ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၂ (မော်ကွန်း)
ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေဟာ ယခုရက်ပိုင်းမှာ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ စီးပွားရေးဈေးကွက် စောင့်ကြည့်လေ့လာသူတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက ကန်တစ်ဒေါ်လာကို ကျပ် ၃,၉၀၀ ဝန်းကျင်အထိရောက်ရှိခဲ့ပြီး ယခုလဆန်းပိုင်းမှာ တော့ တစ်ဒေါ်လာကို ၃,၃၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းခဲ့ပါတယ်။ ဒေါ်လာဈေးနဲ့အတူ ရွှေဈေးလည်း တစ်ကျပ်သားကို ၃၄ သိန်းအောက်ထိ ကျဆင်းခဲ့တာပါ။
ယခုတစ်ပတ်မှာတော့ ကျဆင်းသွားတဲ့ ရွှေနဲ့ ဒေါ်လာဈေးတွေက ပြန်လည် မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ရောက်ရှိလာတယ်လို့ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခုတစ်ပတ် တနင်္လာနေ့ကစပြီး ပြန်တက်လာတယ်။ ဒေါ်လာက တစ်ဒေါ်လာကို ၁၀၀ ကျော်လောက် ပြန်တက်လာတယ်။ ရွှေကလည်း နောက်ကလိုက်တက်လာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းအခေါက်ရွှေဈေးကလည်း တစ်ကျပ်သားကို ၃၄ သိန်းဝန်းကျင်ရှိနေရာက ၃၆ သိန်းဝန်းကျင်ထိ ပြန်လည်မြင့်တက်သွားတယ်လို့ ပြည်တွင်းရွှေဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ရွှေဈေးနှုန်းဟာ ယခင်လက ၃၈ သိန်းဝန်းကျင်ထိ မြင့်တက်ခဲ့ရာက ပြန်လည်ကျဆင်းသွားတာကြောင့် ရွှေအရောင်းအဝယ်တွေ ပြန်ရှိလာတယ်လို့ သူကပြောပါတယ်။
“အရောင်းအဝယ်ကတော့ ပြန်ရှိလာတယ်ပြောရမယ်။ ရွှေက ၃၈ သိန်းလောက်ထိ တက်သွားတုန်းက ဝယ်ထားသူတွေ အမြင့်ဈေးမိထားသူတွေပေါ့ အခုပြန်တက်လာတော့ ထုတ်ရောင်းတာတွေရှိလာတယ်။ ရွှေကို ကျနေတုန်းမှာ ဝယ်တဲ့သူတွေလည်း များလာတယ်” လို့ ပြောပါတယ်။
ယခုလဆန်းပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) နဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းက ဈေးကွက်အတွင်း အသွင်ယူဖမ်းဆီးမှုတွေ ပြုလုပ်လာပြီး ဈေးကစားသူတွေကိုလည်း အရေးယူမယ်လို့ ထုတ်ပြန်လာပါတယ်။
အဲ့ဒီလို အဖမ်းအဆီးတွေ ပြုလုပ်လာပြီးနောက် တစ်ဒေါ်လာကို ၃,၅၀၀ အောက်ကို စတင်ကျဆင်းသွားခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ အခုလို ဒေါ်လာဈေးကွက်ကို အဖမ်းအဆီးတွေနဲ့ ထိန်းသိမ်းနေတာဟာ ရေရှည်ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
“အခုက အပြင် Black Market မှာ ဒေါ်လာကိုသွင်းပြီး မှောင်ခိုနဲ့ ရောင်းနေကြတာ။ စစ်ကောင်စီကလည်း နိုင်ငံခြားငွေလိုအပ်ချက်က မြင့်တက်လာတယ်။ ဒေါ်လာနဲ့ တင်သွင်းရတဲ့ သွင်းကုန်သမားတွေက ဒေါ်လာကို အစိုးရဆီက အပြည့်မရရင် မှောင်ခိုဈေးကွက်ကပဲ ဝယ်ရမှာပဲဆိုတော့ အပြင်ဈေးကွက်ကိုတော့ ထိန်းချုပ်နိုင်မှာမဟုတ်သေးပါဘူး။ အခုဖမ်းလို့ ငြိမ်နေပေမယ့် ဈေးကွက်ရှိရင် ရောင်းကြဝယ်ကြမှာပဲ” လို့ သူကပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီ ၄၀ ကျော် လိုင်စင်ပိတ်သိမ်းခံထားရပြီး ပြည်တွင်းမှာ ဒေါ်လာကိုင်ဆောင်မှုကိုလည်း ကန့်သတ်ထားပါတယ်။
Photo – KMT
#Dailynews

