ရန်ကုန် – ၂၀၂၄ မတ် ၇ (မော်ကွန်း)
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို လုံခြုံရေးအရ အနှောင့်အယှက်ပေးနေတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို ဒီနေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်ပြီး ရှင်းလင်းနေတယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီခန့်ကစပြီး လိုင်ဇာဒေသ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။
လက်ရှိတိုက်ခိုက်နေတဲ့ စစ်ကောင်စီစခန်းတွေဟာ လိုင်ဇာကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာဒေသကို လုံခြုံရေးအရ အနှောင့်အယှက်ပေးနေတဲ့ စခန်းတွေဖြစ်တယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်က စခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ လေကြောင်းနဲ့ ပစ်တာတွေရှိတယ်။ ရှေ့တန်းက ကာကင်းစခန်းတချို့ကိုလည်း သိမ်းလို့ရပြီလို့ ပြောတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီနေ့ စတင်ဖြစ်ပွားတဲ့ KIA ရဲ့ ထိုးစစ်နဲ့ပတ်သက်လို့ စစ်ရေးအခြေအနေတွေဖြစ်တဲ့အတွက် အသေးစိတ်အကြောင်းအရာတွေကိုတော့ ပြောကြားတာမရှိပါဘူး။
KIA ရဲ့ ရှေ့တန်းစစ်မျက်နှာနဲ့နီးစပ်တဲ့ ဒေသတွင်းသတင်းဌာနတွေကတော့ လိုင်ဇာဒေသက စစ်ကောင်စီစခန်း နှစ်ခုကို သိမ်းလိုက်နိုင်ပြီလို့လည်း သတင်းဖော်ပြမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီဘက်ကလည်း လိုင်ဇာဒေသကို လေကြောင်းနဲ့ အပြင်းအထန် ပစ်ခတ်နေတာကြောင့် အရပ်သားဒေသခံနှစ်ဦးသေဆုံးကာ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။
KIA ထိန်းချုပ်နယ်မြေ လိုင်ဇာကို ဖြတ်သန်းရတဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေ မနှစ်က ဇွန်လပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာပြီး ကားလမ်းကိုလည်း မကြာခဏ ပိတ်ထားရတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ လပိုင်းမှာ အပစ်အခတ်ရပ်စဲလိုက်နိုင်ပေမယ့် ကချင်ပြည်နယ်မှာ KIA ရဲ့ ထိုးစစ်ဆင်မှုကို စတင်ရင်ဆိုင်လာရတာပါ။
KIA နဲ့ စစ်ကောင်စီတပ်တို့အကြား ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မံစီ၊ ဖားကန့် အစရှိတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
ယခုလ ၃ ရက်နေ့က မံစီမြို့နယ်က စစ်ကောင်စီရဲ့ မဂျီဂုံ( Maji Gung)ဗျူဟာစခန်း ကို KIA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ တာဝေးပစ်ဟောင်ဝစ်ဇာအမြောက်တွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ ၂၀ ရက်က ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာ တပ်စခန်းကုန်းတစ်ခုဖြစ်တဲ့ ဝှေခါဗျူဟာကုန်းကို KIA က သိမ်းပိုက်ထားခဲ့ပါတယ်။
KIA အနေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ဒေသနဲ့ ကချင်ပြည်နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပြီး စစ်ကိုင်းတိုင်းက ဒေသတချို့မှာလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။
ပုံစာ – KIA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – Myo Hla PDF

