တောင်ကြီး – ၂၀၂၄ စက်တင်ဘာ ၁၁ (မော်ကွန်း)
အခုရက်ပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် ရှမ်းတောင်နဲ့ အရှေ့ပိုင်းဒေသက မြို့တချို့မှာ ရေကြီးရေလျှံနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအသင်းတချို့က ပြောပါတယ်။
ရှမ်းတောင်ပိုင်းက တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ အောင်ပန်းနဲ့ ကလောမြို့တို့မှာ အခုရက်ပိုင်းက အဆက်အပြတ်ရွာသွန်းတဲ့ မိုးကြောင့် ရေကြီးရေလျှံမှုတွေဖြစ်နေတာပါ။
ဒီနေ့မနက်ပိုင်းမှာ ရွှေညောင်-ညောင်ရွှေ လမ်းပိုင်းရေနစ်မြုပ်ကာ ကားတွေပိတ်နေပြီး ရွှေညောင်မြို့မဈေးတစ်ခုလုံး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ရွှေညောင်က အရေးပေါ်ဖြစ်နေပါပြီ၊ ပြည်ထောင်စုလမ်းနဲ့ ရထားလမ်းကလွဲပြီး တစ်မြို့လုံးနစ်မြုပ်နေတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။
ဒါ့ပြင် တောင်ကြီးမြို့မှာဆိုရင်လည်း ဒီနေ့မနက်ပိုင်းမှာ တောင်အောက်က အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနစ်မြုပ်နေကာ အခြေခံကျောင်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတချို့ကိုပါ ပိတ်ထားရပါတယ်။
အရင်က ရေကြီးနစ်မြုပ်တာကို မကြုံတွေ့ဖူးတဲ့ ကလောမြို့မှာဆိုရင်လည်း မနေ့ကညပိုင်းက ရွာတဲ့မိုးကြောင့် ဒီနေ့မနက်မှာ ရေကြီးနစ်မြုပ်နေပြီး ဒေသခံအများအပြား ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ညထဲက တစ်ညလုံးရွာထားတော့ ဒီမနက်ဆိုရင် တစ်ထပ်အိမ်တွေဆိုရင် တစ်အိမ်လုံးမြုပ်တဲ့အိမ်တွေ မြုပ်သွားတယ်။ ကလောမှာ သမိုင်းတစ်လျှောက် ဒီလိုမရှိဖူးဘူး။ မြို့အဝင်အထွက် Main လမ်းမကြီးတစ်လျှောက် ကားတွေပိတ်နေတယ်။ လမ်းကလည်း မြေတွေပြိုပြီး သစ်ပင်တွေလည်းလဲနေတယ်” လို့ ကလောမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူပဲ ရှမ်းအရှေ့ “ဝ” ဒေသက မိုင်းပေါက်နဲ့ ပန်ဆန်းမြို့တွေမှာလည်း မနေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေကာ ပန်ဆန်း-မိုင်းပေါက်လမ်းပိုင်းဟာလည်း ရေတိုက်စားပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ပန်ဆန်း-မိုင်းပေါက်လမ်းပိုင်းအများစုဟာ ပျက်စီးနေတာကြောင့် ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေကို သွားလာခွင့် ယာယီပိတ်ထားမှာဖြစ်ပြီး ဒီလမ်းပိုင်းတွေကို ပြန်လည်ပြုပြင်ရေးနဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ “ဝ” တပ်ဖွဲ့ (UWSA) က မနေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ရှမ်းအရှေ့က ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်နဲ့ မယ်ဆိုင်မြို့တွေမှာလည်း ရေကြီးရေလျှံနေတာကြောင့် ဒေသခံတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။
တာချီလိတ်မြို့မှာဆိုရင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတာကြောင့် မြို့တွင်းကလူနေရပ်ကွက်အများအပြား ဒီနေ့မနက်ပိုင်းထိ ရေနစ်မြုပ်နေပြီး ဒေသခံတွေကို အမြင့်ပိုင်းရပ်ကွက်တွေဆီ ရွှေ့ပြောင်းပေးနေတယ်လို့ တာချီလိတ်မြို့မှာ ရေဘေးသင့်ဒေသခံတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
တာချီလိတ် ဒေသခံတစ်ဦးက “ရေက ပိုပြီးတိုးလာနေတယ်။ မိုးကလည်း လုံးဝမတိတ်ဘူး။ ပိုတောင်သဲသဲမဲမဲရွာနေတယ်။ အခုက အိမ်တွေ ဆိုင်တွေတောင် မပိတ်နိုင်ကြဘူး၊ ဆိုင်ကယ်တွေ ကားတွေ အကုန်ရေထဲမှာ” လို့ ပြောပါတယ်။
အလားတူပဲ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာလည်း သောင်ရင်းမြစ်ရေ မြင့်တက်တာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်နေပါတယ်။
သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၁၀ ပေခွဲထိ မြင့်တက်နေပြီး မြို့လယ်က လူနေအိမ်တွေထိ ရေကြီးနစ်မြုပ်နေတာပါ။
ကုန်းတွင်းပိုင်းဝင်ရောက်လာတဲ့ တိုင်ဖုန်းမုန်တိုင်း Yagi ရဲ့ အကြွင်းအကျန်နဲ့ လေပွေလှိုင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းကို ရောက်ရှိနေကာ အနောက်နဲ့ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကနေ အနောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ မိုးလေဝသ သုတေသီ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
လာမယ့်နှစ်ရက်မှာတော့ မြန်မာနိုင်ငံအနှံ မိုးရွာသွန်းမှုတွေ အနည်းငယ်ပြန်လည်လျော့ကျသွားနိုင်ပြီး ရွာသွန်းခဲ့တဲ့ မိုးကြောင့် မြစ်ရေတွေ မြင့်တက်လာနိုင်ကာ မြစ်ကမ်းအနီးနေထိုင်သူတွေ သတိထားရမယ်လို့လည်း သုံးသပ်ထားတာပါ။
မြန်မာနိုင်ငံမှာ မိုးဦး၊ မိုးလယ်နဲ့ မိုးနှောင်းကာလတွေမှာ နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး အခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လပိုင်းတွေမှာ နိုင်ငံတစ်ဝန်းမှာ စံချိန်တင်ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ တနိုင်ငံလုံးမှာ ခန့်မှန်းလူဦးရေ လေးသိန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (UNOCHA) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။


ပုံစာ – ရှမ်းပြည်နယ် တောင်ပိုင်းမြို့တွေရေကြီးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – ရှမ်းပြည်နယ်သတင်းစုံ Telegram
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

