကို မျက်စိထဲတွင် အလိုလို မြင်ယောင်သကဲ့သို့ ခံစားရသည်။ တရားထိုင်သော ပုဂ္ဂိုလ်များ ဉာဏ်အလင်းရသည်ဆိုခြင်းကို ကျွန်တော် သဘောပေါက်ခဲ့သည်။

mk-69-diary

ကျွန်တော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်များ ဖြစ်သော ဦးလေးမြင့်၊ ဦးမြစိန်၊ ဦးဟန်တင့်၊ ဦးသောင်းထိုက်၊ ဦးမိုးမြင့်တို့မှာ အချိန်ကုန်အောင် ပုတီးစိပ်၍ တရားထိုင်သည်ဟု မပြောကြ။ အချိန်ကုန်ခဲပါဘိဟူ၍လည်း သူတို့ မညည်းညူကြ။ နေ့လယ်နေ့ခင်းအချိန်အများစုကို သူတို့ ဘယ်လိုကုန်လွန်ကြသည်မသိ။ သူတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တစ်စုံတစ်ရာ ပတ်သက်ခဲ့သူများဖြစ်၍ ထိုအတိတ်သမိုင်းအကြောင်းအရာများနှင့် လက်ရှိနိုင်ငံရေးကို မပြတ်ဆွေးနွေးသုံးသပ်ကြပုံရသည်။ ပဲခူးရိုးမအရှေ့ခြမ်း သနပ်ပင်မြို့နယ်တွင် လေးနှစ်ခန့်ကြာအောင် လက်နက်ကိုင်တော်လှန်ရေး လုပ်ဖူးခဲ့သော                  ဦးသောင်းထိုက်မှာ ဆေးလိပ်အလွန်ကြိုက်သူဖြစ်၍ ဆေးလိပ်ဖွာရင်း အချိန်ကုန်တတ်သည်။ အတွင်းရေးမှူး ဦးလှရွှေသည် ထောင်မပြောင်းမီ ၁ တိုက်တွင် အတူနေစဉ်က ဦးသောင်းထိုက် ဆေးလိပ်ငတ်နေသည်ကို မမြင်ရက်၍ သူနှင့် ရင်းနှီးနေသော ဝန်ထမ်းကိုဝင်းမောင် အလွန်ကြိုက်သည့် ‘ဒါးကချောင်းနံဘေးကမွှေး’ သီချင်းကို သီဆိုပြပြီးလျှင် ကိုဝင်းမောင်အား ဆေးလိပ်ရှာပေးခိုင်းခဲ့လေသည်။ ဦးသောင်းထိုက်သည်လည်း ကိုစောညိမ်း သီချင်းများကို လွမ်းလွမ်းဆွေးဆွေး သီဆိုပြတတ်သည်။ ဦးသောင်းထိုက် ဆေးလိပ်သောက်လွန်း၍ ထင်သည်၊ တစ်ခါတော့ သူ နေထိုင်မကောင်းဖြစ်သည်။ သူ့ခြေသလုံးသားကို လက်မဖြင့် ဖိလိုက်သောအခါ ရွှံ့ကိုဖိသကဲ့သို့ ချိုင့်ဝင်သွားပြီး ခွက်ကျန်ခဲ့သည်။ ကျွန်တော်က စိုးရိမ်၍ မသောက်ရန် ပြောသော်လည်း မရ။ သောက်မြဲသောက်လျက်ပင်။ သို့သော်လည်း ဦးသောင်းထိုက်သည် ထောင်ထဲတွင်ကား မသေခဲ့။ အပြင်ရောက် ပြီးနောက် သူ့ဇနီးဒေါ်ခင်မာညိုနှင့်အတူ လုပ်ငန်းကိုင်ငန်းများ လုပ်ကိုင်နေခဲ့သေးသည်။ နောင်သုံးလေးနှစ်ကြာတော့ ကွယ်လွန်သွားရှာသည်။ ဒေါ်ခင်မာညိုမှာ လှည်းတန်းဈေးအနီးတွင် ဈေးရောင်း၍ ကျန်ခဲ့သည်။ အဝတ်အစားသစ်ကလေးများဝတ်၍ ဈေးရောင်းနေသည်ကို တွေ့ရတတ်သော ဒေါ်ခင်မာညိုမှာ ဦးသောင်းထိုက်ကို မျှော်မနေတော့။ ဦးသောင်းထိုက်သည် သူ့ထက်ပိုချစ်သော ဆေးလိပ်နောက်သို့ လိုက်ပါသွားခဲ့ပြီ မဟုတ်လော။

ပညာပေးလုပ်ငန်းများ လုပ်ကြခြင်း

လူ၏ အစွမ်းသတ္တိတစ်မျိုးမှာ ရောက်ရှိနေသည့် နေရာပတ်ဝန်းကျင်နှင့် အလိုက်အထိုက်ဖြစ်အောင် မိမိကိုယ်ကိုယ် ပြုပြင်နေထိုင်တတ်ခြင်း (Adaptation) ဟု ဆိုသည်။ ၁၀ (က) အကျဉ်းသားများသည် အချိန်အတန်ကြာ၍ နေကျင့်ရလာသောအခါ မိမိတို့ဘာသာ တိုးတက်ရာတိုးတက်ကြောင်း ကြံဆောင်လာကြသည်။ တော်ဘုရားကလေး (အောင်ဇေ) သည် သူတတ်ထားသော အင်္ဂလိပ်စကားပြောနည်းကို ကျောင်းသားများအား တစ်ဆင့် ပြန်သင်ပေးလာသည်။ သူ၏ သင်ကြားနည်းကို Grammarless Grammer ဟု ပြောပြသည်။ Grammer ကို သီးခြားသင်မနေဘဲ အင်္ဂလိပ်စာနဲ့ စကားကို မှန်အောင်ရေးသား ပြောဆိုနည်းဟု ဆိုလိုပုံရသည်။ ရံဖန်ရံခါလည်း အင်္ဂလိပ်ကို စစ်မတိုက်ရေးသမား ကင်းဝန်မင်းကြီးနှင့် ရွှေဘိုသို့ထွက်၍ မီးကုန်ယမ်းကုန် ခုခံတိုက်ခိုက်လိုသော တိုင်တားမင်းကြီးတို့အကြောင်းကို ပြောပြတတ်သည်။ မြင်ကွန်းမင်းသားကြီး၏ ဓားအကြောင်းကိုလည်း ဇာတိမာန်အပြည့်ဖြင့် ပြောပြခဲ့သည်။ အင်္ဂလိပ်စာ ဆရာကြီး ဦးဟန်တင့်ကလည်း သင်ပေးသည်။ လက္ခဏာဆရာကြီး စံဇာဏီဘိုမှာ ဟာသဉာဏ်ရွှင်သူ ဖြစ်သည်။ သူ့ကို လူကြီးလူငယ်အားလုံးက ခင်မင်ကြပြီး ကိုဇာနည်ဟု ခေါ်ကြသည်။ ကိုဇာနည်က ညခုနစ်နာရီခန့်ရောက်လျှင် ဗွီအိုအိုင်ဂျေ စပါတော့မည်ဟု ကြေညာသည်။ ဗွီအိုအိုင်ဂျေဆိုသည်မှာ ဗွိုက်စ်အော့ဖ်အင်းစိန်ဂျေးလ်ဟု ဆိုသည်။ ကိုဇာနည် ကြေညာပေးသည့် အတိုင်း ကျွန်တော်သည် မြန်မာစာပေသမိုင်း၊ မြန်မာနိုင်ငံသမိုင်း၊ တရုတ်ပြည်သမိုင်း၊ ဥရောပနိုင်ငံများ၏ နယ်ချဲ့ဝါဒသမိုင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသမိုင်းတို့ကို ရက်အတန်ကြာအောင် ညစဉ် အခန်းဆက် ပြောပြခဲ့သည်။ ကိုဇာနည်ကလည်း မြန်မာနိုင်ငံတွင် စတီရီယိုတေး အဆင့်ဆင့် တိုးတက်လာပုံ၊ လက္ခဏာ ဆရာကြီးကိုင်ရို၏ ဗေဒင်လက္ခဏာဟောပြောပုံ (ရှားဘုရင်ကို ဟောပုံ၊ ဇာဘုရင်ကို ဟောပုံ၊ တောင်အာဖရိက စိန်တွင်းသူဌေး ကြီးကို ဟောပုံ) တို့ကို ညစဉ် အခန်းဆက်ပြောပြသည်။ ဆရာ ဒေါက်တာမောင်မောင်ကျော်က ဥပဒေပညာအကြောင်း၊ မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော ထင်ရှားသည့် အမှုကြီးများ (ဆရာစံအမှု၊ ဂဠုန်ဦးစောနှင့် နိုင်ငံတော်အမှု၊ ဗိုလ်မှူးချစ်ကောင်းအမှု) တို့အား စစ်ဆေးစီရင်ခဲ့ပုံအကြောင်းတို့ကို ပြောပြခဲ့သည်။ မင်း သားကြီးအောင်လွင်က ဂန္ထဝင်သီချင်းများဖြစ်သော မခင်နှင်းဆီ၊ ရွှေလည်တိုင်၊ ချစ်မိုးကြီး၊ နတ်သျှင်နောင် သီချင်းတို့ကို စည်းဝါးကျအောင် ဆိုပြ၍ တက်ပေးသည်။ ရေဗက္ကာဝတ္ထုကဲ့သို့ ထင်ရှားသော ဝတ္ထုများ၊ ဆာရိုက်ဒါဟက်ဂတ်၏ အလန်ကွာတားမိုင်း ဝတ္ထုတို့ကို ပြောပြသည်။ မင်းသားဦးအောင်လွင် ပြောပြချက်တစ်ခုမှာ သူသည် ရုပ်ရှင်လောကတွင် ကြာရှည်ရပ်တည်နိုင်ခြင်းမှာ စာဖတ်၍ဟုဆိုသည်။ သူသည် အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် စာအလွန်ဖတ်ကြောင်း သိရသည်။

ကျောင်းသားများ ပြောပြချက်အရ မုန့်ထုပ်သော ပလတ်စတစ်အကြည်ကို အုတ်နံရံမှာကပ်၍ သံချွန်ဖြင့် ရေးလျှင် စာပေါ် ကြောင်း သိရှိလာသည်။ ဤနည်းဖြင့် ကျွန်တော်သည် မြန်မာကဗျာများ၊ အင်္ဂလိပ်စကားပုံများ၊ အင်္ဂလိပ်ဝေါဟာရများ၊ Grammer များ၊ အီဒီယံများ၊ အသုံးအနှုန်းများကို နေ့စဉ်ရေးပေးသည်။ ကျောင်းသားများသည် မုန့်ထုပ်သော ပလတ်စတစ်အိတ်များ၊ ဟင်းထည့်သော ပလတ်စတစ်အိတ်များကို တိုက်ချွတ်ဆေးကြော၍ ကျွန်တေ့ာထံ ပေးထားကြသည်။ ကျွန်တော်က ကြိုတင်ရေးထားသည်ကို သူတို့ ရေချိုးဆင်းချိန်တွင် လာယူကြသည်။ တလာစီမည်ဟု သတင်းရလျှင် ထိုပလတ်စတစ်စာရွက်များကို ထုပ်ပိုး၍ မြေတွင် မြှုပ်ကြ၊ ဝှက်ကြရသည်။ နောက်ပိုင်းတွင် ကျောင်းသားများသည်  Time ၊ Newsweek နှင့် အင်္ဂလိပ် သတင်းစာကို ခိုးသွင်းပြီး တစ်လှည့်စီ ဝေမျှဖတ်ကြသည်။ ဤနည်းဖြင့် စာအုပ်မရှိသော ကမ္ဘာကို ဖြတ်သန်းခဲ့ကြသည်။

အင်န်အယ်လ်ဒီ နိုင်ပြီ

နဝတ အာဏာသိမ်းအစိုးရ တက်လာချိန်မှစ၍ မြန်မာပြည်၏ နိုင်ငံရေးရာသီဥတုသည် မဆလခေတ်ထက် ပိုမိုပြင်းထန် ကြမ်းတမ်းသည်ကို သိကြပြီး ဖြစ်သည်။ စစ်အစိုးရသည် လက်နက်အားကိုးဖြင့် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်သော်လည်း လူထု၏ မကျေနပ်မှုများမှာ ပြီးဆုံးသွားခြင်းမရှိ၍ ၁၉၉၀ ရွေး ကောက်ပွဲကို တတ်နိုင်သမျှ မြန်မြန်နှင့် ဘက်မလိုက်ဘဲ ကျင်းပပေးခြင်းဖြင့် လူထုအား နှစ်သိမ့်ရန် ကြိုးပမ်းလေသည်။ သို့ဖြင့် ကျွန်တော်တို့သည် အင်းစိန်အကျဉ်းထောင်ထဲမှာပင် လွတ်လပ်စွာ မဲပေးခွင့်ကို အသုံးပြု၍ အင်န်အယ်လ်ဒီ အမှတ်တံဆိပ်ဖြစ်သော ခမောက်ကို မဲပေးခဲ့ကြလေသည်။ ဤအကျဉ်းထောင်ထဲ၌ ကျွန်တော်တို့ ခမောက်ကို  ဘာကြောင့် မဲပေးခဲ့ကြသနည်း။ ကျွန်တော်တို့ အကျဉ်းသားများသည် ဦးစွာအားဖြင့် ဤရှစ်ပေ ဆယ်ပေအခန်းကျဉ်းကလေးထဲမှ လွတ်မြောက်ပြီး အုတ်တံတိုင်းနံရံများကြားရှိ ပိုမိုကျယ်ဝန်းသော နေရာ၌ နေထိုင်ခွင့်ရကာ ထိုမှတစ်ဆင့် အုတ်တံတိုင်းနံရံများကို ကျော်ဖြတ်၍ မိမိတို့မိသားစု၊ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများနှင့် ပျော်ရွှင်စွာ ပြန်လည်ပေါင်းဆုံနေထိုင်ခွင့် ရလို၍ဖြစ်ပါသည်။ သို့ဆိုလျှင် အပြင်အပ၌ ရှိကြသော ပြည်သူလူထုကြီးတစ်ရပ်လုံးနီးနီးသည်လည်း ခမောက်ကိုပင် မဲပေးခဲ့ကြသည်ဟု ဆိုသည်။ အဘယ်ကြောင့် သူတို့ ခမောက်ကို မဲပေးခဲ့ကြသနည်း။ တစ်နိုင်ငံလုံးတွင် ရှိကြသော ပြည်သူလူထုကြီးမှာ လူတစ်စု၏ မတရားခြယ်လှယ် အမြတ်ထုတ်မှုဖြင့် တရားဥပဒေစိုးမိုးမှုမရှိသော အခြေအနေတွင် ဆယ်စုနှစ်များစွာကြာအောင် ဆင်းရဲပင်ပန်းစွာ နေလာခဲ့ရာမှ အားလုံးလွတ်လပ်မှုနှင့် တန်းတူညီမျှမှုရှိသော လူ့အဖွဲ့ အစည်းတစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်၍ ဖြစ်ပေသည်။ ထိုအခါက ခမောက်သည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အင်န်အယ်လ်ဒီပါတီကို ကိုယ်စားပြုသော အမှတ်တံဆိပ် ဖြစ်ပါသည်။ သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အင်န်အယ်လ်ဒီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သောင်ပြိုင်ကမ်းပြို အနိုင်ရခဲ့လေသည်။

ထိုအချိန်တွင် နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က အာဏာလွှဲတာ ဘာခက်လဲ၊ အနိုင်ရတဲ့ပါတီကို လွှဲရုံပဲ၊ တပ်က စစ်တန်းလျားကိုပြန်ပြီး ကိုယ့်တာဝန် ကိုယ်ထမ်းကြရမယ်လို့ ပြောထား၍ အခြေအနေမှာ ချောမွေ့အဆင်ပြေနေပုံရသည်။ ကျွန်တော်တို့၏ အခန်းတံခါးများသည် နံနက် ၆ နာရီတွင် ပွင့်လာကြ၍ ညနေ ၆ နာရီတွင် ပြန်ပိတ်ကြသည်။ ထိုအချိန်အတွင်း ကျွန်တော်တို့သည် ပိုမိုကျယ်ဝန်းသော ကျွန်တော်တို့တိုက်၏ အုတ်တံတိုင်းနံရံများအတွင်း၌ ကြိုက်သလိုနေ၊ ကစား၊ ဝိုင်းဖွဲ့ စကားပြော၊ စာသင်၊ လမ်းလျှောက်၊ ရေချိုးကြသည်။ ၂ တိုက်ဘက်သို့ သွား၍ နှစ်တိုက်က လူများအား လှမ်း၍နောက်ပြောင် ဟစ်အော် ပြောဆိုလိုက်ကြသေးသည်။ ဤအုတ်တံတိုင်းနံရံ အတွင်၌ကား အစွမ်းကုန် လွတ်လပ်နေကြလေပြီ။ တော်ဘုရားကလေး၊ ဆရာဦးမောင်မောင်ကျော်၊ ဦးညိုဝင်းစသော လူကြီးများမှာလည်း အုတ်တံတိုင်းအကန့်အသတ်အတွင်း၌ သက်သောင့်သက်သာ နေထိုင်ခွင့်ရကြလေပြီ။ ဤအုတ်တံတိုင်းနံရံများကို ဖြတ်ကျော်၍ သွားကြရမည့် နေ့ရက်သည် မကြာမီ ရောက်လာလိမ့်မည်ဟုလည်း မျှော်လင့်နေမိကြလေသည်။

