တောင်ငူ – ၂၀၂၄ စက်တင်ဘာ ၁၆ (မော်ကွန်း)
ရေလွှမ်းမိုးနေတဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားနှစ်ဦး မနေ့ကညပိုင်းမှာ ရေနဲ့မျောပါသေဆုံးသွားတယ်လို့ ဒီဖြစ်စဉ်ကို သိတဲ့ လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။
သေဆုံးသူနှစ်ဦးအနက် တစ်ဦးက ရှင်ပေါလုခရစ်ယာန်အသင်းတော် လူမှုကယ်ဆယ်ရေးအသင်းက အသင်းဝင် တစ်ဦးနဲ့ နောက်တစ်ဦးကတော့ အမည်မသိ (စုံစမ်းဆဲ) စေတနာ့ဝန်ထမ်းပါ။
“ရေကြီးတဲ့နေရာကို ထွန်စက်နဲ့သွားရင်း လမ်းကြမ်းတော့ ထွန်စက်ပေါ်ကပြုတ်ကျတာ။ ရေစီးနဲ့မျောပြီး အမာတစ်ခုခုနဲ့ ခေါင်းကိုရိုက်မိတယ်ထင်တယ်၊ အဲဒီမှာ ဆုံးသွားတာ။ နောက်တစ်ယောက်ကလည်း ရေစီးနဲ့ပါသွားတာပြောတယ် ဘယ်အဖွဲ့ကလည်းတော့ မသိသေးဘူး” လို့ တောင်ငူမြို့မှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေမြင့်တက်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရပ်ကွက်ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ကာ တောင်ငူဒေသခံကိုးသောင်းကျော် ရေဘေးသင့်နေတယ်လို့ ဒေသတွင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
လက်ရှိမှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေအနေနဲ့ စက်လှေမလုံလောက်တဲ့အပြင် ရေစီးကြမ်းတာတွေကြောင့် ကူညီကယ်ဆယ်ရေးတွေ ခက်ခက်ခဲခဲလုပ်ဆောင်နေရတယ်လို့ ပရဟိတအသင်းတချို့က ပြောပါတယ်။
မနေ့ကလည်း ရေကြီးနစ်မြုပ်မှုတွေမှာ ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်တဲ့ သွေးဒါနမျိုးဆက် ပရဟိတအသင်းက စက်လှေတစ်စင်းတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူမရှိခဲ့ဘူးလို့ ဒီဖြစ်စဉ်ကို အဲဒီအသင်းရဲ့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
“ဒီမနက်တော့ ရေတော့ထပ်တက်လာတာမရှိသေးဘူး။ လက်ကျန်ရေတွေတော့ ကျန်သေးတယ်။ အခုရက်တွေတော့ ချက်ပြုတ်လို့မရသေးတော့ ပြန်လည်ထူထောင်ရေးအတွက် ရိက္ခာခြောက်တွေလှူဒါန်းဖို့ လိုတယ်။ ထမင်းထုပ်တွေ၊ ခေါက်ဆွဲထုပ်တွေပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တောင်ငူမြို့က ဒေသခံ တစ်သောင်းကျော်အတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၂၀ ထက်မနည်း ဖွင့်လှစ်ထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“စာသင်ကျောင်းတစ်ကျောင်းမှာဆို လူနှစ်ထောင်ကျော်၊ သုံးထောင်လောက် ရောက်နေတာရှိတယ်။ ဘုရားကုန်းတို့၊ Church ကျောင်းတွေမှာ စခန်းတွေဖွင့်ထားတယ်။ ရေပြန်ကျသွားရင်တောင် ချက်ချင်း ပြန်လို့ အဆင်မပြေသေးဘူး” လို့ ၎င်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်မှာ စိုးရိမ်ရေမှတ်ထက် ငါးပေခန့် ကျော်လွန်မြင့်တက်နေပြီး မနေ့က အမြင့်ဆုံး ခုနစ်ပေနီးပါးထိမြင့်တက်ခဲ့ရာက တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီမနက်ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းထဲမှာ စစ်တောင်းမြစ်ရေမြင့်တက်တာကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေမှာ အခုရက်ပိုင်း ရေကြီးရေလျှံခဲ့ပြီး ဒေသခံအများအပြားကို ရေဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။
နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံတာကြောင့် မြို့ပေါင်း ၃၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရကာ ရေဘေးကြောင့် သေဆုံးသူဦးရေကလည်း ၁၁၃ ဦးထိ ရှိလာပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းဌာနတွေကနေ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – တောင်ငူမြို့မှာ ရေဘေးကြောင့် ပိတ်မိနေသူတွေကို ကူညီနေတဲ့ ပရဟိတအဖွဲ့များ
ဓာတ်ပုံ – Shwe lei
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

