တောင်ကုတ်- ၂၀၂၄ အောက်တိုဘာ ၃၁ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြိုနယ်က မောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီရွာကို မနေ့ကမနက်ပိုင်း ၁၀ နာရီလောက်မှာ ဂျက်ဖိုက်တာလေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာလို ဒေသခံတစ်ဦးကပြောပါတယ်။
” ပထမတစ်ခေါက် လေယာဥ်လာဝဲကတည်းက ရွာသားတွေကကြောက်ပြီး ပုန်းတဲ့သူပုန်းနေကြပြီ။ သိပ်မကြာဘူး ဒုတိယတစ်ခေါက်လာဝဲပြီးတော့ ဗုံးချသွားတာပါ။ လမ်းပေါ်ကလူတွေရော ၊ အိမ်တွင်းမှာရှိတဲ့သူတွေရော အစစိုက်ပြီး သေဆုံးဒဏ်ရာရရှိသွားကြတာပါ” လို့ ပြောပါတယ်။
လက်ရှိမှာ တောင်ကုတ်မြိုနယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ကြား နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တောင်ကုတ်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် AA က မြို့ပတ်လည်ကို ဝိုင်းရံပိတ်ဆို့ ထားပါတယ်။
တောင်ကုတ်မြို့ သိမ်းယူခံရမှာစိုးရိမ်နေတဲ့ စစ်ကောင်စီဟာ AA ထိန်းချုပ်နယ်မြေတွေနဲ့ မြို့အနီးတဝိုက်က ကျေးရွာတွေကို လေကြောင်းကနေ မကြာခဏဗုံးကြဲနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏ ရှိနေတာလို့ ဒေသခံတချို့ကပြောပါတယ်။
” ဒီတစ်လအတွင်းမှာတောင် ကျွန်တော်တို့တောင်ကုတ်မြို့နယ်ထဲကို လေကြောင်းကနေ တိုက်ခိုက်တာ အကြိမ်ရေ မနည်းတော့ဘူး။ ရခိုင်တွေရဲ့အသက်က အရမ်းကိုတန်ဖိုးမဲ့လွန်းနေပြီလား။ တစ်နေ့တစ်နေ့ ကြက်ကလေး ငှက်ကလေးတွေကို လာသတ်သလိုမျိုးသတ်နေတာ။ တိုက်ချင်ရင် လက်နက်ကိုင်အချင်းချင်း ဆင်းတိုက်ကြပါလား ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
တောင်ကုတ်မြိုနယ်မှာ ဒီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၂၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးထိ ရှိနေပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သုံးလတာအတွင်း ရခိုင်ပြည်နယ်တဝန်းက AA ထိန်းချုပ်ရာ ဒေသတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉၂ ဦးသေဆုံးခဲ့ပြီး ၁၃၇ ဦး ဒဏ်ရာရခဲ့တာကို မော်ကွန်းက သီးခြားပြုစုထားတဲ့စာရင်းမှာ တွေ့ရပါတယ်။
ဒါအပြင် နိုင်ငံတစ်ဝန်းက စစ်ရှုံးထားတဲ့ မြို့ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေ ယခုလအတွင်းပိုမိုမြင့်တက်နေပြီး စစ်ကောင်စီကို လေယာဉ်ဆီရောင်းချပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာအစိုးရတွေက ပိတ်ဆို့ဒဏ်ခတ်ကြောင်း ယခုသီတင်းပတ်အတွင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ- တောင်ကုတ်မြို့အဝင် ဆိုင်းဘုတ်
ဓါတ်ပုံ- တောင်ကုတ်မြို့နယ်သားများဂရု
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