မင်းသားက နုနု တိုက်ပွဲက ကြမ်းကြမ်း

တော်ဘုရားကလေးက သူ၏ သမိုင်းသုတေသနဆောင်းပါးများနှင့် ငယ်စဉ်က အင်္ဂလိပ်သြဇာကို ဆန့်ကျင်တွန်းလှန်ခဲ့ပုံ အကြောင်းများပါဝင်သော စာအုပ်၏ အမည်ကို အထက်ပါအတိုင်း ပေးထားသည်ကို တွေ့ရသည်။ ထိုအမည်တွင် ၁၉၉၀ ရွေးကောက်ပွဲနောက် သူ ကျွန်တော်တို့နှင့်အတူ ဖြတ်သန်းကြုံ တွေ့ခဲ့ရသည်။ အင်းစိန်ထောင်ထဲက အခြေအနေသည် ထင်ဟပ် လျက်ရှိသည်။ အင်းစိန်ထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေသည် ပြင်ပနိုင်ငံရေး အခြေအနေပေါ်တွင် တည်လေသည်။ ပြင်ပနိုင်ငံရေးရာသီဥတု ပြင်းထန်ကြမ်းတမ်းလျှင် အင်းစိန်အကျဉ်းထောင်ထဲမှ နိုင်ငံရေးသမားများ၏ နေရေးထိုင်ရေး ကျပ်တည်းသည်။ အပြင်မှအခြေအနေသည် အကျဉ်းထောင်ထဲသို့ ရိုက်ခတ်မြဲဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရသော အင်န်အယ်လ်ဒီက အာဏာလွှဲပြောင်းရေးအတွက် လှုပ်ရှားလာသည်။ ဂန္ဒီခန်းမတွင် အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးညှိနှိုင်းကြသည်။ နဝတက ၁/၉၀ အမိန့်ကိုထုတ်၍ ဟန့်တားဖို့ လုပ်လာသည်။ နဝတသည် ပေးထားသော ကတိကို ဖောက်ဖျက်လာသည်။ ထိုအချိန်တွင် သတင်းထောက်တစ်ဦးက အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးကြည်မောင်အား နုရင်ဘတ်ခုံရုံးမျိုးဖွဲ့ဖို့ ရှိသလားဟုမေးရာ ဦးကြည်မောင်က မရှိပါဘူး၊ သို့သော် ခင်ညွန့်လိုလူကတော့ လွတ်မှာမဟုတ်ဟု ပြောသည်ဆိုသော ကောလာဟလသတင်းများ ကြားလာရသည်။

သို့ဖြင့် ထောင်တွင်းအခြေအနေသည် တဖြည်းဖြည်းနှင့် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ကြည်လင် ဝင်းပနေသော နိုင်ငံရေးမိုးကောင်းကင်တွင် မိုးသားတိမ်တိုက်တို့ ဝင်ရောက်နေရာယူသွားကြပြီး အုံ့မှိုင်းမည်းမှောင်၍ သွားလေသည်။ အာဏာလွှဲပြောင်းရေး မျှော်လင့်ချက်သည် ဝေးခဲ့ပြီ။ အကျဉ်းသားများ၏ နေ့ရက်များသည် သံတံခါးနှင့် အုတ်နံရံကြားသို့ ရောက်ခဲ့ရပြန်သည်။ ဤအကြိမ်တွင်ကား သံတံခါးနှင့် အုတ်နံရံတို့သည် ပို၍ပင် ပူးကပ်သွားကြသည်ဟု ထင်ရသည်။ ၉၀ ရွေးကောက်ပွဲရလဒ်ကား အခုမှ လာလေပြီ။ အာဏာလွှဲပြောင်းပေးရေး၊ သတင်းစာဖတ်ခွင့်ပြုရေးတို့ကို တောင်းဆိုချက်တင်၍ ၂ တိုက်မှ ကြွေးကြော်တောင်းဆိုသံများကို ကြားကြရသည်။ ၂ တိုက်မှ ကြားရသော အသံသည် ၂ တိုက်၏ ဟိုမှာဘက်တွင်ရှိသော ၃ တိုက်မှ ၄ တိုက်၊ ၅ တိုက်နှင့် ၆ တိုက်တို့မှ အသံလည်း ဖြစ်ပေမည်။ ထို့ပြင် အဆောင်များမှ အသံကိုလည်း ကြားကြရသည်။ ထိုအခါ ကျွန်တော်တို့ ၁ တိုက်မှလည်း အော်ကြရတော့သည်။ ဝန်ထမ်းများ၊ ထောင်မှူး၊ ထောင်ပိုင်အာဏာပိုင်များမှ သူတို့၏ အာဏာကို ခြိမ်းခြောက်ခြင်းဖြစ်၍ မျက်စမျက်နှာပျက်လျက် ယောက်ယက်ခတ်နေကြပြီ။ လက်နက်ကို အသင့်ပြင်ထားကြသည်။ ၂ တိုက်မှာရော ၁ တိုက်မှာပါ အခြေအနေသည် ရုတ်ရုတ်သဲသဲ အသံများ ကြားနေရသည်။ အရပ်ဝတ်ဖြင့် ထောက်လှမ်းရေးသည် ၁ တိုက်ဝင်းထဲ ဝင်လာသည်။ တော်ဘုရားကလေးနှင့် ကပ်လျက်ရှိသော မင်းဇေယျ အခန်းရှေ့တွင်ရပ်၍ စကားပြောနေကြောင်း သိရသည်။ ပြန်အထွက်တွင် “ဇေယျ၊ တွေ့ဦးမယ်ကွ” ဟု ပြောသွားသံကြားသည်။ “ကျုပ်တို့ကျောင်းသားတွေရဲ့ သွေးနဲ့ ရင်းပြီး ရထားတဲ့ ဒီမိုကရေစီကို ခင်ဗျားတို့ မစော်ကားပါနဲ့” ဟု မင်းဇေယျက ပြောလိုက်ကြောင်း ကျောင်းသားများ ပြောပြ၍ သိရသည်။ မကြာမီ မင်းဇေယျကို လာထုတ်သွားသည်။ ပြင်း ပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်ကြောင်း သတင်းကြားရသည်။ မင်းဇေယျအတွက် အားလုံး စိုးရိမ်ကြသည်။ ထိုနေ့က ၁ တိုက်မှ ပြုံးချိုနှင့် ယဉ်ထွေးကို ခေါ်ထုတ်သေးသည်။ သို့သော် မကြာခင် ပြန်ရောက်လာကြသည်။ မင်းဇေယျကိုကား ပြန်မပို့တော့။ နောင်တော့ နယ်ထောင်သို့ ပို့လိုက်ကြောင်း သိရသည်။ ထိုနေ့က ရုတ်ရုတ်သဲသဲဖြစ်မှုမှာ ၂ တိုက်ထဲတွင် ပို၍ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပုံရသည်။ ထိုအခါက ထိုတိုက်တွင် ဦးသော်က၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးကိုယု စသော အင်န်အယ်လ်ဒီလူကြီးများလည်း ရှိနေခဲ့သည်။ ထိုနေ့က ထမင်းလည်း မဝေ၊ ရေလည်း မချိုးလိုက်ကြရပေ။

