ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၉ (မော်ကွန်း)
တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန်တိမ်တိုက်နဲ့ လေပွေလှိုင်းတွေ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံထဲကို ဖြတ်သန်းမှာဖြစ်ပြီး နိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
တောင်တရုတ်ပင်လယ်ထဲက ဆိုးလစ်ခ် (SOULIK) မုန်တိုင်းဟာ ဒီနေ့ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ မုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်နဲ့ လေပွေလှိုင်းတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေကို ဖြတ်ကျော်ပြီး ဝင်ရောက်လာမယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်ကာ မနက်ဖြန်မနက်ပိုင်းကစပြီး နိုင်ငံရဲ့ဒေသတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
လေပွေလှိုင်းရဲ့ အရှိန်ကြောင့်လည်း မနက်ဖြန်ကနေ ငါးရက်အတွင်း နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းနယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီးမိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားတာပါ။
အလွတ်တန်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကတော့ ဒီလေပွေလှိုင်းတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြန်မာနိုင်ငံနယ်စပ်ကို ကရင်ပြည်နယ်၊ ဖာပွန်မြို့အနီးက ဖြတ်ဝင်လာနိုင်ပြီး ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦး၊ ဝေါမြို့နယ်တွေကို ဖြတ်သန်းဝင်ရောက်မယ်လို့ ဒီနေ့နေ့လယ်ပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ခန့်မှန်းထားပါတယ်။
ဒါ့ပြင် ဒီလေပွေလှိုင်းဟာ အခုလ ၂၂ ရက် ညပိုင်းမှာတော့ ပဲခူးတိုင်းထဲကနေ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့ချားကာ အနောက်ဘက် ရခိုင်ရိုးမဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ပင်လယ်ပြင်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်တို့ကြောင့် မြန်မာနိုင်ငံတဝန်း မိုးကြီးခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုဖြစ်စဉ်တွေ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့ပါတယ်။
အခုလ ၈ ရက်က စတင်ရွာသွန်းတဲ့ မိုးကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံခဲ့ကာ သေဆုံးသူ ၂၆၈ ဦးထိ ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၈၈ ဦးထိ ရှိခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မြို့နယ် ၅၆ မြို့နယ်မှာ လူနေအိမ် နှစ်ထောင်ကျော်ပျက်စီးခဲ့ကာ နေအိမ်တစ်သိန်းခွဲကျော် ရေဝင်နစ်မြုပ်ခဲ့ပြီး ရုံးဌာနအဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်းကျော် ဘာသာရေးအဆောက်အဦ ၄၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြေပြင်အခြေအနေမှာတော့ ရေဘေးမှာ သေဆုံး၊ ပျောက်ဆုံးစာရင်းတွေဟာ စစ်ကောင်စီက ထုတ်ပြန်ထားတာထက် များပြားနိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တချို့က ပြောထားပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ဒီရေလွှမ်းမိုးမှာ နိုင်ငံတစ်ဝန်းက လူဦးရေ ခြောက်သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ အခုလ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း
ဓာတ်ပုံ – မိုးဇလ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

