အရာတော် – ၂၀၂၂ ဇန်နဝါရီ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံတောင်သူတွေရဲ့ ထွက်ရှိတဲ့ သီးနှံတွေကို တစ်ဝက်တိတိသိမ်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေ အတော်များများရှိပြီး စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းကာ ခုလို ဒေသခံတွေရဲ့ ချွေးနည်းစာကို သိမ်းယူနေတာလို့ ဒေသခံကဆိုပါတယ်။
ဒေသခံတောင်သူတွေရဲ့ ငွေတွင်းကျေးရွာက ထွက်ရှိတဲ့ ကွမ်း၊ မြေပဲ၊ ပဲစင်းငုံတွေကို ထွက်တဲ့ ပိဿာအလိုက် တစ်ဝက်တိတိ သိမ်းယူတယ်လို့ ဆိုပါတယ်။
ဒါဟာ ဓားပြတိုက်တာလို့ ဒေသခံကပြောပါတယ်။
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က ငွေတွင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာက ပျူစောထီးအဖွဲ့ဝင်တွေဟာ တခြားကျေးရွာ၊ မြို့နယ်တွေကို ကျူးကျော်ဝင်ရောက်လာပါက ပြင်းထန်စွာအရေးယူမယ်လို့ ဒေသခံမဟာမိတ်တပ်ပေါင်းစုက သတိပေးခဲ့ဖူးပါတယ်။
သတိပေးခံထားရတဲ့ ပျူစောထီးတွေဟာ ကွမ်းခြင်းတင်ကားတွေ၊ ကုန်စိမ်းကားတွေနဲ့ ကိုယ်တိုင်ထွက်မရောင်းတော့ဘဲ ရွာနီးချုပ်စပ် ကျေးရွာကားတွေနဲ့တင်ပို့ရောင်းချနေတယ်လို့ မဟာမိတ်တပ်ပေါင်းစုက ဆိုပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့က အရာတော်မြို့နယ် မင်းရွာနယ်မြေထဲကို ပဲစင်းငုံလာခုတ်တဲ့ အင်အား ၁၅ဦးပါ ပျူစောထီးအဖွဲ့ကို ငါးမြို့နယ်မဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၃ ဦးခန့်သေဆုံးခဲ့ပါတယ်။
#Dailynews