နိုင်ငံရေးအကျဉ်းသား မရှိ

အင်္ဂလိပ်ကိုလိုနီခေတ်ကပင် ရှိခဲ့သော အကျဉ်းထောင် လက်စွဲဥပဒေအရ နိုင်ငံရေးသမားကို ဘီကလပ်စ်၊ စီကလပ်စ်တို့ ပေးရသည်။ နိုင်ငံရေးသမားများက ယင်းကို ထောင်မှူး၊ ထောင်ပိုင်တို့ထံ တင်ပြလေ့ရှိသည်။ ရိုးရိုးဝန်ထမ်း ထောင်မှူး၊ ထောင်ပိုင်တို့ကလည်း ဝန်ထမ်းကျင့်ဝတ်အရ နားလည်သည်။ သို့သော် ဗိုလ်နေဝင်း အာဏာရှင်ဖြစ်လာသောအခါ ပဒေသရာဇ်မင်းစိတ်ပေါက်ပြီး သူ့အား ဆန့်ကျင်သူမှန်သမျှကို အလွန်မုန်းတီးပြီး ကွပ်မျက်ပစ်လိုသည်။ သို့သော် ခေတ်ကပြောင်းခဲ့ပြီဖြစ်ရကား မင်းတုန်းမင်းတရားကြီးမှာကဲ့သို့ သက်ဦးဆံပိုင်အာဏာသည် သူ့တွင်မရှိ၍ အကျဉ်းထောင်တွင် ချုပ်ထားရလေသည်။ ယင်းသို့ ချုပ်ထားချိန်မှာပင် သူအကွက်ဆင်၍ ဖမ်းထားခဲ့ဖူးသော သူနှင့်မယားလုဘက် ကုလားရှော်ဖီကိုလောက်ပင် အခွင့်အရေးမပေးလိုပေ။ ဆွေစဉ်မျိုးဆက် လူညွန့်တုံးအောင်လည်း လုပ်သည်။ နဝတ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွန့်မှာ ဗိုလ်နေဝင်း၏ ကိုယ်စားလှယ်(Proxy) ဖြစ်လေသည်။ ဘယ်မှာ အာဏာကို အလွယ်တကူ လွှဲပေးပါမည်နည်း။ ရိုးအေးပုံရသော ဗိုလ်ချုပ်မှူးကြီးစောမောင်သည် အရိပ်သုံးပါး နားမလည်၍ ပြောမှားဆိုမှား ဖြစ်ခဲ့ပုံရသည်။ အင်းစိန်ထောင်ထဲ၌ နိုင်ငံရေးအကျဉ်းသား မရှိဆိုသော အယူအဆကို ပို၍စိုက်ထူလာခဲ့သည်။

