“တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပေါ်လာနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်”

ပြည်ထောင်စုအင်စတီကျု (Pyidaungsu Institute)  မှ သုတေသနညှိနှိုင်းရေးမှူး ဒေါက်တာစိုင်းဦးနှင့်တွေ့ဆုံမေးမြန်းခြင်း။

ကျော်ဇေယျ တွေ့ဆုံမေးမြန်းသည်။

မြန်မာပြည်ရဲ့ အင်အားအကြီးဆုံးလက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်း အရုံးနဲ့ အစိုးရတပ်မတော်ကြား မကြာသေးခင်လပိုင်းတွေတုန်းက ကရင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေတဲ့အဖွဲ့ပါ။ ဒါ့အပြင် မကြာသေခင်တုန်းကလည်း မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ဟာလည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်ဆဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ မကြာခင်မှာလည်း တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစု ပင်လုံ) ဆွေးနွေးပွဲတွေကို အစိုးရဟာ လုပ်ဆောင်ဖို့ ရှိနေပြန်ပါတယ်။

ဒါ့ကြောင့် လတ်တလောတိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်အလားအလာ၊ လက်ရှိ ငြိမ်းချမ်ရေးဖြစ်စဉ်မှာ ကြုံနေရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲ၊ ပိုမိုအားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်လာနိုင်ဖို့ ပြုပြင် ပြောင်းလဲရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်အကဲဖြတ်မှုတွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သုတေသနတွေကို ဖော်ဆောင်နေတဲ့ ပြည်ထောင်စုအင်စတီကျု(PI) အဖွဲ့က သုတေသနညှိနှိုင်းရေးမှူးဖြစ်သူ ဒေါက်တာစိုင်းဦးကို မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။       ။ အခုလပိုင်းတွေအတွင်းမှာဆိုရင် ဖာပွန်နယ်ဘက်မှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်နေတာကို တွေ့လာရတယ်။ KNU ရဲ့ ထုတ်ပြန်ချက်တွေအရလည်း Nationwide Ceasefire Agreement-NCA(နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်ဆဲရေး သဘောတူစာချုပ်) ပါ စည်းကမ်းတွေကို လေးစားလိုက်နာဖို့ အစိုးရတပ်မတော် ဘက်ကို ပြန်လှန်ပြောဆို ထုတ်ပြန်တာတွေ ရှိပါတယ်။ ဒါမျိုးတွေဖြစ်လာတော့ ငြိမ်းချမ်းရေးရဲ့ အလားအလာဟာ ဘယ်လို ဖြစ်နိုင်မယ်လို့ သုံးသပ်မိပါသလဲ။

ဒေါက်တာစိုင်းဦး။         ။လက်ရှိငြိမ်းချမ်းရေးလမ်းကြောင်းကို အကြမ်းဖျင်းခြုံပြီးပြောရရင် NCA လမ်းကြောင်းဟာ အကြပ်အတည်းတစ်ခုကို ဆိုက်ရောက်နေတဲ့အနေအထားတစ်ခုကို ရောက်နေတာပေါ့။ နိုင်ငံရေးဘက်မှာ ဖြစ်နေတဲ့အခက်အခဲနဲ့ မြေပြင်မှာဖြစ်နေတဲ့ စစ်ရေးအခက်အခဲဟာ ဆက်စပ်မှုတော့ရှိတယ်။ ဒါပေမဲ့ ပုံသေတစ်ခုထဲကြည့်လို့တော့ မရဘူး။

ဘာကြောင့်လဲဆိုတော့ မြေပြင်မှာဖြစ်နေတဲ့တစ်ချို့ဟာတွေက ဒေသဆိုင်ရာအခက်အခဲ၊ တစ်ချို့ကြတော့ နယ်မြေသတ် မှတ်မှုနဲ့ဆိုင်တဲ့ ပြသနာတွေပေါ့။ တစ်ဖက်က နိုင်ငံရေးဘက်ကအခက်အခဲကြတော့လည်း နောက်ထက်အခက်အခဲ တစ်ခုပေါ့။ ဒါပေမဲ့ ဒီနှစ်ခုစလုံးဟာ ဖြစ်ပျက်မှုပုံစံမတူကြဘူး။ ဒါပေမဲ့ ဆက်စပ်မှုမရှိဘူးလားဆိုတော့ ဆက်စပ်မှုတွေရှိပါတယ်။

မော်ကွန်း။       ။ အဲဒီတော့ အပေါ်မှာလည်း ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဆွေးနွေးနေကြတယ်။ မြေပြင်မှာ ကြတော့လည်း သူတို့ရဲ့ ဆိုင်ရာ၊ ဆိုင်ရာတပ်ဖွဲ့တွေဟာ ပစ်ခက်တိုက်ခိုက်နေကြတယ်ဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သဘာဝရော ကျပါရဲ့လား။

ဒေါက်တာစိုင်းဦး။         ။အဲဒါပြောတာပေါ့။ ဒီဟာတွေဟာ ငြိမ်းချမ်းရေးပုံရိပ်ကို အများကြီး ကျဆင်းစေတာပေါ့။ ကျွန်တော်တို့ သုံးသပ်တာကတော့ လက်ရှိNLDအစိုးရမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုဟာ အရင်အစိုးရနဲ့ ယှဉ်လိုက်ရင် ပုံသဏ္ဍာန် နည်းနည်းပြောင်းသွားတာရှိတယ်။

အရင်အစိုးရတုန်းက ငြိမ်းချမ်းရေးကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ နီးနီးကပ်ကပ်ဖော်ဆောင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပြုပြင် ပြောင်းလဲမှုတွေကို ငြိမ်းချမ်းရေးရဲ့ လမ်းကြောင်းတွေအနေနဲ့ ထားတယ်။ဒါပေမဲ့ ဒီဘက်ပိုင်းမှာကျတော့ ငြိမ်းချမ်းရေးအရ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေတယ်ဆိုပေမယ့် ငြိမ်းချမ်းရေးဟာ လုံခြုံရေးဆိုတဲ့ အောက်မှာဖြစ်သွားတယ်။ ဆိုတော့ စစ်ရေးတွေဟာ ပိုပြီး အသက်ဝင်လာတာပေါ့။ ဒါတွေဟာ နိုင်ငံမြောက်ပိုင်းမှာဖြစ်နေတာတွေ၊ အခုဒီဘက်ပိုင်း (တောင်ပိုင်း- ကရင်ဒေသက တိုက်ပွဲတွေကိုဆိုလို) မှာ ဖြစ်နေတာတွေပေါ့။ငြိမ်းချမ်းရေးအောက်မှာ လုံခြုံရေးကို ပိုပြီးတော့ ဦးစားပေးပြီး လုပ်နေတဲ့ ပုံစံမျိုးတွေဖြစ်သွားတာပေါ့။

မော်ကွန်း။       ။ဒါဆိုရင် မြောက်ပိုင်းမှာဖြစ်နေတဲ့ပြသနာတွေကိုအခြေခံလို့ ‘ဝ’အဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့က ငြိမ်းချမ်းရေးကို ဒီ NCA နဲ့ အလုပ်မဖြစ်နိုင်ဘူးဆိုတာမျိုး ဝေဖန်ထုတ်ပြန်တာတွေ ရှိခဲ့ဘူးပါတယ်။ အခုဆိုရင်လည်း KNU ဘက်က ထုတ်ပြန်ချက်တွေအရ NCA အကြပ်အတည်းဆိုက်နေရတဲ့ ထုတ်ပြန်ချက်မျိုးတွေကို တွေ့ရပါတယ်။ ဒီတော့ လက်ရှိ NCA နဲ့ ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်လို့ ရနိုင်ရဲ့လား။

ဒေါက်တာစိုင်းဦး။         ။ဒီလိုမြင်လို့ ရပါတယ်။ NCA စာချုပ်အနေနဲ့ကတော့ ကျွန်တော်တို့ ဒါဟာ နိုင်ငံကူးပြောင်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်လို့ရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အခြေခံပြီးသွားရမယ်ဆိုတဲ့ အခြေခံကျတဲ့ အချက်တွေဟာ NCA ထဲမှာ ရှိတယ်။ ဒီအပေါ်မှာ အငြင်းပွားနေကြတာ မဟုတ်ဘူး။

ဒါပေမဲ့ NCA ကို အခြေခံပြီးဆက်လက်ပြီးတော့ ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို အလိုမကျတာပေါ့။ ဒါဟာ မြောက်ပိုင်းအဖွဲ့တွေရဲ့အမြင်။ နောက် လက်မှတ်မထိုးထားသေးတဲ့အဖွဲ့တွေရဲ့အမြင်ပေါ့။ သူတို့ NCA ကို ဝေဖန်နေတယ် ဆိုတာက NCA ကို အခြေခံပြီးဆက်လက်လုပ်ကိုင်တဲ့လုပ်ငန်းတွေကို သူတို့ ဘဝင်မကျတာမျိုးဖြစ်တယ်။ ဒီလိုခွဲမြင်လို့ရတယ်။NCA ကို သဘောမကျဘူးဆိုရင် NCA ထဲက ဘယ်အချက်လဲဆိုတာ တိတိကျကျ ဝေဖန်ပြီးတော့ ပြောင်းလဲပါဆိုတဲ့ ပုံစံမျိုး ပြောဆိုတာ မတွေ့ရဘူး။ တွေ့နေရတာကတော့ NCA ကနေဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ၊ NCA ကနေ ဖြစ်ပေါ်လာတဲ့ အပစ်အခတ်စောင့်ကြည့်ရေးယန္တရားတွေအပေါ်မှာ သူတို့ဘဝင်မကျတာတွေ၊ လက်တွေ့မကျဘူးလို့ ပြောဆိုတာမျိုးကိုတော့ တွေ့ရတယ်။

မော်ကွန်း။       ။ လက်ရှိကရင်ပြည်နယ်ဘက်မှာပြန်ဖြစ်လာတဲ့ ပစ်ခက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ရင် ဆရာအနေနဲ့ ဘယ်အဖွဲ့လွန်တယ်၊ မလွန်ဘူးလို့ ပိုင်းခြားသုံးသပ်ပြောရမယ်ဆိုရင် ဘယ်လို သုံးသပ်ပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ ကရင်မှာဖြစ်တဲ့ပြသနာက သူက အများထဲကပြသနာတစ်ခုပါပဲ။ ကျွန်တော်တို့ မြန်မာပြည်မှာဖြစ်နေတဲ့ တော်တော်များများ ပြသနာတွေက နယ်မြေကန့်သတ်ဖို့အခက်အခဲရှိတာတွေကြောင့်။ နိုင်ငံတကာပုံစံကို ကြည့်မယ်ဆိုရင် ပစ်ခတ်စောင့်ကြည့်ရေးယန္တရားမှာဆိုရင် နယ်မြေကန့်သတ်မှုကို အရင်လုပ်ထားပြီးတော့မှ၊ နယ်မြေကန့်သတ်မှုကို စည်းကမ်းတစ်ခုအနေနဲ့ ချမှတ်ပြီးတော့မှ ဘယ်သူလွန်တယ်၊ မလွန်ဘူးဆိုတာကို အသွားအလာတွေနဲ့ စစ်ပွဲတွေကို စောင့်ကြည့်ကြတာ။

