ဂေထော
ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း)
တောင်ကြီးမြို့ကုတင် (၅၀၀)ဆံ့ စဝ်စံထွန်းဆေးရုံ၌ COVID-19 ရောဂါပိုးဓာတ်ခွဲစစ်ဆေးမှုများကို စက်တင်ဘာ ဒုတိယပတ်အတွင်း စတင်စစ်ဆေးနိုင်ရန် လျာထားကြောင်း ရှမ်းပြည်နယ်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က မော်ကွန်းသို့ ပြောသည်။
COVID-19 ရောဂါကို ဓာတ်ခွဲစစ်ဆေးပေးနိုင်မည့်PCR (Polymerase chain reaction) စက်ကို စဝ်စံထွန်းဆေးရုံရှိ ကုတင်(၅ဝဝ)ဆံ့ အဆောက်အဦး၏ဓာတ်ခွဲဌာနတွင်တပ်ဆင်ထားရှိမည်ဖြစ်သည်။
“စက်တော့ရှိပြီ။ဒါမယ့် တစ်ချို့ Accessory (ဆက်စပ်ပစ္စည်း)တွေ လိုနေတာရှိတာပေါ့။ အဲ့ဒါတွေကို ပြန်တပ်ဖို့ တပ်မယ့်ကုမ္ပဏီတွေကလည်း ဒီအပတ်ထဲမလာနိုင်သေးဘူးဆိုတော့ ရှေ့အပတ်လောက်မှ တပ်ဖြစ်မယ်ထင်တယ်”ဟု ဒေါက်တာသူဇာချစ်တင်က ပြောသည်။
ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးသွားပါက တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ၂၀၀ ဝန်းကျင်အထိ စစ်ဆေးနိုင်မည်ဖြစ်ကာ အခြားသော နီးစပ်ရာ ပြည်နယ်များကလည်း လာရောက်စစ်ဆေးနိုင်မည်ဖြစ်သည်။
“စက်တွေအကုန်လုံးတပ်ပြီးပြီဆိုလည်း ဒီမှာ Run တဲ့ဟာတွေက အဖြေလေးတွေကို NHL ကိုပို့ရမှာပေါ့။ သူတို့လည်း တိုက်ဆိုင်စစ်ဆေးပြီးတော့ ဒီဥစ္စာမှန်တယ်။ဒီကအဖြေနဲ့ ဟိုကအဖြေတိုက်တယ်။အဲဒါလေး နည်းနည်းပြန်လုပ်ရမှာပေါ့။ချက်ခြင်း Runတာနဲ့ အကုန်လုံးအဖြေတွေထုတ်လို့ မရသေးဘူးလေ”ဟု သူကပြောပြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ COVID-19 ရောဂါအတည်ပြုလူနာ ၁,၀၅၈ ဦး၊ေရာဂါပိုးကင်းစင်သူ ၃၅၉ ဦးနှင့် သေဆုံးသူ ခြောက်ဦးရှိသည်။
Photo – MRTV Facebook Page
#Dailynews