ခုတော့ ကျောင်းသားများနှင့် ရင်းနှီးနေခဲ့သော ဝါဒါများလည်း မျက်နှာပြောင်တိုက်ကာ ခါးတွင်နံပါတ်တုတ်ကို ချိတ်လျက် ရန်စောင်ခဲ့ကြလေပြီ။ နောက်နေ့မနက်စောစောမှာပင် ကြိုးတိုက်ထဲမှ ကြိုးသမားတစ်ဦးအား လက်နှစ်ဖက်ကိုပူး၍ လက်ထိပ်ခတ်ထားပြီး ခြေထောက်နှစ်ဖက်ကိုလည်း သံခြေချင်းခတ်ကာ တရွေ့ရွေ့ ခေါ်လာသည်။ ထိုသူ၏ နဖူးရှိ ဒဏ်ရာမှ သွေးထွက်နေသလို နှာခေါင်းမှလည်း သွေးယိုစီးလျက် ရှိသည်။ သူ၏ လက်ဖျံနှင့် ခြေသလုံးများတွင် ရိုက်နှက်ထားသော ဒဏ်ရာတွေမှ သွေးစသွေးနများကို မြင်နေရသည်။ ဝါဒါသည် ထိုသူအား တဖြည်းဖြည်းနှင့် ခေါ်ဆောင်၍ တစ်ခန်းစီရှေ့မှ ဖြတ်၍ လျှောက်ပြစေသည်။ ဤကဲ့သို့ လောလောလတ်လတ် ရိုက်နှက်ညှဉ်းဆဲထားပြီး ခြေချင်းလက်ထိပ်ခတ်ထားသူကို မြင်ရလျှင် နိုင်ငံရေးသမားများ ကြောက်ရွံ့သွားလိမ့်မည်ဟု ယူဆပုံရသည်။ ဦးလေးမြင့်၊ ဦးမြစိန်နှင့် ဦးသောင်းထိုက်တို့နေသော အခန်းတစ်ရှေ့သို့ ရောက်သောအခါ ရှေ့တွင်အုတ်တံတိုင်းသာ ရှိတော့၍ ပြန်လှည့်လျှောက်စေသည်။ “ကြည့်ထားကြ၊ တောင်းဆိုတာတွေလုပ်ရင် ဒါပဲရမယ်။ ဒီထောင်ထဲမှာ နိုင်ငံရေးသမားမရှိ။ အကျဉ်းသားပဲ ရှိတယ်။ အကျဉ်းသားဟာ အကျဉ်းသားပဲ။ ၁၀ (က) ဆိုတာလည်း နိုင်ငံရေးသမား မဟုတ်ဘူး။ အားလုံး အတူတူပဲ။ ဘယ်သူမှ တမူးပိုရှူချင်လို့ မရဘူး။ မင်းတို့ မင်းဇေယျ သပြေသီးရောင် ထသွားလေရဲ့” ဝါဒါသည် ကြိုးသမားကို ခေါ်ဆောင်ရင်း ရိုင်းရိုင်းပျပျ ပြောသွားလေသည်။

ယန္တရား၏ အဖွင့်ခလုတ်ကို နှိပ်လိုက်သောအခါ နေရာအားလုံးရှိ ခွေးသွားစိပ်တို့သည် လိုက်၍ လည်ကြရလေသည်။

ထိုအချိန်တွင်ပင် ဒုတိယညွှန်ချုပ်၊ ဒုဗိုလ်မှူးကြီးအုန်းဟန်သည် ထောင်မှူးနှင့် ဝါဒါများ လိုက်ပါလျက် တစ်ခန်းဝင် တစ်ခန်းထွက် “ဒီမိုကရေစီ ဒါပဲရမယ်။ ဘာပဲရမယ်” နှင့် ရိုင်းပျစွာ ခြိမ်းခြောက်ပြောဆိုလေသည်။

ထိုနေ့မှစ၍ အင်းစိန်ထောင်တွင်းအခြေအနေသည် လုံးဝပြောင်းလဲသွားသည်။ လုံးဝ စကားပြောခွင့် မရတော့။ ယခင်က မိလ္လာခွက်၊ ဆီးခွက်တို့ကို ဘောက်ဆင်းခေါ် ထောင်ကျအကျဉ်းသားက ချပေးသည်။ ခုတော့ နိုင်ငံရေးအကျဉ်းသားများ ကိုယ်တိုင် ချကြရပြီ။ တော်ဘုရားကလေး(အောင်ဇေ)၊ ဒေါက်တာ မောင်မောင်ကျော်တို့လို လူကြီးတွေအတွက် စိတ်မကောင်းစရာပါပဲ။ သို့သော်လည်း အတူနေသူ ချိုချိုထွန်းငြိမ်း၊ ကိုပြုံးချိုတို့ လူငယ်များက ဆောင်ရွက်ပေးကြသည်။ တစ်နေ့လျှင် ဆယ်မိနစ် တစ်ကြိမ်သာ ရေချိုးဆင်းခွင့်ရသည်။ ထိုဆယ်မိနစ်အတွင်း ဆီး၊ မိလ္လာချ၊ သန့်ရှင်းရေးလုပ်၊ ရေချိုးပြန်တက်ရသည်။ ဆပ်ပြာတိုက်ဖို့ပင် အချိန်မရတော့။ အညောင်းပြေလမ်းလျှောက်ဖို့ဆိုတာ ဝေလာဝေး။ အခန်းကျဉ်းကလေးထဲတွင်သာ တစ်နေ့လုံး နေကြရသည်။ ဆောင်းတွင်းဖြစ်၍ သမံတလင်းအုတ်ခုံပေါ်တွင် ချမ်း၍ ခိုက်ခိုက်တုန်နေကြသည်။ ထိုအခါက စိုးမြတ်ဆိုသော နှစ်ကြီးသမားတန်းစီးတစ်ဦးအား ၁ တိုက်တွင် ချပေးထားခဲ့သည်။

စိုးမြတ်နှင့် ၁၀ (က) ရုပ်ရှင်

စိုးမြတ်သည် ၈၈ အရေးအခင်း နောက်ပိုင်းတွင် အလုံ၌ ရေကို အဆိပ်ခတ်သည်ဆိုသော မသီတာအား ဓားနှင့်ထိုးသတ်ခဲ့၍ ထောင်ဒဏ် ၁၃ နှစ် ချခံထားရသူ ဖြစ်သည်။ ထို့ပြင် နောက်အမှုတစ်ခုအတွက်လည်း ဒေါက်ခတ်၍ ရုံးထွက်နေရသည်။ အသက် ၃၀ ကျော်အရွယ် စိုးမြတ်သည် ခန္ဓာကိုယ်အချိုးအဆက် ပြေပြစ်၍ ရုပ်ရည်ချောမောလှပသူ ဖြစ်သည်။ သူ၏ ရင်ဘတ်နှင့် ကျောကုန်းမှ လက်မောင်းအထိ လောကနတ်အရုပ်ကို အစိမ်းရောင်ဖြင့် လှပသပ်ရပ်စွာ ကိုယ်လုံးပြည့် ဆေးမင်ကြောင်ထိုးထားသည်မှာ အလွန်လိုက်ဖက်၍ ကြည့်ကောင်းပါသည်။ သူသည် အတွေ့အကြုံများပြီး ရဲရင့်သူလည်း ဖြစ်ရကား စကားကိုလည်း ပြေပြစ်အောင် ပြောနိုင်သူဖြစ်သည်။ ထိုင်းနိုင်ငံတွင် စင်ပေါ်တက်၍ လက်ဝှေ့ထိုးခဲ့ပုံ၊ ကမ္ဘောဒီးယားတွင် လှေဖြင့် ပင်လယ်သို့ထွက်၍ ငါးဖမ်းခဲ့ပုံအကြောင်းတို့ကို ပြောပြသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ စိုးမြတ်သည် ရုပ်ရည်အရရော အပြောအဆိုအရပါ အလွန်ဆွဲဆောင်မှုရှိသူ ဖြစ်ရကား ရုပ်ရှင်မင်းသား ဦးအောင်လွင်(ဒါရိုက်တာစံရွှေမောင်)နှင့် လက္ခဏာဆရာကြီး စံဇာဏီဘိုတို့နှင့် အလွန်ရင်းနှီးခဲ့ကြလေသည်။ ဒါရိုက်တာစံရွှေမောင်က အပြင်ရောက်ရင် စိုးမြတ်နှင့် ၁၀ (က) ရုပ်ရှင်ကားရိုက် မည်ဟုပင် ပြောဆိုခဲ့ဖူးသည်ကို အမှတ်ရမိသည်။

စိုးမြတ်၏ ရုပ်အသွင်ကို ကျွန်တော်တို့သည် ဤကဲ့သို့ နှစ်လိုဖွယ်ရာ တွေ့ခဲ့ကြရပေသည်။ သို့သော် စိုးမြတ်၏ တကယ့်ဘဝကား နှစ်လိုဖွယ်ရာမရှိပေ။ သူသည် လူသတ်မှုဖြင့် ပြစ်ဒဏ်ကျခံ နေရသည့် နှစ်ကြီးရာဇဝတ်အကျဉ်းသားဖြစ်သည်။ နောက်အမှု လည်း ကပ်နေပြီး ထိုပြစ်မှုဖြင့် နောက်ထပ်နှစ်မည်မျှ စီရင်ခံရမည်ကို မသိ။ စိုးမြတ်၏ ဘဝသည် ဤအကျဉ်းထောင်စနစ်အတွင်းမှ လွတ်လမ်းရှိပါဦးမည်လား။ သူ့ဘဝသည် သေမထူးနေမထူး အခြေအနေကို ရောက်နေပြီဖြစ်၍ ဤအကျဉ်းထောင်အတွင်း၌ပင် နောက်ထပ် ပြစ်မှုမကျူးလွန်ဘူးဟုလည်း မပြောနိုင်ပေ။ သို့ဖြင့် သူ့ဘဝသည် ဤအကျဉ်းထောင်အာဏာပိုင်တို့၏ လက်ခုပ် တွင်းမှ ရေဖြစ်ခဲ့လေပြီ။ စစ်အာဏာပိုင်တို့သည် စိုးမြတ်ကို လိုသည့်နေရာတွင် လိုသလို အသုံးချမည် ဖြစ်လေသည်။ ယခုအခါ စိုးမြတ်က ဤထောင်ထဲတွင် နိုင်ငံရေးသမားမရှိ။ ၁၀(က) ဆို တာလည်း နိုင်ငံရေးအကျဉ်းသားမဟုတ်။ တောင်းဆိုချက်တွေလုပ်ရင် ဘာရမယ်ဆိုတာ ခင်ဗျားတို့မသိရင် ကျုပ်တို့က သိအောင် ပြရလိမ့်မည်ဟုလည်း ဆိုလေသည်။ စိုးမြတ်နှင့် တကယ်ရုပ်ရှင်ရိုက်နေသည်မှာ ဒါရိုက်တာစံရွှေမောင် မဟုတ်။ စစ်အာဏာရှင်စနစ် ဖြစ်လေသည်တကား။

အကျပ်အတည်းကို ဖြတ်ကျော်လွန်မြောက်ခြင်း

ဤသို့ဖြင့် ကျွန်တော်တို့ အကျဉ်းသားများသည် အခန်းကျဉ်းကလေးထဲတွင် တစ်နေကုန်နေရင်း နေ့လယ်နေ့ခင်း အချိန်များတွင် စိုးမြတ်၏ ဓားကြိမ်းကြိမ်းသော တရားများကို ရှည်လျားစွာ နာကြရပြီး ညနေပိုင်း ၆ နာရီ တန်းစီပြီးသောအချိန်တွင် မျက်နှာပြားပြား၊ မျက်တွင်းနက်နက်နှင့် စောရသက်ပြင်းရုပ် ပေါက်နေသော ဝါဒါတစ်ဦးသည် နိုင်ငံရေးအကျဉ်းသားမရှိ၊ ၁၀ (က) အကျဉ်းသားဆိုပြီး ဘာတောင်းဆိုချက် ညာတောင်းဆို ချက်တွေလုပ်လျှင် ဘာဖြစ်မည်ဆိုသောအကြောင်းကို ညနေတိုင်း လများနှင့်ချီ၍ တစ်နာရီမကကြာအောင် မိန့်ခွန်းခြွေလေသည်။ စစ်အာဏာပိုင်တို့သည် နိုင်ငံရေးသမားများအား ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ‘ပညာရှိ နှိပ်စက်နည်း’ ဖြင့် အချိန်ရှိသမျှ နှိပ်စက်ခဲ့လေသည်။