အခု ကျွန်တော်တို့ ကြုံနေရတာက နယ်မြေကန့်သတ်မှုအတွက် ဒီနိုင်ငံမှာ လုပ်ဖို့ အခက်အခဲ အများကြီး ရှိနေတယ်။ ဒါက ဘယ်လိုခေါ်မလဲ လက်နက်ကိုင်အဖွဲ့များဟာ ပုံသေ သူနေရာ၊ ကိုယ်နေရာဆိုတာမျိုး မဟုတ်ဘဲနဲ့ ပျော့ပြောင်းတဲ့ နယ်မြေ ကန့်သတ်မှုတွေရှိနေတယ်။ နယ်မြေတွေက ပြောင်းလဲနေတယ်။ ဒါမျိုးဟာ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားထဲ မှာဖြစ်စေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားထဲမှာပဲ ဖြစ်စေ၊ ပြောင်းလဲနေတဲ့ သူ့ရဲ့ထိန်းချုပ်နယ်မြေတွေဟာ အဲဒီအပေါ်မှာ အခြေခံပြီးတော့ မြေပြင်ပြသနာအတော်များများဖြစ်နေကြတာကို တွေ့ရတယ်။ နယ်မြေကန့်သတ်မှုရဲ့ အဓိက ပြသနာတွေပေါ့။

မော်ကွန်း။       ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွက် အရေးပါတဲ့ လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဆောင်ကြတဲ့အခါ ရှမ်းပြည်နယ်ဘက်မှာ၊ ဟိုတလောကဆိုရင် မွန်ပြည်နယ်ဘက်မှာရောပဲ တပ်မတော်ဘက်က လိုက်လံကန့်သတ်တဲ့၊ တားမြစ်တဲ့ အခြေအနေတွေနဲ့ တိုင်းရင်းသားတွေဘက်မှာ ကြုံခဲ့ရတာတွေရှိပါတယ်။ ဒီဟာတွေကရော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လောက်အကျိုးသက်ရောက်စေပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ အလားအလာကတော့ အတော်မကောင်းဘူးပေါ့။ ဘာဖြစ်သလဲဆိုတော့ ထင်ရှားတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အထူးသဖြင့် တပ်မတော်ဟာ NCA အပေါ်မှာ နားလည်မှုဟာ ကွဲပြားနေကြ တာတွေကို တွေ့ရတယ်။ အဓိပ္ပါယ်ကဘာလဲဆိုတော့ NCA ကို အကောင်အထည်ဖော်တဲ့အခါမှာ တပ်မတော်ဘက်ကဖြစ်ချင်တဲ့ပုံစံနဲ့ တိုင်းရင်းသားဘက်ကဖြစ်စေချင်တဲ့ပုံစံတွေဟာNCA ကို ဖော်ဆောင်တဲ့အခါ အခြေခံကျကျ ကွဲပြားနေမှုတွေကို သွားတွေ့ရတယ်။

ဥပမာပြောရရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) တွေဘက်က ပြောတယ်။ အနာဂတ်ဖက်ဒရယ်နိုင်ငံဖွဲ့စည်းမှာဖြစ်တဲ့အတွက်ကြောင့် ၊ ဒါမှမဟုတ်ရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ပြည်သူနဲ့ထိတွေ့ပြီးတော့ သူတို့ရဲ့ဆန္ဒကို ရယူရမယ်။ ဒါမှသာလျှင် ရေရှည်တည်တံမယ့် ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ပြည်သူတွေရဲ့ ဆန္ဒတွေ၊ အသံတွေလည်း ပါလာမယ်ဆိုတဲ့အယူအဆနဲ့ သူတို့က လူထုတွေကို တွေ့ဆုံချင်တယ်။ ဆွေးနွေးချင်တယ်။ သူတို့က တိုင်ပင်ချင်တယ်။ တစ်ဖက်က တပ်မတော်ကလည်း မဟုတ်ဘူး၊ EAOs များသည် ပြည်သူတွေနဲ့ တိုင်ပင်တာမျိုးမလိုအပ်ဘူး။ EAOs များဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေအပြင်မှာဒီဆွေးနွေးပွဲတွေလုပ်မှာကို တပ်မတော်ဘက်ကနေပြီးတော့ စိုးရိမ်မှုတွေအများကြီး ရှိနေတယ်။

ပြောချင်တာက ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ယုံကြည်မှုနဲ့ အပြန်အလှန်နားလည်မှုဟာ အရမ်းကို အားနည်းနေတယ်။ ဒီတော့ အလုပ်လုပ်ကြတဲ့အခါကျတော့ တစ်ဖက်နဲ့တစ်ဖက်က ယုံကြည်မှုက မရှိကြဘူးပေါ့။ နောက်တစ်ဖက်မှာက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကျင့်စဉ်ဟာ တော်တော်လေး နုနယ်နေသေးတာလည်းပါတယ်။ နုနယ်တော့ ကျွန်တော်တို့ဟာ အပြန်အလှန်ပြသနာဖြေရှင်းကြတဲ့အခါမှာ တကယ့် Dialogue (နှစ်ဖက်ပွင့်လင်းတဲ့ ပြန်လှန်ပြောဆိုဆွေးနွေးမှုတွေ) မရှိဘူးဖြစ်နေတယ်။ အထင်အမြင်နဲ့ အပြစ်ရှာနေကြတဲ့လမ်းစဉ်ဖြစ်နေတော့ ပြသနာဟာ အရမ်းများတယ်။

မော်ကွန်း။       ။ NCA ကိုထိုးထားတဲ့ ရှစ်ဖွဲ့အပြင် အခု မွန်နဲ့ လားဟူတို့လည်း ထိုးလိုက်တဲ့အခါကျတော့ ငြိမ်းချမ်းရေးမှာ ဒီဟာက ကောင်းတဲ့အလားအလာလား။ ဒါမှမဟုတ် ဒီအဖွဲ့တွေဟာ သူတို့ရဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် ထိုးလာကြရတာလား။ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ NCA ကို ဘာကြောင့်ထိုးတယ်ဆိုတဲ့ အတွင်းရေးကတော့ ထိုးတဲ့အဖွဲ့တွေကသာလျှင် အသိဆုံးဖြစ်မှာပါ။ ကျွန်တော်ထင်တာကတော့ NCA သည် တကယ်တမ်းပြန်လည်လေ့လာသုံးသပ်မယ်ဆိုရင် နိုင်ငံရေးအရ အလားအလာရှိတဲ့ လမ်းကြောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ သွားကြမယ်ဆိုတာကို ဖွင့်ပေးထားတာကြောင့်ပေါ့။

တစ်ဖက်က လက်မှတ်မထိုးကြသေးတဲ့အဖွဲ့တွေ အတော်များများဟာ NCA ကို ညှိနှိုင်းကြတုန်းက တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့အဖွဲ့တွေ ဖြစ်တာကို မမေ့သင့်ပါဘူး။ ဒီ NCA နဲ့ သူတို့မစိမ်းကြပါဘူး။ NCA ရဲ့ အတွေးအခေါ်တွေကိုလည်း သိနေကြတဲ့အခါကျတော့ သူတို့တွေဟာ NCA မှာ ဘာတွေရနိုင်တယ်ဆိုတာလည်း နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီအချိန်မှာထိုးကြတယ်။ ဘာကြောင့် ဒီအချိန်မှာ မထိုးကြသေးသလဲ ဆိုတာကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ သူတို့ အခြေအနေကို သူတို့ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

မော်ကွန်း။       ။ အခုလာမယ့် တတိယပင်လုံငြိမ်းချမ်းရေးညီလာခံမှာဆိုရင် ဆွေးနွေးကြမယ့် အဖွဲ့အရေ အတွက်ဟာ ၁၀ ဖွဲ့ ဖြစ်သွားပြီပေါ့။ ဒီတော့ တတိယပင်လုံမလုပ်ခင်မှာ အရင်ဆုံးလုပ်သင့်တဲ့ အကြောင်းအရာ၊ ကိစ္စတွေက ဘာတွေ ရှိမယ်လို့ ထင်ပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခြောက်လတစ်ကြိမ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ ဒါကလည်း ခြောက်လတစ်ခါ လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် မှတ်ကျောက်တိုင်လေးတွေပေါ့။ အလုပ်ဖြစ်နေတယ်၊ ခရီးသွားနေတယ် ဆိုတဲ့ ခံစားမှုကို ပေးချင်တာပေါ့။

ဒါပေမဲ့ အခုလက်ရှိကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေအရ တကယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အတွင်းကျကျ ပြသနာတွေ ကို ရင်ဆိုင်နေရပြီ။ အရင်တုန်းကလိုမဟုတ်တော့ဘူး။ ဒီအချိန်မှာ ကျွန်တော်တို့ တော်တော်ကြီးကို လိမ္မာပါးနပ်မှု ရှိဖို့တွေ လိုအပ်လာပြီ။

အထက်မှာပြောခဲ့သလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြန်အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေ အရမ်းကို အားနည်းနေတဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ဒုတိယပင်လုံ မတိုင်ခင်မှာတော့ ကျွန်တော်တို့ ခြောက်ခုလောက် လုပ်ဖြစ်ခဲ့ကြတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ခုမှ မလုပ်ဖြစ်ကြသေးဘူး။ လူမျိုးရေးအဆင့်ဆွေးနွေးပွဲတွေမှာ ရှမ်းတို့၊ ဘာတို့က လုပ်ကြတဲ့အခါမှာ သူတို့ သွားလုပ်တဲ့နေရာဒေသတွေမှာ တပ်မတော်က ဝင်ဟန့်တားတာတွေ ရှိတော့ လုပ်ခွင့်မရကြဘူး။ ဒီတော့ မကြေလည်မှုတွေ အများကြီးရှိတာပေါ့။

ဒီလိုပဲ တစ်ခြား တိုင်းရင်းသားအုပ်စုတွေမှာလည်း ဒီလို ဟန့်တားမှုတွေ ရှိလာတယ်။ ဟန့်တားမှုတွေရှိတော့ ဘယ်သူကမှ လုပ်ဖို့ မပြေလည်ဘူးဖြစ်နေရတယ်။ ရခိုင်ဆိုရင် လုပ်ခွင့်ကိုမရတာ။ ဒီလိုအနေအထား၊ ဒီလိုကာလအတွင်းမှာ ဒုတိယပင်လုံပြီးကတည်းက လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်သူမှ မလုပ်ဖြစ်ကြသေးဘူး။

ဒါပေမဲ့ လက်ရှိ NCA ထိုးလာတဲ့ အသစ်နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU) တို့ ရှိလာတယ်။ မွန်ပြည်သစ်ပါတီကတော့ သူ့ရဲ့ ထိန်းချုပ်နယ်မြေမှာ လုပ်ဖို့ တောင်းဆိုထားတာ ရှိတယ်။ အဲဒါကတော့ သူတို့ဘာကြောင့် NCA ကို ထိုးရသလဲဆိုတာကို ရှင်းပြတာလည်းရှိမယ်။ နောက် ကျွန်တော်ထင်တာ တစ်ခါတည်း သူတို့ နိုင်ငံရေး ဆွေးနွေးပွဲပါလုပ်မယ့် ပုံစံမှာ ရှိတယ်။ ဒီလိုလုပ်နိုင်ရင် အဲဒီကနေ စာတမ်းတွေထွက်လာမယ့် အလားအလာတွေလည်း ရှိတယ်။ ဒါတောင် သူတို့ လွတ်လွတ်လပ်လပ်လုပ်ခွင့်မရတဲ့အခြေအနေတွေလည်း ကြားနေရတယ်။

လားဟူကျတော့ သူမှာ ထိန်းချုပ်တဲ့ နယ်မြေမရှိတဲ့အခါကျတော့ တရားဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆိုတဲ့နေရာမှာ အခက်အခဲဖြစ်သွားတယ်။ လားဟူ ဟာ အခုထိ တရားဝင် လုပ်လို့ မရဘူးဖြစ်နေတယ်။

အဲဒီအခါ အကြပ်အတည်းတွေက ဘာသွားဖြစ်သလဲဆိုတော့ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ)ပေါ့။ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်နေကြတဲ့အထဲမှာ UPDJC က ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေရဲ့ အောက်မှာ UPDJC ရဲ့ အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်တဲ့ တပ်မတော်တစ်ဖွဲ့ကသာလျှင် ဟိုနေရာမလုပ်ရ၊ ဒီနေရာမလုပ်ရ ဆိုတာတွေ ဖြစ်လာတယ်။

မေးခွန်းက UPDJC ကနေ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် NCA ရဲ့ mandate(လုပ်ပိုင်ခွင့် သို့မဟုတ် ထောက်ခံမှု) နဲ့ လုပ်နေတာဖြစ်တယ်။ NCA ကို ထိုးထားတာလည်း တပ်မတော်ဖြစ်တယ်။ တပ်မတော်ဟာ ဘာကြောင့်မို့ ယခုလက်ရှိအချိန်မှာ ဒီလိုမလိုလားချက်တွေ၊ ကန့်ကွက်မှုတွေ ဘာကြောင့် ဖြစ်နေသလဲဆိုတာကို ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါ တပ်မတော်က NCA ကို အရင်တုန်းက သဘောတူထားတာနဲ့ လက်တွေ့အကောင်အထည်ဖော်နေရတဲ့အခါမှာ သူတို့မျှော်မှန်းထားတဲ့ ပုံစံ ဖြစ်မလာဘူးဆိုတာကို သွားတွေ့နေရတယ်။ ဖြစ်မလာတဲ့အခါ တစ်ဖက်မှာတပ်ဟာလည်း လက်ရှိအပြောင်းအလဲမှာ အပြောင်းအလဲတစ်ခုကိုဖြတ်သန်းနေတယ်လို့ မြင်ကြည့်မယ်ဆိုရင် ဒီအပြောင်းအလဲမှာ တပ်မတော်ကလည်း သူရဲ့ လက်ရှိအနေအထားလွှမ်းမိုးမှုနဲ့ တည်ရှိမှုကို အရမ်းကြီး လှုပ်ခါပြောင်းလဲသွားမှုမဖြစ်အောင် ကာကွယ်နေတဲ့ ပုံစံမှာလည်း ရှိတယ်။

နောက်တစ်ဖက်ကိုကြည့်ရင် အစိုးရဘက်ကလည်း လက်ရှိသွားနေတဲ့ ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပုံမှန်ဖြစ်နေစေချင်တယ်။ ဒါမှလည်း အစိုးရဘက်ကကြည့်ရင် ပုံမှန်ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်ကျင်းပနေတယ် ဆိုတဲ့ ပုံစံကို ပြနိုင်မှာဖြစ်တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပုံမှန်ကျင်းပတာကို လက်ခံတယ်။ ဒါပေမဲ့ ကျင်းပတဲ့အခါမှာ ပြည်သူလူထုတွေဆီမှာ သူတို့ သွားပြီး ဆွေးနွေးတိုင်ပင်လို့ ရလာတဲ့ နိုင်ငံရေး ရလဒ် ဆွေးနွေးမှုတွေကို ပင်လုံမှာ ထည့်ဆွေးနွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေကြတယ်။

ဒါပေမဲ့ အခု အဲဒီလို လုပ်ခွင့်မရတော့၊ လူထုတွေနဲ့ ဆွေးနွေးခွင့်မရတော့ ဒီညီလာခံကြီးကိုပုံမှန်လုပ်နေရင် အနှစ်သာရ အပိုင်းပေါ့။ ပင်လုံညီလာခံဟာ ပုံမှန်တော့ ကျင်းပလို့ရတယ်။ ဒါပေမဲ့ ဘယ်လို အနှစ်သာရ ရှိမလဲဆိုတဲ့ အမြင်တွေပေါ့။ ဒါတွေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကြားမှာ ရှိနေတယ်။

လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားမှာတောင် ဒီလောက်အခက်အခဲဖြစ်နေရင် လက်မှတ်မထိုးတဲ့အဖွဲ့တွေဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ထိုးထားတဲ့အဖွဲ့တွေတောင် လုပ်ကိုင်ခွင့် ဒီလောက်ခက်ခဲနေရင် ငါတို့လည်း ပိုလို့တောင်ခက်မှာပဲလို့ မြင်စရာတွေ ရှိတာပေါ့။ နောက်ပြီးတော့ ဒီဖြစ်စဉ်တွေဟာ တစ်တိုင်းပြည်လုံးကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေကြတာဖြစ်တယ်။ ငါတို့ရဲ့ ဆန္ဒမပါ၊ ငါတို့ရဲ့ ပါဝင်မှုမပါဘဲနဲ့ ဘယ်လို ပြောင်းလဲမှုတွေ လုပ်မလဲဆိုတဲ့ သံသယကို အများကြီး ဖြစ်ပေါ်စေတယ်။ ဒါဟာ ကျွန်တော်အမြင်အရ ဒီငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးရဲ့ အမည်းရိပ်ပါပဲ။

မော်ကွန်း။တစ်ချို့ ဝေဖန်တာက မြန်မာပြည်အရှေ့မြောက်ပိုင်းက လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ အရှေ့မြောက်ပိုင်း တစ်ကျောမှာရှိတဲ့ အဖွဲ့အများစုဟာ NCA ကို ထိုးမထားကြဘူး။ အခုပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာလည်း ပြည်ထောင်စုသဘောတူညီချက်ဆိုတာတွေ ထွက်ပေါ်လာတယ်ဆိုတော့ ဒီအချက်တွေရဲ့ တရားဝင်မှုပေါ့။ အားလုံးမပါဝင်ကြတဲ့ ဒီညီလာခံတွေက ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေရဲ့ ပြည်ထောင်စုဆိုင်ရာ တရားဝင်မှုပေါ့။ ဒီအလားအလာတွေကရော ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ NCA မှာ လက်မှတ်ထိုးပြီးလုပ်ဆောင်ကြတဲ့အပိုင်းကိုကြည့်ရင်တော့ NCA အရ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အားလုံးအတွက်ဆိုပြီး ဆွေးနွေးကြတာပါပဲ။ တကယ်လို့ အများက လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ တရားမျှတတဲ့ပြည်ထောင်စုကို တည်ထောင်နိုင်မယ်ဆိုရင် အားလုံးလက်ခံကြမှာပဲဆိုတဲ့ အယူအဆဘက်ကနေ ချည်းကပ်ကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အထူးသဖြင့် လူမျိုးရေးအဆင့်မှာ ယုံကြည်မှုအရမ်းနည်းနေတဲ့ အနေအထားမှာ ရှိတယ်။

ဆိုတော့ ဘယ်လောက်ပဲ သေးငယ်တဲ့ အဖွဲ့ဖြစ်ပါစေ။ သူတို့ရဲ့ ပါဝင်မှုကို မဖန်တီးပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ရလာတဲ့ရလဒ် မည်မျှပင် ကောင်းသည်ဖြစ်စေ၊ ဒီပတ်ဝန်းကျင်ဟာ ယုံကြည်မှုနည်းနေတဲ့အတွက်ကြောင့် ဒီရလဒ်တွေအပေါ်မှာ လက်ခံနိုင်တာတို့၊ လိုက်ပါလုပ်ဆောင်တာတို့တွေအပိုင်းမှာ အားနည်းနေဦးမှာပဲ။ သေချာတယ်၊ အဲဒီလိုတွေပဲဖြစ်မှာ။ ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်စဉ်ကိုက အဲဒီလို ဖြစ်နေတာကိုး။ ကျွန်တော်တို့မှာ ဒီအခက်အခဲ ရှိနေတယ်။

ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့အခါ တစ်ဖက်ကလည်း လက်မှတ်မထိုးတဲ့သူတွေပါ အကုန်ပါဝင်ဖို့ လမ်းကြောင်းကို ရှာနေရမယ်။ ဒါပေမဲ့ စစ်ရေးနဲ့ ဖိအားပေးပြီး ရှာတဲ့ နည်းမျိုးနဲ့တော့ မရဘူးပေါ့။ နှစ်ပေါင်းများစွာအတွေ့အကြုံအရ စစ်ရေးနဲ့ ဖိအားပေးတိုင်း တစ်ဖက်က လက်ခံလာတယ်ဆိုတာ မဟုတ်ဘူးဆိုတာ သိပြီးသားပဲ။ မလွှဲမရှောင်သာလို့ လက်ခံလိုက်ရတာမျိုးတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါဟာ ယာယီသဘောသာဖြစ်လိမ့်မယ်။

နောက် လက်ရှိသွားနေတဲ့ပုံစံဟာ အားလုံးကို ပါဝင်လာစေတဲ့လမ်းကြောင်းကို ဖော်ဆောင်နေတာ မဟုတ်ဘဲနဲ့ တစ်ချို့ကိုတော့ ခဏချန်ထားမယ်။ တစ်ချို့အဖွဲ့တွေနဲ့ပဲဆွေးနွေးကြဆိုတာမျိုးဟာ လိုချင်နေတဲ့ ပန်းတိုင်ကို ရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။

မော်ကွန်း။တစ်ချို့ဝေဖန်နေကြတာက အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပြောဆိုချက်နဲ့ မြေပြင်မှာ တပ်မတော်နဲ့ ကြုံနေရတဲ့ အခြေအနေတွေဟာ ကွဲပြားတယ်ပေါ့။ ဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့ တပ်မတော်အပိုင်းအနေနဲ့ ဘာတွေများ ပြုပြင်ပြောင်းလဲသင့်တယ်လို့ ထင်ပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ တော်တော်များများသုံးသပ်ကြတာကတော့ အစိုးရနဲ့တပ်နဲ့ဟာ သဘောထားမတူညီမှုတွေအများကြီး ရှိနေတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုကြတယ်။ တစ်ချို့ သုံးသပ်ချက်တွေဆိုရင် ဒီနိုင်ငံမှာ စင်ပြိုင်အစိုးရ နှစ်ရပ် ရှိနေသလားလို့ ထင်ရတယ်လို့ သုံးသပ်ကြတယ်။

အပြင်ကနေကြည့်ရင်တော့ အစိုးရနဲ့တပ်ဟာ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းလေ့လာ ကြည့်တဲ့အခါမှာ တပ်မတော်ကဖော်ဆောင်နေတဲ့ဟာနဲ့ အစိုးရလုပ်ဆောင်နေတဲ့ဟာက ဟန်ချက်မညီကြဘူး။ ဥပမာ- အခုဒီဘက်နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဟာ လုံခြုံရေးဆိုတဲ့ အတွေးအမြင်တွေပိုဖြစ်လာတော့ တပ်ကနေပြီး တပ်အင်အားနဲ့ သုံးပြီး လိုအပ်တဲ့ ပုံစံကို အင်အားနဲ့ လုပ်တဲ့ပုံစံတွေ ပိုတွေ့လာရတယ်။ တစ်ဖက်မှာ လူထုက ရွေးထားတဲ့ အစိုးရလည်း ရှိနေတယ်။ ဒီအစိုးရဟာလည်း တကယ့်နိုင်ငံရေးလမ်းပြဦးဆောင်နိုင်မှုအပိုင်းမှာ အားနည်းနေတယ်။

ကြုံနေရတဲ့အခက်အခဲတွေကို ထိုးဖောက်ဖို့အတွက်ဆိုရင် အစိုးရရဲ့ နိုင်ငံရေး ဦးဆောင်လမ်းပြမှုနဲ့ပဲ ထိုးဖောက်နိုင်မယ်လို့ ကျွန်တော်တို့က ထင်ခဲ့တာ။ ဒါပေမဲ့ လက်ရှိအခြေအနေက အဲဒီလို မဟုတ်ဘူး။ စစ်ရေးက ပိုပြီး အားသန်နေတယ်။ ဒီလိုအခက်အခဲတွေ ရှိနေတယ်။

မော်ကွန်း။       ။ အခုဆိုရင်အရပ်သားအစိုးရရဲ့ သက်တမ်းဟာ ၂ နှစ်ကာလကို ရောက်ခဲ့ပြီ။ သူတို့တက်လာတုန်းက ကြွေးကြော်မှုဟာ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ပေါ့။ ဒါပေမဲ့ လက်ရှိအခင်းအကျင်းတွေအရ နောက်သုံးနှစ်ဆိုတဲ့ သူတို့ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ ဘယ်လို အတိုင်းအတာ၊ အနေအထားထိ ရောက်သွားနိုင်သလဲ။ ဒီအစိုရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရော ရနိုင်သလား။

ဒေါက်တာ စိုင်းဦး။        ။ပြီးခဲ့တဲ့ နှစ်နှစ်ကာလအနေအထားကို ကြည့်မယ်ဆိုရင် အစိုးရရဲ့ လုပ်ဆောင်ချင်တဲ့ ဆန္ဒနဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဒီအစိုးရဟာ တကယ့်ကို အတိုက်အခံအဖြစ် နှစ်ပေါင်းများစွာလုပ်လာရာကနေ ရုတ်တရက် အစိုးရဖြစ်လာတာပေါ့။ ဖြစ်လာတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာဟာ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ မတူပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တော်တော်လေးကို ရှုပ်ထွေးနက်နဲတဲ့ ပြသနာပါ။  လက်ရှိအစိုးရ လူအင်အားနဲ့ ဒီဟာကို ဖော်ဆောင်ဖို့ မလုံလောက်ဘူးပေါ့။ ဒီအချိန်မှာ ဒီဖြစ်စဉ်ကို တပ်မတော်ကနေ ပိုပြီးတော့ ဦးဆောင်မှုကို ရယူတာမျိုးဖြစ်လာ တယ်။ ဒီအနေအထားတွေအပေါ်မှာပေါ့။

အစိုးရဘက်ကိုကြည့်ရရင် ဒီအနေအထားတိုင်းဆက်သွားမယ်။ တကယ်လို့ တပ်ရဲ့ စစ်ရေးဦးဆောင်မှုကို လျော့မချနိုင်ဘူး ဆိုရင် ကျွန်တော်တို့ ရှေ့တစ်လျောက်ဟာ အကြပ်အတည်းတွေချည်း ဆက်လက်ကြုံရဦးမှာပဲ။ အခုဖြစ်ပေါ်နေတဲ့ ယုံကြည်မှုနည်းနေတဲ့အနေအထား၊ တပ်မတော်ရဲ့ပြောင်းလဲလားတဲ့ နိုင်ငံရေးထက် စစ်ရေးနဲ့ ပိုပြီး ဖိအားပေးလာတဲ့ ပုံစံ တွေအပေါ်မှာ ခြုံကြည့်ရင် ငြိမ်းချမ်းရေဖြစ်စဉ်မှာ နိုင်ငံရေးရလဒ်ကောင်းတွေဟာ ပိုပြီး ဝေးကွာလာစေတယ်။ ဒီဟာကို ဘယ်လို လုပ်သင့်သလဲဆိုရင် ပိုပြီးတော့ အကျိုးရှိစေမယ့် နည်းလမ်းကို စဉ်းစားဖို့ အစိုးရအနေနဲ့ လိုလာတယ်။ ဒီအတိုင်းပဲ တွန်းလုပ်နေမယ်ဆိုရင် NCA ထဲမှာ ပါနေတဲ့ လူတွေဟာ ဒီNCA ရဲ့ ရလဒ်ကို သူတို့ ပိုပြီး အားမလို၊ အားမရတွေ ဖြစ်လာမယ်။ သူတို့ရဲ့ ပါဝင်မှုတွေလည်း အားနည်းလာလိမ့်မယ်။

တစ်ဖက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့ ပြည်သူတွေဟာလည်း NCA အရ ၂၁ရာစုပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခြောက်လတစ်ကြိမ်တော့ ကျင်းပနေတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲနိုင်တဲ့ ရလဒ်တွေကို မတွေ့ရဘူးဆိုရင် ပြည်သူတွေဟာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုတွေ ကင်းမဲ့လာလိမ့်မယ်။ လူထုက ယုံကြည်မှုကင်းမဲလာပြီဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီပြသနာတွေကို နောက်မကျသေးခင်မှာ ပိုပြီးတော့ ထိရောက်တဲ့ နည်းလမ်းတွေရှာကြံပြီး အစိုးရအနေနဲ့ လုပ်ဆောင်သင့်တယ်။

ထိရောက်အောင် လုပ်သင့်တယ်ဆိုတာက အခုကျွန်တော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောက်ခြေကနေပါဝင်မှုနဲ့ တကယ့်ဒီမိုကရက်တစ်တန်ဖိုးတွေနဲ့အညီ ချဉ်းကပ်နေတာမျိုး မဟုတ်ဘူး။ လက်တွေ့မှာလည်း ဒီလိုအနေထားတွေကို ကျွန်တော်တို့နိုင်ငံမှာ  ကျင့်သုံးနိုင်ဖို့ အခက်အခဲတွေ့နေရတာကို  တွေ့ရပါတယ်။ ယုံကြည်မှုတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရမ်းနည်းသွားသလိုပဲ။

မော်ကွန်း။       ။ ကျွန်တော်တို့ဆီမှာ NCA ထိုးထားသူတွေနဲ့ မထိုးထားသူတွေဆိုပြီး ငြိမ်းချမ်ရေးဖြစ်စဉ်ဟာ နှစ်ပိုင်းဖြစ်နေတယ်ပေါ့။ အဲဒီအထဲကမှ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်မှု သက်တမ်းဟာ အခုဆိုရင် သုံးနှစ် သက်တမ်းကာလကို ဝင်လာပြီ။ ဒါပေမဲ့ ဒီအဖွဲ့တွေဘက်ကို လေ့လာရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးကိစ္စတွေ၊ မြေထဲက မိုင်းတွေ ရှင်းလင်းရေးကိစ္စလိုမျိုးတွေဟာ အခုကာလအထိ တို့ထိ နိုင်ခြင်းတောင် မရှိတာကို တွေ့ရတယ်။ ဒီလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ အခြေအနေကို မထိုးသေးတဲ့ အဖွဲ့တွေကလည်း စောင့်ကြည့်နေမှာပဲ။ ဒီအပေါ်မှာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ရှိမှာပဲ။ ဒီနေရာမှာ မေးချင်တာက ငြိမ်းချမ်းရေးဖော်ဆောင်မှုကြောင့်ရတဲ့ လတ်တလောအကျိုးရလဒ်ဆိုတာတွေ ပေါ်လာအောင် ငြိမ်းချမ်းရေး ဖြစ်စဉ်က မဖန်တီးသင့်ဘူးလား။

ဒေါက်တာစိုင်းဦး။         ။ လိုအပ်တာပေါ့။ ဆွေးနွေးခဲ့သလိုပဲ၊ မိုင်းရှင်းလင်းရေးတို့၊ ဒုက္ခသည်တွေကို နေရပ်ကို ပြန်ခေါ်ရေးကိစ္စတွေသည် ရေရှည်သေချာပြုလုပ်ရမယ့်ကိစ္စတွေလည်း ဖြစ်တယ်။ ဒါတွေလုပ်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ တည်ငြိမ်မှုကို လိုအပ်တယ်။

နိုင်ငံရေးဆွေးနွေးမှုတွေဟာ တည်ငြိမ်မှုမရှိဘူး။ လားရာကို မမြင်ရဘူးဆိုရင် ဒုက္ခသည်တွေနေရပ်ပြန်ရေးကိစ္စတွေ၊ မိုင်းရှင်းလင်းရေးကိစ္စတွေဟာ လုပ်ဖို့အတွက် အခက်အခဲ ရှိနေမှာပေါ့။ ဒါ့ကြောင့် ကျွန်တော်တို့မြင်တာက လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးဟာ အကြပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပြီလို့ ပြောတာပေါ့။ ဒီလို အကြပ်အတည်းရင်ဆိုင်နေရတဲ့အတွက် ကျွန်တော်တို့ ပြန်လည်သုံးသပ်ရမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်စုံလုံးကို သုံးသပ်ဖို့ လိုတယ်။ ပထမလုပ်နေကြတဲ့ အခြေခံစဉ်းစားမှုတွေမှာကိုက ဘာတွေများပြုပြင်ပြောင်းလဲဖို့ လိုသလဲဆိုတာကို အဖြေရှာရမှာပေါ့။

လုပ်နေတဲ့ လုပ်နည်းလုပ်ဟန်သေးသေးလေးတွေတင်မကဘူး။ တစ်စုံလုံးရဲ့ ချည်းကပ်မှုတွေမှာကအစ ကျွန်တော်တို့ စဉ်းစားမှုတွေဟာ မှားယွင်းနေပြီလား။ သဘောက အခြေခံအကျဆုံးပြဿနာဖြစ်တဲ့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက်ဟာ (NCA ရေးထိုးငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့) သုံးနှစ်ဆိုတဲ့ကာလဟာ အတိုင်းအတာ တစ်ခုအထိတော့ ရှိနေရမယ်။ ဒါပေမဲ့ လက်ရှိမှာ ယုံကြည်မှုဟာ လိုအပ်သလောက် မရှိသေးဘူး ဖြစ်နေတယ်။

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နားလည်မှုအပိုင်းတွေမှာပေါ့။ အဲ့ဒါကြောင့်မို့လည်း NCA ကို ဖော်ဆောင်ကြတဲ့အခါမှာ ဟိုက ဒီလိုဖြစ်သင့်တယ်၊ ဒီက ဟိုလိုဖြစ်သင့်တယ်ဆိုတာတွေ ကွဲလွဲနေကြတယ်။ ဒီလို အခြေအနေမှာ အရှေ့ကို အတင်းစွတ်ပြီး ဖော်ဆောင်လေ၊ အဖြေကောင်းဆိုတာထက် ပိုပြီး အငြင်းပွားရမယ့် အဖြေတွေပဲ ရလိမ့်မယ်။ ဒီအနေအထားမှာ ဖြစ်သင့်တာကတော့ အားလုံးထိုင်ပြီး အခြေအနေကို ပြန်လည် သုံးသပ်ဖို့ လိုနေပြီဆိုတာပါပဲ။

လက်ရှိလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ အခြေအနေ။ လက်ရှိ ထိုးထားတဲ့သူတွေဟာ မလှုပ်သာ၊ မလွန့်သာလို့ လိုက်လုပ်နေတဲ့ အနေအထားလား။ ဒီလိုဆိုရင်တော့ နောက်ပိုင်းမှာ ဒီအဖွဲ့တွေမှာလည်း ပြဿနာတွေ ဖြစ်လာမှာပဲ။ တစ်ချို့အဖွဲ့တွေဆိုရင်လည်း တပ်တွင်းမကျေနပ်မှုတွေဖြစ်ကြတာကတစ်ဆင့် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ရောက်နိုင်ကြမှာ မဟုတ်ဘူး။

တစ်ဖက်က လက်မှတ်မထိုးရသေးတဲ့ လူတွေဘက်က ပြန်ကြည့်ရင်လည်း နေပါဦး၊ ထိုးပြီးတဲ့သူတွေတောင် ဘာမှလည်း မလုပ်နိုင်ကြဘူး။ သူတို့တောင် ဘာမှ မစွမ်းဆောင်နိုင်သေးဘူးဆိုရင် ငါတို့က ဘာလို့ လိုက်ထိုးရမှာလဲဆိုတဲ့ အမြင်တွေကို အားပေးရာ မရောက်ဘူးလား။

ကျွန်တော်တို့ ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာက လက်မှတ်ထိုးသူရော၊ လက်မှတ်မထိုးသူရော အားလုံးကို ခြုံပြီးတော့ တကယ်တမ်းပြုပြင်ပြောင်းလဲမှုလုပ်နိုင်မယ့် စဉ်းစားမှုမျိုး ဖြစ်သင့်တာပေါ့။ ဒါကို အခုအချိန်မှာ သေချာပြန်လည် သုံးသပ်ဖို့ လိုနေပြီ။ အခု ချည်းကပ်နေတဲ့နည်းက တစ်ဖွဲ့ချင်းကို ချည်းကပ်နေတာရှိတယ်။ တစ်ဖွဲ့ချင်းလိုက်ပြီး ဆွေးနွေးနေတာတွေ ရှိတယ်။ ဒါပေမဲ့ ရလဒ်ချင်းတွေက မတူကြဘူးဖြစ်နေတယ်။ သဘောက တစ်ဖက်က အားကြီးတဲ့ တပ်မတော်ကဖြစ်ဖြစ်ပေါ့၊ အားလုံး လက်ခံတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးသင့်တယ်။ ဒီလို ဖန်တီးပေးထားတဲ့အပေါ်မှာ အားလုံးက လာပြီး ဆွေးနွေးကြတယ်ဆိုရင် သင့်တော်သေးတယ်။ အခုက တစ်ဖွဲ့ကိုအခြေအနေတစ်မျိုးစီနဲ့ ဆွေးနွေးနေတယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းအရဆိုရင် အခြေအနေလေးတွေကိုတော့ ထိန်းသိမ်းနိုင်တယ်၊ တကယ့်လက်တွေ့ ငြိမ်းချမ်းရေး တစ်ခုလုံးကိုတော့ မဖန်တီးနိုင်ဘူး။ သဘောက ကချင်နဲ့ဆွေးနွေးတဲ့အခါ အခြေအနေ တစ်ခုနဲ့ ဆွေးနွေးမယ်ပေါ့။ ဒါဆိုရင် သဘောတူညီမှုတစ်စုံတစ်ခုရရင်တောင် အဲ့ဒီဒေသလေးတစ်ခု၊ သူဒေသလေးမှာပဲ အဆင်ပြေမယ်။ တလောက ‘ဝ’ အဖွဲ့နဲ့လည်း သွားဆွေးနွေးတာပဲ။ ဒါပေမဲ့ ဒီလို ဆွေးနွေးမှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိဘူးဖြစ်နေတယ်။ အပြန်အလှန်နားလည်မှု ယူသလောက်ပဲ ဖြစ်နေတယ်။

မော်ကွန်း။       ။ ဆိုလိုတာက အရင် သမိုင်းကြောင်းတွေကို ပြန်ကြည့်ရင်  ဦးခင်ညွှန့်တို့လက်ထက်တုန်းက မြောက်ပိုင်းအဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းညှိတယ်၊ အခြေအနေကို ထိန်းတယ်။ တောင်ပိုင်းမှာ တိုက်တယ်။ ဦးသိန်းစိန်အစိုးရနောက်ပိုင်း တောင်ပိုင်းအဖွဲ့တွေနဲ့ ညှိနှိုင်းတယ်၊ အခြေအနေကို ထိန်းတယ်။ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ပေါ်လာတယ်။ ဒီလို ဆွေးနွေးမှု ပုံစံတွေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတာကို ပြောချင်တာလား။

ဒေါက်တာစိုင်းဦး။ဟုတ်တယ်။ ဒီသဘောပါပဲ။

မော်ကွန်း။       ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ အခုအစိုးရလက်ထက် သက်တမ်း နှစ်နှစ်လောက်ရှိလာတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်းကို နှိုင်းယှဉ်ကြည့်လို့ ရမလား။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေများ ရှိပါသလဲ။

ဒေါက်တာစိုင်းဦး။အစိုးရအဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို အဲဒီလို စွမ်းဆောင်ရည်ကောင်းတယ်၊ မကောင်းဘူးဆိုတာကို တကယ်တမ်းပြောရမယ်ဆိုရင် ဒါဟာ မတရားရာ ကျပါတယ်။ ဒါပေမဲ့ သူ့အခြေအနေနဲ့ အနေအထားတွေကိုတော့ သုံးသပ်လို့ ရပါတယ်။

ဦးသိန်းစိန်လက်ထက်တုန်းက သူက တစ်ဖက်ကနေ ပထမဆုံး အရပ်သားအစိုးရကို အသက်သွင်းဖို့ ကြိုးစားပြီးတော့ တစ်ဖက်ကလည်း နိုင်ငံတကာကို သုံးသပ်ကြည့်ပြီးတော့ ပတ်ဝန်းကျင်ဒေသတွင်းတွေကို သုံးသပ်ပြီးတော့ မြန်မာပြည်ရဲ့ အနေအထားဟာ အရမ်းကြီးကို ဆုတ်ယုတ်နေပြီ၊ ငါတို့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတဲ့ အသိတရား သူတို့မှာ ရှိခဲ့တယ်။ ရှိလာတော့ သူတို့ အဲဒီကာလမှာ ပထမဦးဆုံး စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးပေါ့၊ တကယ့် ဒီမိုကရေစီဆိုတဲ့ တန်ဖိုးတွေကို လေးစားဖို့ ကြိုးစားပြီးတော့ လုပ်ကြတဲ့အခါမှာ သူတို့က အစစအရာရာကို လက်ခံပြီး လုပ်ချင်၊ကိုင်ချင်တဲ့ အနေအထားရှိတယ်။ အခက်အခဲတွေ အများကြီး ကြားထဲက မရှိခဲ့တဲ့ အခွင့်အရေးတွေကို သူတို့ အစိုးရက တက်နိုင်သမျှ ဖွင့်ပေးခဲ့တဲ့ အနေအထားတွေ ရှိခဲ့တယ်။

ဒီလိုအခြေအနေတွေမှာ တိုင်းရင်းသားတွေဘက်ကလည်း တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ရှိရဲ့လားဆိုတာကို စူးစမ်း လေ့လာတဲ့အနေနဲ့ ဒါကိုလာပြီး ဆွေးနွေးကြတာရှိတယ်။ ဆွေးနွေးမှုတွေ ရှိခဲ့ကြတယ်။ ဒီလိုတွေဆွေးနွေးကြတော့ တစ်ဖက်က အစိုးရကလည်း တွေ့ဆုံဆွေးနွေးမှုကနေ အဖြေရှာမယ်ဆိုတဲ့မူအရ ဒီဟာက အလုပ်ဖြစ်နေခဲ့တာကို တွေ့ရတယ်။

အသေးစိတ်ထက်ပြောရရင် အရင်အစိုးရလက်ထက် ဒီငြိမ်းချမ်းရေးကို ဦးစီးဦးဆောင်လုပ်ရတဲ့ ဝန်ကြီး ဦးအောင်မင်းတို့ဟာ ဒီအခြေအနေကို တကယ်တမ်း ပြုပြင်ပြောင်းလဲပစ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာတွေကို တွေ့ရတော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တိုင်းရင်းသားတွေအနေနဲ့ စကားပြောလို့ ရတဲ့ လမ်းကြောင်းတွေ ပေါက်သွားကြတယ်။ စကားပြောလို့ ရသွားတယ်ပေါ့။ ဒီတော့ ဒီမိုကရက်တစ်ယဉ်ကျေးမှုအရ အပြန်အလှန်ပြောဆိုလို့ရတဲ့ လမ်းကြောင်းတွေ ရှိလာရင် လွယ်ကူသွားတဲ့သဘောပေါ့။

လက်ရှိအစိုးရကြတော့ ကျွန်တော်ထင်ပါတယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ချင်တဲ့ ဆန္ဒခြင်းကတော့ အတူတူပါပဲ။ ဒါပေမဲ့ အစိုးရသစ်မှာ လက်ရှိငြိမ်းချမ်းရေးအပေါ်မှာ ကျွမ်းကျင်နားလည်မှု၊ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ပတ်သက်ပြီး NLD အစိုးရဘက်မှာ ပြင်ဆင်ထားမှု အရမ်းကို အားနည်းနေတယ်။ တစ်ခြားအပိုင်းတွေ အတွက် ပြင်ဆင်ထားမှု ရှိကောင်းရှိမယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဖော်ဆောင်မှုမှာ သူတို့ လူအင်အားအားဖြင့်လည်း အရမ်း အားနည်းနေတယ်။ အဲဒီလိုအခြေနေမှာ ကိစ္စတော်တော်များများဟာ သူတို့အတွက် အသစ်အဆန်းတွေချည်းဖြစ်နေတော့ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးဆွေးနွေးမှုတွေကတစ်ဆင့် သွားရမယ်ဆိုတဲ့ဟာက အတော်လေးအားနည်းလာပြီးတော့ ငြိမ်းချမ်းရေးဟာလုံခြုံရေးပုံစံ ဖြစ်လာတယ်။ ဒါကြောင့် စစ်ရေးနဲ့ပဲ ဖိအားပေးနေတဲ့ အနေအထားမျိုးတွေကို သွားတွေ့ရတယ်။

ဒီလိုကာလမှာတော့ လက်ရှိအစိုးရကို ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ် ဆိုတာမျိုးထက် အခြေအနေတွေကို ပြန်သုံးသပ်ရရင် ပထမကတော့ သူတို့အနေနဲ့ စစ်တပ်နဲ့ နားလည်မှု သေချာယူဖို့လိုတယ်။ အခုလို စစ်ရေးနဲ့ ဖြေရှင်းနေရင်တော့ ယာယီအဖြေပဲ ရမယ်။ ရေရှည်အဖြေကတော့ ရမှာမဟုတ်ဘူး။ နောက်ပြီး အားလုံးပါဝင်နိုင်တဲ့ ‘မူ’လို့ ကျွန်တော်တို့က ပြောတော့ပြောနေကြတယ်။ တကယ်တမ်းလက်တွေ့ကျကျပါဝင်နိုင်တဲ့ ‘မူ’ မတွေ့ရဘူး။ နောက် တပ်မတော်က အမြဲတမ်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သူပြောနေတဲ့ စိုးရိမ်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ပြည်ထောင်စုကြီးပြိုကွဲမှာစိုးရိမ်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေကို သူက ခဏခဏပြောနေတာ ရှိတယ်။ ဆိုတော့ ဒီလိုမျိုးစိုးရိမ်မှုတွေ လျော့ကျအောင် နဂိုကတည်းက ဘယ်လိုအနာဂတ်ပြည်ထောင်စုဖက်ဒရယ်နိုင်ငံကို ကြိုးစားတည်ထောင်မယ်ဆိုတဲ့ သဘောတူညီချက်တွေက ရထားပြီးသားပါ။ လုပ်နည်းလုပ်ဟန်တွေကွာဟနေတာပါ။ ဒီအထဲကနေမှ တိုင်းရင်းသားတွေက ဘယ်လိုမျိုး ကိုယ်ပိုင်ပြဌာန်းခွင်တွေ၊ လွတ်လပ်ခွင့်တွေဆိုတာကို ဆွေးနွေးတာတွေတော့ရှိတယ်။

တိုင်းရင်းသားတွေဘက်က ကြည့်ရင်လည်း သူတို့က နှစ်ပေါင်းများစွာ အခွင့်အရေးတွေပိတ်ပင်ခံခဲ့ရတဲ့အခါကျတော့ သူတို့တွေရဲ့ တောင်းဆိုမှုတွေဟာ ကြည့်လိုက်လို့ရှိရင်လည်း ကြမ်းသလို၊ အလွန်အကျွံဖြစ်သလို တပ်မတော်ဘက်က မြင်စရာ ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုတိုင်း အဲဒီအပေါ်မှာ အခြေခံပြီး စိတ်ဆိုးနေမယ်ဆိုရင် ဒါဟာ ဆွေးနွေးမှုဆိုတဲ့ ခေါင်းစဉ်အရ သဘာဝမကျဘူး။ တစ်ဖက်က တိုင်းရင်းသားတွေဘက်ကလည်း ဒီတိုင်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ အနာဂတ်မှာ သွားမယ်ဆိုရင် ဘယ်လို ဖက်ဒရယ်နဲ့ သွားကြမယ်ဆိုတာကို သူတို့ဘာသာ ကြိုးစားပြီး ရှာဖွေနေတာရှိပါတယ်။

အခု အဓိက ဖြစ်နေတဲ့ အခက်အခဲကတော့ ပထမပင်လုံငြိမ်းချမ်းရေးညီလာခံမှာ စာတမ်းတွေ ပေါ်ထွက်လာတော့ တပ်မတော်ဘက်က ဒါတွေဟာ မဖြစ်သင့်ဘူး။ အလွန်အကျွံတောင်းဆိုမှုတွေဖြစ်တယ်ဆိုတာမျိုးတွေ ပြောဆိုလာတာ ရှိတယ်။ တပ်မတော်အနေနဲ့ နားလည်ရမှာက ဒါက နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ သူတို့အခွင့်အရေး တွေမဲ့နေတာတွေကို ရတဲ့အခွင့်အရေးကို ပထမဦးဆုံးသူတို့အနေနဲ့ လေသံကျယ်ကျယ်နဲ့ အော်တာသာဖြစ်တယ်။ ဒါကို ဒီလိုအပေါ်မှာကြည့်ပြီး သိပ်ပြီးစိုးရိမ်လွန်နေရင် ဒါဟာလက်တွေ့မကျဘူးပေါ့။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ ခဏခဏပဲ ဒီဟာတွေအပေါ်မှာ အခြေခံပြီး စိုးရိမ်ကြောင်း ပြောနေတယ်။

ဒါပေမဲ့ ညှိနှိုင်းပြီးတော့ တရားမျှတမှုနဲ့ အပြန်အလှန်သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး လေးစားပြီးတော့ လုပ်သွားမယ်ဆိုရင် အဆင်ပြေနိုင်တဲ့ကိစ္စပါ။ ဒီလိုအခြေခံတွေပေါ်မှာ မသွားဘူးဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက်ဟာ ယုံကြည်မှုဟာ ဘယ်လိုမှ တည်ဆောက်လို့ရမှာ မဟုတ်ဘူး။

မော်ကွန်း။       ။ တစ်ချို့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်ပိုင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေအပေါ်မှာ အားမလိုအားမရ ဝေဖန်သုံးသပ်မှုတွေ ရှိလာတာကို တွေ့ရပါ တယ်။  လက်ရှိအစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သတ်ပြီး ဘယ်လိုမျိုး အခြေအနေတွေကို ပြန်လည် ဖန်တီးပေးနိုင်ဖို့ လိုပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ ဝေဖန်သုံးသပ်မှုတွေကတော့အမျိုးမျိုး ရှိနေမှာပါပဲ။ လက်ရှိအစိုးရအနေနဲ့ အတိုက်အခံအဖြစ် ရှိနေချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်ကျနေချိန် ၊ ပါတီက ကိုယ်စားလှယ်တော်တော်များများဟာ နယ်စပ်ဘက်တွေကို ထွက်သွားပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်တော်များများ ကိစ္စတွေကို လက်တွဲလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီအခါမှာ အနာဂတ်မြန်မာပြည်ကို တည်ထောင်တဲ့အခါမှာ တိုင်းရင်းသားတွေဘက်ကလိုချင်တဲ့ပုံစံနဲ့ NLD ပါတီက မျှော်မှန်းတဲ့ပုံစံနဲ့ဟာ တော်တော်လေးနီးစပ်တယ်၊ သိပ်မကွာပါဘူး။ ငါတို့ အတူတူ အလုပ်တွဲလုပ်လို့ရတယ်ဆိုတဲ့ ငါတို့ဟာ  မဟာမိတ်တွေပဲဆိုတဲ့ နားလည်မှုအပေါ်မှာ အခြေခံပြီးတော့ NLD သာ အစိုးရဖြစ်ခဲ့ရင်တော့ တို့ရဲ့ လိုအပ်ချက်နဲ့ သိပ်ကွာမှာ မဟုတ်ဘူးဆိုတာမျိုး သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါတွေက တိုင်းရင်းသားတွေဘက်က အမြင်ပေါ့။

ဒါပေမဲ့ အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးလို့ မရတော့ဘူးဆိုတဲ့ စိတ်ပျက်မှုမျိုးတွေ တိုင်းရင်းသား တွေဘက်မှာ ဖြစ်နေရင်လည်း ဒါဟာမဖြစ်သင့်ပါဘူး။ တိုင်းရင်းသားတွေအနေနဲ့လည်း သူတို့ရဲ့ အခွင့်အရေးကို သူတို့ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ လက်ရှိ ရှိနေတဲ့ အစိုးရရဲ့လုပ်ရပ်တွေနဲ့ သူ့ရဲ့အခြေအနေဟာ သူ့ဘာသာဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က ဒေါ်စုလုပ်ပေးတာကိုပဲ စောင့်နေမယ်၊ ဒေါ်စုလုပ်မပေးရင် စိတ်ပျက်တာမျိုးကတော့ ကျွန်တော်ထင်တာကတော့ သဘာဝမကျဘူး။

လက်တွေ့မှာလည်း တိုင်းရင်းသားခေါင်းဆောင်အတော်များများဟာလည်း ဒီလို စိတ်နေစိတ်ထားမျိုး မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့မျှော်လင့်တာကတော့ NLD နဲ့ တိုင်းရင်းသားတွေဟာ တော်တော်လေးနီးစပ်တဲ့ မဟာမိတ်တွေဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ငါတို့နဲ့ သိပ်ကွာဟမှာ မဟုတ်ဘူးဆိုတာကိုတော့ သူတို့ တွက်ချက် ထားကြတယ်။ လက်ရှိလည်း NLD က ဖော်ဆောင်မယ့် ပြည်ထောင်စုနဲ့ တိုင်းရင်းသားတွေဘက်က မျှော်မှန်းတဲ့ပြည်ထောင်စု ပုံစံ ဟာ တစ်ခုနဲ့တစ်ခု သိပ်ပြီး ကွာဟချက်မျိုးလည်း မရှိပါဘူး။ တွဲလုပ်လို့ရနိုင်တာတွေ ရှိပါတယ်။

ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ NLD အစိုးရဖြစ်လာပြီးနောက်ပိုင်းဟာ NLD အတိုက်အခံဘဝနဲ့ မတူတော့ဘူးလေ။ အစိုးရက အစိုးရပုံစံ စလုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တာကတော့ တစ်ဖက်က တိုင်းရင်းသားမဟာမိတ်များဟာလည်း အစိုးရဟာအစိုးရပုံစံ ဖြစ်သွားတာကို လက်ခံရမယ်။ အရင်တုန်းကလို အတိုက်အခံမဟုတ်တော့ဘူးလေ။ ဒီနှစ်ခုကို စပ်ဆက်တဲ့အခါမှာ တစ်ဖက်က NLD ကလည်း သူ့နိုင်ငံတစ်ခုလုံးကို တာဝန်ရှိတဲ့အလျောက်အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာတွေကို လုပ်ကိုင်ရသလို တစ်ဖက်က ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ သူဟာ ပထမဦးဆုံးသော သူ့ရဲ့ ဦးစားပေးမူတွေကို သတ်မှတ်ထားတာ ရှိတာပေါ့။

အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတကာကို ဆက်ဆံရတဲ့ ပုံစံရှိသလို ပြည်တွင်းငြိမ်းချမ်းရေးမှာ တိုင်းရင်းသားတွေကို ဆက်ဆံပြီး အလုပ်လုပ်တဲ့အခါမှာ လက်ရှိအစိုးရက နည်းလမ်းတွေကို ရှာဖို့သင့်တယ်။ ပိုပြီးနီးနီးကပ်ကပ်ပေါ့။ နီးနီးကပ်ကပ်ဆိုတဲ့ နေရာမှာ သဘောက တစ်ဖက်နဲ့တစ်ဖက် လိုချင်တဲ့ဟာတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့အနေအထားတွေပေါ့။ ဒီလို ဆိုရင် လက်ရှိအစိုးရရဲ့ လိုအပ်မှုကို ကျန်တဲ့ တိုင်းရင်းသားအုပ်စုတွေက ပိုပြီးတော့ သူ့ရဲ့ ဗျူဟာပဲ ခေါ်ခေါ်၊ နည်းလမ်းပဲ ခေါ်ခေါ် တိုင်းရင်းသားတွေဘက်က ပိုပြီး နားလည်လာနိုင်မယ်။ နားလည်နိုင်လာရင် အစိုးရကို ဘယ်နေရာ၊ ဘယ်ရှုထောင့် ကနေ ပံ့ပိုးနိုင်မလဲဆိုတဲ့ ၊ ပူးပေါင်းလုပ်ဆောင်နိုင်မလဲ ဆိုတဲ့ စဉ်းစားမှုတွေ ရှိလာမယ်။

အခုအနေအထားကျတော့ “ ဟာ… ဘယ်လိုလဲ။ အစိုးရဖြစ်သွားတော့ ငါတို့ချဉ်းကပ်ဖို့ ပိုခက်သွားပါသလား”ဆိုတဲ့ အမြင်တွေ ဖြစ်နေတာတွေ ရှိလာတယ်။ ဒါပေမဲ့ တစ်ဖက် တိုင်းရင်းသားတွေအနေနဲ့လည်း ဒီလိုအမြင်တွေတော့ မဖြစ်သင့်ဘူး။ သို့သော် အစိုးရဖြစ်သွားတဲ့သူက အခွင့်အလမ်းကို ပိုပြီး ဖန်တီးနိုင်တဲ့အတွက်ကြောင့် လမ်းကြောင်းအမျိုး မျိုးတွေကို ပိုပြီး ဖန်တီးသင့်တယ်။ ငါတို့ အစိုးရဖြစ်သွားပြီ၊ အားလုံးသည် Protocol (လုပ်ထုံးလုပ်နည်း) အတိုင်းပဲ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ နည်းလမ်းအမျိုးမျိုးကို အသုံးချသင့်တယ်။

အစိုးရအနေနဲ့ ဒါဟာ ညီနောင်တိုင်းရင်းသားတွေဖြစ်တယ်ဆိုတဲ့အမြင်နဲ့  လုပ်ဆောင်ဖို့ပေါ့။ တွေ့ဆုံနိုင်တဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိတယ်။ ဒေါ်စုကိုယ်တိုင်လည်းဖြစ်ကောင်းဖြစ်မယ်၊ သို့မဟုတ် ဒေါ်စုကိုယ်တိုင်လည်း ဟုတ်ချင်မှဟုတ်မယ်။ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုကို ရှာကြတဲ့အခါမှာ ယုံကြည်မှုဆိုတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တာကို အားမနာတမ်းပွင့်ပွင့်လင်းလင်းပြောနိုင်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်စိတ်ထားသိလာခဲ့ပြီဆိုရင် အဖြေရှာရတာ လွယ်သွားတာပေါ့။ ဒီလိုဟာမျိုးကို အစိုးရအနေနဲ့ တပ်မတော်နဲ့လည်း လုပ်ဆောင်သင့်ပါတယ်။ပြီးတော့ လက်ရှိအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဆိုတာဟာ နဂိုကတည်းက နီးစပ်ပြီးသားတွေပါ။ လမ်းကြောင်းရှာ ဖို့ဆိုတာဟာ တကယ်လုပ်မယ်ဆိုရင် သိပ်ပြီး မခက်ပါဘူး။

မောက်ကွန်း။    ။ NCA ထိုးထားတဲ့ အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့တပ်မတော် လက်ရှိကာလမှာ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတစ်ချို့ရဲ့  အခြေအနေမထိန်းသိမ်း နိုင်ဘူးဆိုရင် ဒါဟာ NCA ကို သက်ရောက်နိုင်ပါသလား။

ဒေါက်တာစိုင်းဦး။         ။ ဒီစစ်မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ထိခိုက်မှုတွေဟာ အသေးလေးဖြစ်စေ၊ အကြီးကြီးဖြစ်စေ တစ်နည်းတစ်ဖုံ NCA ကို လာပြီး ထိခိုက်သက်ရောက်တာပါပဲ။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ကရင်ရဲ့ တပ်မဟာ(၅) နယ်မြေက ပြသနာကတော့ အခြေခံကတော့ နယ်မြေသတ်မှတ်မှုကနေ ဖြစ်ပျက်လာတာပါပဲ။ ဖြစ်ခဲ့တာတွေကိုကြည့်ရင် တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီးလုပ်ဆောင်မှု အပိုင်းမှာ အရမ်းကို အားနည်းတဲ့အတွက် ဒီလိုအထိ ဖြစ်လာတဲ့သဘောပါပဲ။ နောက်တော့ ပြသနာက မပြေလည်ပဲ ပိုပြီး ကြီးထွားလာတာရှိပါတယ်။ဒီပြသနာကို ဖြေရှင်းမှုမပြုနိုင်ရင်တော့ ပိုပြီး ကြီးကျယ်လာနိုင်ပါတယ်။

NCA အပေါ်မှာ ယုံကြည်မှုအပိုင်းဟာ အခုဆိုရင် အမျိုးမျိုးသုံးသပ်မှုတွေ ရှိနေကြတယ်။ ဆိုတော့ ဒီလိုစစ်မြေပြင်က ထိခိုက်မှုတွေဟာ ယုံကြည်မှု တည်ဆောက်ရေးကို အထောက်အကူမပေးပါဘူး။ အထူးသဖြင့် KNU နဲ့ တော်တော်ကြာကြာလေး ထိန်းသိမ်းထားနိုင်ခဲ့ပြီးပါပြီ။ အခုမှ ပြန်လည် စဖြစ်လာတဲ့သဘောပေါ့။ KNU ဘက်ကလည်း ဒီ NCA စာချုပ်ကို အများကြီး လေးစားသမှု ရှိပါတယ်။ ကျွန်တော်တို့ ကြည့်နေသလောက် KNU သည် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲမှာ အဖွဲ့အင်အားလည်းကြီးပြီး NCA ကို ယုံယုံကြည်ကြည်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေထဲမှာ ပါပါတယ်။

ဒီလို အဖွဲ့မျိုးနဲ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို စောစောစီးစီး ပြေလည်နိုင်မယ့်နည်းလမ်းနဲ့ အဖြေရှာနိုင်ရင် ကောင်းပါတယ်။ နည်းလမ်းမရှာတာကြောင့် ဒီပဋိပက္ခဟာ ပိုပြီး ကြီးကျယ်လာပြီးဆိုရင်တော့ KNU လို အဖွဲ့အစည်းက ဒီ NCA အပေါ်မှာ စပြီး သံသယများပြီဆိုရင်တော့ ငြိမ်းချမ်းရေး အလားအလာဟာ မကောင်းဘူးပေါ့။

KNU တင်မကပါဘူး။ ဒီ NCA ကိုထိုးထားတဲ့အခြားအဖွဲ့တွေဟာလည်း ဒီအပေါ်မှာ ယုံကြည်မှု ရှိကြပါတယ်။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ KNU ကို ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ အနီးကပ်အလုပ်လုပ်တဲ့အခါမှာ သူတို့ဟာ တော်တော်လေးကို ယုံယုံ ကြည်ကြည်နဲ့ လုပ်နေတဲ့ အဖွဲ့ဆိုတာ လေ့လာမိပါတယ်။ ဆိုတော့ ဒီလိုအဖွဲ့မျိုးနဲ့ ပြသနာဖြစ်လာပြီးဆိုရင်တော့ ပိုမို အလေးထားပြီး ပြဿနာကို ပြေပြေလည်လည်နဲ့ ပြီးနိုင်မယ့် နည်းလမ်းကို စောစောစီးစီးရှာနိုင်တာက ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အကျိုးအမြတ်ပိုများတာပေါ့။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်တွေမှာ ပြဿနာသေးသေးလေး ကို ပြသနာကြီးတဲ့အထိ စောင့်လိုက်ရတဲ့အတွက် မနိုင်မနင်းဖြစ်သွားပြီး ပိုကြီးထွားခဲ့တဲ့ ဖြစ်စဉ် တွေကို သင်ခန်းစာယူပြီးတော့ ဒီဟာတွေကို ကြိုတင်အဖြေရှာရင်တော့ ပိုကောင်းတာပေါ့။

မော်ကွန်း။       ။ အခုဆိုရင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့မကြေလည်တာ၊ တိုက်ပွဲဖြစ်နေတာ တွေကို အသာထားဦး။ လက်မှတ်ရေးထိုးထားတဲ့ သူတွေနဲ့တောင် အခုလို ပြသနာတွေ ပြန်ပေါ်လာတာတွေ ရှိတော့ ဒီလို အခြေအနေတွေကို မဖြေရှင်းနိုင်သေးဘဲနဲ့ တတိယအကြိမ်ပင်လုံငြိမ်းချမ်းရေးညီလာခံကို ဖော်ဆောင်သင့်ပါသလား။ ဒီပွဲ မကျင်းပသေးခင်စပ်ကြား ဘာတွေကို အရင်ဆုံးဖြေရှင်းမှ သင့်တော်မယ်လို့ ထင်ပါသလဲ။

ဒေါက်တာစိုင်းဦး။         ။ ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ အချိန်တန်လို့ ပင်လုံညီလာခံကို ကျင်းပနေတယ်ဆိုရင် ဒါဟာ ဖြစ်စဉ်ကို ပြနေတာပဲ ရှိပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ခုခုလုပ်တိုင်းဟာ အလုပ်လည်း ပြီးမြောက်ရမယ်။ လက်တွေ့ကျတဲ့ အကျိုးကျေးဇူးလည်း ရရမယ်။ တစ်ဖက်ကပြည်သူတွေရဲ့ ယုံကြည်မှုလည်း အားကောင်းလာရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားတယ်ဆိုရင် လာမယ့် ပင်လုံညီလာခံကို နောက်ထပ်အချိန်ကျလာလို့ လုပ်ရတယ်ဆိုတဲ့ပုံစံ မဟုတ်ဘဲနဲ့ပေါ့၊  အခုက ပြီးခဲ့တဲ့ဒုတိယပင်လုံနဲ့ ယှဉ်ကြည့်လိုက်ရင် ဘာကွာသလဲဆိုတော့ ပြီးခဲ့တဲ့ ညီလာခံတုန်းက ကျွန်တော်တို့ စာတမ်းခြောက်စောင်ကို အခြေခံပြီးတော့ ဆွေးနွေးကြတယ်။ နောက်ဆုံးကျတော့ ပြည်ထောင်စု သဘောတူညီချက်ဆိုတာတွေ ရတယ်။

တတိယညီလာခံကိုလည်း ဒီလိုပဲ အချိန်တန်လို့လုပ်မယ်ဆိုရင် တစ်ခုက စာတမ်းအသစ်လည်း အခုထိ မရှိသေးဘူး။ နောက် ပြီးခဲ့တဲ့ ညီလာခံကရထားတဲ့ သဘောတူညီချက်တွေထဲကတစ်ချို့ဟာ မေးခွန်းတွေ အများကြီးရှိနေတုန်းပဲ။ ကျွန်တော်တို့ဟာ ဒီပင်လုံကို ပုံမှန်ကျင်းပတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ တကယ်တမ်း ငြိမ်းချမ်းအောင် ဖန်တီးတဲ့အခါမှာ အစိုးရအနေနဲ့ သူ့ရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေး Vision ရှိတာကို ပြနိုင်ရမယ်။ နည်းလမ်းကောင်းတွေကို ရှာနိုင်ဖို့ လိုအပ်လာပါတယ်။

တစ်ဖက်က လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲတင်မကဘူး။ NCA သည် တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တယ်။ ကျန်တဲ့ အဖွဲ့ တွေလည်း ဘယ်လို ပါဝင်လာရမယ်ဆိုတဲ့ နည်းလမ်းမျိုးတွေပေါ့။  ဆွေးနွေးမှုလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဒီဘောင်ထက်ပိုကျော်တဲ့ နိုင်ငံရေး အမြင်ကျယ်မှုနဲ့ စဉ်းစားဖို့နဲ့ စဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော်မြင်ပါတယ်။ ဒါမှသာလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မလိုအပ်တဲ့အသေးအဖွဲ့လေးတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ နည်းလမ်းတွေရှာပြီး မသွားဘဲနဲ့ ဒီအတိုင်းပဲ တိုးပြီးသွားနေမယ်ဆိုရင် ကျွန်တော်တို့ဟာ သိသိကြီးနဲ့ အတင်းလုပ်နေသလိုမျိုး ဖြစ်နေလိမ့်မယ်။

သဘောက လက်ရှိသွားနေတဲ့ နည်းလမ်းဟာ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေကို မလျော့ချနိုင်၊ မတည်ဆောက်နိုင်ဘူး။ ဒီဟာတွေကို ကျော်လွှားနိုင်တဲ့နည်းလမ်းကို အစိုးရအနေနဲ့ ရှာဖွေရတော့မယ်။ လက်ရှိ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့ရဲ့ပါဝင်မှုကို ပိုမိုပြီးအားတက်လာစေရမယ်။ ကျန်တဲ့အဖွဲ့တွေရဲ့ အမြင်မှာလည်း သြော် ဒီနည်းလမ်းရှိနေပါလား၊ ငါတို့ရဲ့ စိုးရိမ်မှုတွေကိုလည်း လျော့ကျစေပါလားဆိုတဲ့ အမြင်မျိုး ဖြစ်စေတဲ့ နည်းလမ်းကို ရှာရမယ်။ ဒီဟာကို မရှာဘူး၊ မကျော်လွှားနိုင်ဘူးဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အခက်အခဲထဲမှာပဲ လည်နေလိမ့်မယ်။

လည်နေတဲ့အလျောက် ငြိမ်းချမ်းရေးဟာ ကြာလာတာနဲ့အလျောက်အသီးအပွင့်မရဘူးဆိုရင် ပြည်သူတွေဟာ ဒီအပေါ်မှာ ရေစုန်မျောသွားနိုင်တယ်။ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခဖြစ်လာတာကြောင့် ဒီလို ပုံစံကို ပြန်ဖြစ်သွားဖို့ဆိုတာက လွယ်တယ်။ ဒါ့ကြောင့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးယဉ်ကျေးမှု အသစ်၊ ငါတို့ဟာကိုယ်တိုင်ပါဝင်ခွင့် ရရှိပါလားဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးနိုင်ဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ အတွက်ဆိုရင် အားလုံးကတော့ ဝိုင်းဝန်းလုပ်ရမယ်။ ဒါပေမဲ့ အစိုးရကတော့ ပိုပြီးတော့ နိုင်ငံရေးအမြင် ကျယ်ကျယ်ပြန့်ပြန့် နဲ့ ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ လိုတယ်။ ပြီးတော့ တပ်မတော်ကလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဝိုင်းဝန်းပံ့ပိုးပါဝင်မှုတွေ ဒီထက်မက လိုတယ်။

မော်ကွန်း။       ။ ဖြည့်ပြောချင်တာများ ရှိပါသလား။

ဒေါက်တာစိုင်းဦး။         ။ ကျွန်တော်တို့ဟာ NCA ကို ပြန်ကြည့်မယ်ဆိုရင် သုံးနှစ်ခရီးတော့ ရောက်လာခဲ့ပြီ။ ဒါဟာ မြန်မာသမိုင်းမှာ ကြည့်မယ်ဆိုရင် အောင်မြင်တာ ၊ မအောင်မြင်တာတွေကို ခဏထား၊ ဒီလိုမျိုး ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ ကြိုးစားဖြေရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အတော်လေး ကောင်းခဲ့ပါတယ်။ နောက် NCA သည် ပြည့်စုံသည်၊ မပြည့်စုံသည်အသာထား သူက နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးက ကောင်းခဲ့တယ်။ အခု လက်မှတ်မထိုးသေးဘူးဆိုတဲ့ အဖွဲ့တွေဟာလည်း ဒီ NCA အပေါ်မှာ အငြင်းပွားခြင်းမဟုတ်ဘဲနဲ့ လုပ်နည်း လုပ်ဟန်အပေါ်မှာသာ အငြင်းပွားနေကြခြင်း ဖြစ်ပါတယ်။ ဒီလို ရရှိနေတဲ့ အခွင့်ကောင်းကို ယူပြီးတော့ ကျွန်တော်တို့ဟာ ဒီအပေါ်မှာ ထိုးဖောက်သွားနိုင်ဖို့ အခွင့်အလမ်းကောင်းကို ရှာဖွေနိုင်ဖို့ပဲ လိုနေတာပါ။ ဒါကို မရှာဖွေနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် NCA ကို ဒီလိုပဲ သူအလို၊ ငါ့အလိုအရ ယူနေကြမယ်ဆိုရင် အလုပ်လုပ်ကြမယ်ဆိုရင် အကျိုးမရှိနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ ရရှိထားတဲ့ ယုံကြည်မှုတွေလည်း ဆုံးရှုံးသွားနိုင်တယ်။ ဒါလေးတွေတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သတိထားလုပ်ရမှာတွေ ရှိတယ်။          ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."