တောင်သာ – ၂၀၂၁ အောက်တိုဘာ ၁၃ (မော်ကွန်း)
မန္တလေးတိုင်း တောင်သာမြို့နယ်က NLD သတင်းပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွေးရဲ့ အိမ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ည ၁၀ : ၀၀ ဝန်းကျင်က တောင်သာမြို့နယ် စံဦးရွာမှာရှိတဲ့ ကိုဇော်ထွေးရဲ့ အိမ်ကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် နှစ်ထပ်ပျဉ်ထောင်နေအိမ်တစ်လုံးအပါအဝင် ကြက်သွန်ဂိုထောင်နဲ့ ကြက်သွန်ပိဿာချိန် ၁၈,၀၀၀၊ နွားတင်းကုပ်၊ စားဖိုဆောင်တွေ လောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ကိုဇော်ထွေးကတော့ စစ်ကောင်စီဘက်က ပုဒ်မ ၅၀၅ (က) ထုတ်ခံထားရလို့ တိမ်းရှောင်နေကာ မိသားစုဝင်တွေလည်း နေအိမ်မှာမရှိကြဘူးလို့ ဒေသခံတွေကပြောပါတယ်။
မီးမရှို့ခင်က ကိုဇော်ထွေးရဲ့ အိမ်ကို စစ်ကောင်စီတပ်တွေ နှစ်ကြိမ်လာရောက်ရှာဖွေခဲ့ပြီး ပထမအကြိမ် လာရောက်စဉ်က ခြိမ်းခြောက်ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့လို့ အသက် ၈၀ အရွယ် ဖခင်ဖြစ်သူဟာ နောက်တစ်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်သာမြို့နယ် စံဦးကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူကို တောင်သာ ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – မနေ့ညက မီးရှို့ခံရတဲ့ ကိုဇော်ထွေးရဲ့အိမ်
ဓါတ်ပုံ-မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
#Dailynews