ထိုအတောအတွင်း ဂန္ဒီအစည်းအဝေးပြီးနောက်ပိုင်းတွင် အင်န်အယ်လ်ဒီအမတ်ကြီးအချို့ ရောက်လာကြသည်။ သူတို့ကား ဗိသုကာ ဦးကျော်မင်း၊ ခရမ်းအမတ် ဦးတင်မောင်ဝင်း။ဦးတင်မောင်ဝင်းမှာ တွဲဖက်ထောင်သို့ ပြောင်းရွှေ့သွားပြီး မကြာမီ ရက်ပိုင်းအတွင်းမှာပင် ကွယ်လွန်ကြောင်း ကြားကြရသည်။ ထို့ပြင် ရန်ကုန်မြို့တော်ဝန်နှင့် တိုင်းမှူးဟောင်း ဦးမျိုးအောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်း ဦးလှဖေနှင့် ဗိုလ်မှူးကြီးဟောင်း ဦးစီဗင်ချုးတို့ဖြစ်သည်။ ထိုမျိုးချစ်ရဲဘော်ဟောင်း အင်န်အယ်လ်ဒီအမတ်ကြီးများသည် တိုင်းပြည်ကို နည်းမှန်လမ်းမှန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုသော စေတနာဆန္ဒ ရှိကြပုံရသည်။ သို့သော်လည်း သူတို့သည် ခေတ်နောက်ကျ၍ အောက်တန်းနောက်တန်းကျနေသော တိုင်းပြည်အကျိုးကို စွန့်စွန့်စားစား အနစ်နာခံ၍ လုပ်ကိုင်လောက်အောင် နိုင်ငံရေးယုံကြည်မှုကား ရှိပုံမရကြပေ။ သူတို့နှင့် နဝတကြားတွင် အကျိုးစီးပွားပဋိ ပက္ခများလည်း များစွာ ရှိပုံမရ။ မကြာမီ သူတို့ လွတ်မြောက်သွားကြသည်။ မလွတ်မြောက်မီကာတိုကလေးကိုပင် သူတို့သည် တညည်းညည်း တညူညူနှင့် နေထိုင်သွားခဲ့ကြသည်။

တော်ဘုရားကလေး(အောင်ဇေ)၊ ဦးညိုဝင်း၊ ဆရာဒေါက်တာမောင်မောင်ကျော်တို့နှင့်ကား စိတ်ဓာတ်ရေးရာအရ ကွာခြားလှပေသည်။ ကျန်ပုဂ္ဂိုလ်များမှာ လူမှုရေး၊ ပညာရေး၊ အသက်အရွယ်အရ သူတို့ထက် အဆင့်မြင့်သူများ ဖြစ်ရုံမက တိုင်းပြည် နှင့် ပြည်သူလူထုအပေါ် ထားရှိသော စိတ်ဓာတ်ယုံကြည်မှုမှာလည်း မြင့်မားကြသည်။ ဤအင်းစိန်အကျဉ်းထောင်ထဲ၌ရှိစဉ် အာဏာပိုင်များက မည်မျှပင် ဖိနှိပ်စေကာမူ တော်ဘုရားကလေး (အောင်ဇေ)ကား အနည်းငယ်မျှ တုန်လှုပ်ခြင်း၊ ညည်းညူခြင်း မရှိခဲ့ပေ။ ကျန်းမာရေးအရ ရံဖန်ရံခါ အဖျားဝင်တတ်သော်လည်း အားလုံးက ဝိုင်းဝန်းပြုစုစောင့်ရှောက်ကြသဖြင့် နှစ်ရက်၊ သုံးရက်အတွင်း ပျောက်ကင်းပြီး ပုံမှန်ပြန်ဖြစ်လာမြဲ ဖြစ်သည်။ သူနှင့် အပြန်အလှန်နိုင်ငံရေးအရ လေးစားမှုရှိခဲ့ကြသော ဗိုလ်စက်ရောင် (ပြည်သူ့ရဲဘော်)၊ ဦးစိုးဝင်း (ပီဒီပီ)၊ ဦးခင်မောင်မြင့် (ပီကျု)၊ ဦးညိုဝင်း (ပီကျု/ဒမဖ) နှင့် ဦးတင်မောင်ဝင်း (အင်န် အယ်လ်ဒီ)တို့သည် ဤအကျဉ်းထောင်အတွင်း၌ ဆေးဝါးကုသမှု  လုံလောက်အောင် မခံယူရဘဲ မကြာမီကနှင့် ယခုတလောတွင်ပင် ကျဆုံး ကွယ်လွန်သွားခဲ့ရသည်ကို သူသိလေသည်။ သို့သော်လည်း တော်ဘုရားကလေး (အောင်ဇေ) ကား ရုပ်ကနုသလောက် စိတ်ဓာတ်ယုံကြည်ချက် ခိုင်မာသူဖြစ်သည်။ သူသည် ကြမ်းတမ်းသော ဤအကျဉ်းထောင်သက်တမ်းကာလကို အခြားသော ရဲဘော်မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားခေါင်းဆောင်များနှင့်အတူ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်၍ ဖြတ်သန်းခဲ့လေသည်။


#Diary #70

အမျိုးအစား - ဒိုင်ယာရီ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."