ရန်ကုန်- ၂၀၂၀ မတ် ၂၄ (မော်ကွန်း)
COVID-19 ရောဂါပိုးရှိသူတစ်ဦး ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် တွေ့ရှိခဲ့တဲ့နောက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။
“ လောလောဆယ် ရပ်တန့်ခြင်းမပြုဘဲ ကူးလူးဆက်ဆံမယ်ဆိုရင် ကျွန်တော်တို့ ဒေသက ဆေးဝါးသော်လည်းကောင်း၊ ကုသမှုမှာ အားနည်းပြီးတော့ တော်တော်လေး အထိအခိုက်ရှိမှာမို့ ဒီလိုပိတ်ပင်ခြင်းက လူထုကို အကျိုးပြုမှာဖြစ်ပါတယ်” လို့ ချင်းပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတိတ်ထန်း ပြောပါတယ်။
တီးတိန်မြို့နယ်မှာ COVID-19 ရောဂါပိုး တွေ့ရှိတယ်လို့ မနေ့ညက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာအပြီး ဒီမနက်မှာပဲ သက်ဆိုင်တဲ့ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားစာပို့ပေးတာဖြစ်တယ်လို့က သူကဆက်ပြောပါတယ်။
လာမယ့် ချင်းပြည်နယ် လွှတ်တော်စည်းအဝေးမှာ ၂၀၂၀- ၂၀၂၁ ချင်းပြည်နယ်၊ ကျေးလက်ဒေသ၊ ဒေသန္တရစီမံကိန်းတွေ၊ လျာထားချက်တွေကို အတည်ပြုဆုံးဖြတ်မှာဖြစ်တယ်လို့ တီးတိန် မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်က ဦးဆွန်ဒုတ်ကျင့်က ပြောပါတယ်။
ပုံစာ – ချင်းပြည်နယ်လွှတ်တော်
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews