တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတတိုက်ရိုက်ခန့်တာကနေ ဆိုင်ရာလွှတ်တော်တွေကခန့်အပ်နိုင်ဖို့အခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းချက် ဥပဒေကြမ်းကော်မတီကန့်ကွက်

တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတတိုက်ရိုက်ခန့်တာကနေ ဆိုင်ရာလွှတ်တော်တွေကခန့်အပ်နိုင်ဖို့အခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းချက် ဥပဒေကြမ်းကော်မတီကန့်ကွက်
ကျော်ဇေယျ
မတ်-၅
 
တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတတိုက်ရိုက်ခန့်တာကနေ သက်ဆိုင်ရာလွှတ်တော်တွေကခန့်တာမျိုး ပြုပြင်ပြောင်း လဲဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတင်သွင်းလာတဲ့ ၂၀၀၈ ဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းဟာပုဒ်မတစ်ခုတည်းကိုသာကွက်ပြီး ပြင်ဆင်မှာမျိုးဖြစ်တဲ့အတွက် ပြင်ဆင်ဖို့မသင့်လျော်ဘူးလို့ ဆုံးဖြတ်ကြောင်း ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အများစုပါဝင်တဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ လေ့လာသုံးသပ်ရေးအစီရင်ခံစာမှာဖော်ပြပါတယ်။
 
သို့သော် ကော်မတီဝင် ၃၀ ဦးအနက် တိုင်းရင်းသားနဲ့ တပ်မတော်သားကိုယ်စားလှယ် ငါးဦးကလွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်အတည်ပြုဖို့ တောင်းဆိုခဲ့တာကြောင့် ဒီဥပဒေကြမ်း အတည်ပြု၊မပြုကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဥပဒေကြမ်းတွေ့ရှိချက်အစီရင်ခံစာကိုတင်ပြရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိဒါန်းကအစ၊ ပုဒ်မ ၁ ကနေ ပုဒ်မ ၄၅၇ အထိ၊ ဇယား-၁ကနေ ဇယား-၅အထိရှိတဲ့ ပြဌာန်းချက် အားလုံးကို သုံးသပ်ပြင်ဆင်ဖို့ဖြစ်ပြီး အခုတင်ပြလာတဲ့ ဥပဒေမူကြမ်းမှာတော့ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(ခ) (ဂ) (ဃ) နဲ့ (င)တို့ကိုသာ ပြင်ဆင်ရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ကော်မတီက လေ့လာတွေ့ရှိရတယ်လို့ ဖတ်ပြပါတယ်။
 
“၂၁ရာစုပင်လုံညီလာခံကနေပြီးတော့အတည်ပြုပြီး ဖြစ်တဲ့ပြည်ထောင်စုသဘောတူစာချုပ်ရဲ့အစိတ်အပိုင်းတစ်မှာ အရေး အကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်ကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှုရှိစေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၁)မှာပါရှိတဲ့ နိုင်ငံတော်အခြေခံမူများမှ စတင်ပြီး တော့ ပြင်ဆင်မှသာလျှင်ယခုပြင်ဆင်ရန်တင်သွင်းလာတဲ့ ပုဒ်မ၂၆၁ ပြင်ဆင်ချက်နဲ့ ရှေ့နောက်ညီညွှတ်မှုရှိမှာ ဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်” လို့ ကော်မတီအတွင်းရေးမှူးက အစီရင်ခံစာဖတ်ကြားရာမှာ တင်ပြပါတယ်။
 
သို့သော် ကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်နန်းနီနီအေး၊ ဦးဘရှိန်၊ ဦးကျော်ကျော်၊ ဗိုလ်မှူးချုပ်တင့်လွင်နဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကတော့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒီဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးအတည်ပြုဆောင်ရွက်သင့်ကြောင်း တင်ပြတာလည်း ရှိတယ်လို့ သူက အစီရင်ခံစာဖတ်ကြားရာမှာ ပြောပါတယ်။
 
ဒီပုဒ်မ ၂၆၁ တစ်ခုတည်းကို သီးခြားခွဲထုတ်ပြင်ဆင်မယ့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းထား တဲ့ ၄၅ဦး ကော်မတီရဲ့ ပြင်ဆင်ရေးလေ့လာသုံးသပ်မှုများထဲတွင် ပေါင်းထည့်ပြင်ဆင်မှုလုပ်သင့်ကြောင်း ကော်မတီဝင် အများစုက တင်ပြကြတယ်လို့လည်း ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်ကို ဖတ်ကြားတင်ပြပါတယ်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ စောကပီကတော့ တိုင်းရင်းသားတွေလိုလားတဲ့ ဒီပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ကန့်ကွက်လာ ရင် နိုင်ငံရေးအရ တိုင်းရင်းသားတွေနဲ့ ဒီပါတီကြား ကွာဟမှုတွေဖြစ်လာနိုင်သလို လိုက်လျောပေးလိုက်ပြန်ရင်လည်း အတိုက်အခံပါတီက ပြင်ဆင်ဖို့ တင်လာတာဖြစ်တဲ့ အတွက် နိုင်ငံရေးအရ နစ်နာမှုမျိုးရှိနိုင်တယ်လို့ ဆိုပါတယ်။ တပ်မတော်ထောက်ခံမှုနဲ့မှ ပြင်ဆင်နိုင်တဲ့ ဒီပုဒ်မကို အခုအခါ တပ်မတော်ဘက်က ပြင်ဆင်ဖို့ သဘောတူလာချိန်မှာတော့ အာဏာရပါတီအနေနဲ့ လိုက်လျောပေးသင့်တယ်လို့ သူက ပြောပါတယ်။
 
“ ပါတီအကျိုးနဲ့ တစ်နိုင်ငံလုံးအကျိုးနှစ်ခုယှဉ်လာရင်တော့ တစ်နိုင်ငံလုံးကောင်းဖို့အတွက် NLD ပါတီသည် အဲဒီပုဒ်မ ပြင်ဆင်မှုလုပ်တဲ့အခါမှာတော့ တစ်နိုင်ငံလုံးအကျိုးအတွက် ပိုပြီးဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ ဒီပုဒ်မပြင်ဆင် ရေးအတွက် ထောက်ခံပေးသင့်တယ်” လို့ စောကပီက ပြောပါတယ်။
 
ချင်းတိုင်းရင်းသားနိုင်ငံရေးသမား ဦးဇိုဇမ်ကတော့ ဒီပုဒ်မ ၂၆၁ ကို တပ်မတော်ဘက်က ပြင်ဆင်ဖို့ လိုက်လျောလာတာ ဟာ နိုင်ငံရေးအရကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကြပ်အတည်း ဖြစ်နေ ချိန်မှာ တပ်မတော်ဘက်က ဒီလို ဖြေလျော့မှုလုပ်ဆောင်လာတာကို ကြိုဆိုရမယ်လို့ ဆိုပါတယ်။
 
ကုန်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ရခိုင်ပြည်နယ်မှာ နေရာအများစုအနိုင်ရတဲ့ ရခိုင်တိုင်းရင်းသားပါတီဘက်က ပြည်နယ်ဝန်ကြီးချုပ်နေရာကို သူတို့ကိုရွေးချယ်ခွင့်ပေးဖို့ တောင်းဆိုတာမျိုးရှိခဲ့ဖူးပေမယ့် ဒီပုဒ်မ ၂၆၁ ပြဌာန်းချက်ကြောင့် အကန့်အသတ်ဖြစ်ပြီး သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ဝန်ကြီးချုပ်ကိုသာ လက်ခံခဲ့ရတာမျိုးလည်း ရှိပါတယ်။
 
ဒီပုဒ်မ ၂၆၁ ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းဆိုတဲ့ အခြေခံဥပဒေအခန်း(၁၂)မှာ ကန့်သတ်ထားတဲ့ ပုဒ်မများစွာ ထဲကတစ်ခု ဖြစ်ပါတယ်။ ဒီပုဒ်မကိုပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်ေ တာ်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရဖို့လိုသလို ပြင်ဆင်မယ့်အကြောင်းအရာကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး ထောက်ခံသူ ထက်ဝက်ကျော်ရှိမှ ပြင်ဆင် လို့ရမယ့် ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ စပ်လျဉ်းလို့ ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ် စားလှယ်တွေအနေနဲ့ ကြာသာပတေးနေ့ နောက်ဆုံးထား အမည်စာရင်းတင်သွင်းရမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကို ကြေညာခဲ့ပါတယ်။
အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."