တောင်စွန်းစခန်းသိမ်းထားပြီးသော်လည်း မိုင်းမရှင်းနိုင်သေးလို့ ရွာသားတွေအိမ်မပြန်ရဲ

တောင်စွန်းစခန်းသိမ်းထားပြီးသော်လည်း မိုင်းမရှင်းနိုင်သေးလို့ ရွာသားတွေအိမ်မပြန်ရဲ

ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း)

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်၊ တောင်စွန်းရွာကို KNU က ပြန်ရယူထားတာ လေးလလောက်ကြာပြီဖြစ်ပေမယ့်လည်း မြေမြှုပ်မိုင်းတွေမရှင်းလင်းရသေးတာကြောင့် မနေထိုင်ရဲသေးကြောင်း ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။

အခုနှစ် မေလမှာ KNU ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့လက်အောက်ခံ စစ်ကြောင်းတွေဟာ တောင်စွန်းရွာက စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ -၂၈၄)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

“သူတို့(KNU)ပြောတာကတော့ မိုင်းကနေရာအနှံ့ရှိတာတဲ့၊ အိမ်ကိုတော့ ပြန်မနေသေးနဲ့ဦး၊ သူတို့ ရှင်းပေးဖို့လည်း မိုင်းက ဘယ်နေရာရှိလို့ ရှိမှန်းမသိတော့ သူတို့ရှင်းလို့မရဲသေးဘူးလို့တော့ပြောတယ်။ သူတို့ရှင်းပေးမယ်လို့ပဲ ပြောတာ၊ စခန်းသိမ်းပြီးကတည်းက ခုချိန်ထိ ပြန်လှည့်ကြည့်တာလည်း တစ်ခါမှမတွေ့ဘူးလို့” တောင်စွန်းရွာသားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

လက်ရှိမှာ တောင်းစွန်းကျေးရွာ စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်အိမ်ခြံဝင်းထဲကိုတောင် ပြန်ကြည့်လို့မရဲတာကြောင့် ပိုင်ဆိုင်တဲ့အသက်မွေးဝမ်းကျောင်းမှု၊ လယ်ယာလုပ်ငန်း၊ ခြံတွေ လုပ်ကိုင်ခွင့်မရကြဘဲ စားဝတ်နေရေး တဖြည်းဖြည်းကျပ်တည်းလာတယ်လို့ ပြောပါတယ်။

“ ‘မိုင်းအန္တရာယ်ရှိသည်’ သတိပေးဆိုင်းဘုတ်တွေကပ်ထားပေမယ့် အဲဒီမိုင်းအန္တရာယ်ရှိတဲ့နေရာတွေက အတီး(ဦးလေး)တို့အိမ်တွေ၊ ခြံတွေရှိတဲ့နေရာပဲလေ။ စခန်းက အိမ်နားမှာပဲရှိနေတော့ ဘယ်လိုပြန်လို့ရဲမလဲ။ ရွာသားတွေရဲ့အိမ်တွေက စခန်းနီးနားမှာပဲရှိတာ၊ ပျက်စီးသွားတဲ့အိမ်တွေ ပြန်ပြင်ချင်လည်း ပြန်လို့မရဲဘူး၊ ခြံပြန်ကြည့်ချင်လည်းပြန်လို့မရဲဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုခဲ့တာကြောင့် တောင်စွန်းနဲ့ဆင်ပြေးရွာရှိ အဆောက်အဦနဲ့ လူနေအိမ်တွေ ထက်ဝက်လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

တောင်စွန်းစခန်ကို ဧပြီ ၇ရက်က ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ၁၀ ရက်အကြာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေ ၃ ရက်မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီကနေ ဇွန်လအထိ နိုင်ငံတစ်ဝန်းမြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် လူ ၁၀၂ ဦး သေဆုံးကာ ၅၉၀ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ကလေးသူငယ် ၄၃ ဦးနဲ့ ၁၇၇ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ မိုင်းအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးဒေသတွေက ရှမ်း၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေလို့ ဖော်ပြပြီး တစ်နိုင်ငံလုံးထိခိုက်မှုရဲ့ ၅၃ ရာခိုင်နှုန်းဟာ အဲဒီဒေသ သုံးခုမှာ ဖြစ်ထားတာလို့ ဖော်ပြပါတယ်။

ပုံစာ – သိမ်းပိုက်ရရှိခဲ့တဲ့ တောင်စွန်းစစ်ကောင်စီစခန်း
ဓါတ်ပုံ – Supplied
🌐 Website

 မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ


🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."