ဖားကန့်- ၂၀၂၄ အောက်တိုဘာ ၃ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးက ဆိုင်းတောင်ဒေသတွင် တိုက်ပွဲရပ်နားထားသည့် နှစ်ရက်အတွင်း စက်သုံးဆီ လက်ကားဈေး ထိုးကျသွားသည်ဟု ဆိုင်းတောင်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဩဂုတ်လ ဒုတိယအပတ်မှ စက်တင်ဘာလကုန်အထိ ဖြစ်ပွားခဲ့သော ဖားကန့်၊ ဆိုင်းတောင်တိုက်ပွဲကာလ မတိုင်မီ ဖားကန့်မြို့သို့ တင်ပို့ခဲ့သော စက်သုံးဆီကား ရာဂဏန်းခန့်သည် တိုက်ပွဲအတွင်းပိတ်မိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲရပ်နားစဉ် ဘေးလွတ်ရာသို့ ပြန်လည်ထွက်ခွာရန် ဈေးလျှော့ရောင်းကြခြင်းကြောင့် စက်သုံးဆီဈေး ကျသွားခြင်းဖြစ်သည်ဟု ဆိုသည်။ အောက်တိုဘာ ၁ ရက်မှစပြီး ဖားကန့်၊ ဆိုင်းတောင်တိုက်ပွဲ ရပ်တန့်နေသည်ဟု ဒေသခံတစ်ချို့ကလည်း ပြောသည်။
“ ဘယ်အချိန် ပြန်တိုက်ကြမလဲ မသိ၊ လမ်းကြောင်းပွင့်တုန်း ပြန်ချင်ကြတာနဲ့ တစ်ပေပါ (ကျပ်)လေးသိန်းနဲ့ ငါးသိန်းကြား ဈေးပြန်ကျလာတာ” ဟု ၎င်းက ဆိုသည်။
စစ်ပွဲမဖြစ်ခင်က ဒီဇယ်တစ်ပေပါလျှင် ကျပ်သိန်း ၂၀ ကျော်ရှိရာမှ အောက်တိုဘာ ၂ ရက်တွင် ၁,၇၇၀,၀၀၀ ကျပ်၊ ဓါတ်ဆီ ၉၂ တစ်ပေပါလျှင် ယခင်က ကျပ် ၂၂ သိန်းမှ ၂၃ သိန်းကြားရှိရာမှ ကျပ် ၁၈ သိန်း နှင့် ဓါတ်ဆီ ၉၅ တစ်ပေပါလျှင် ကျပ် ၂၅ သိန်း ရှိရာမှ ကျပ်သိန်း ၂၀ သာ ရှိတော့သည်ဟု သူက ဆိုသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးကျသော်လည်း ကမ္ဘာကျော်ကျောက်စိမ်းတွင်းဒေသမှ စစ်ဘေးရှောင်ဖို့ ထွက်ခွာသူ များပြားသည့်အတွက် ကားခများ တက်လျှက်ရှိသည်ဟု ဒေသခံတစ်ချို့က ဆိုသည်။ ဖားကန့်မှ မိုင် ၈၀ ကျော် အကွာရှိ မိုးညှင်းမြို့သို့ လူတစ်ဦးလျှင် ကားခ ကျပ်နှစ်သိန်းပေးရပြီး မိုင် ၃၀၀ ကျော်ကွာသည့် မန္တလေးမြို့သို့ ကျပ်လေးသိန်းအထိ ပေးရကြောင်း ဒေသခံတချို့က ပြောသည်။
ဖားကန့်ဒေသသည် အကြီးစားကျောက်စိမ်းတူးဖော်မှုလုပ်ကွက်များကြောင့် စက်သုံးဆီသုံးစွဲမှုမြင့်မားသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် ထိုဒေသမှ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိသည့် ကျောက်စိမ်းများကို တူးထုတ်နေကြခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်တွေကြား တိုက်ပွဲ ပြင်းထန် နေပြီ ပြည်နယ်အရှေ့ခြမ်းတိုက်ပွဲများတွင် စစ်ကောင်စီထံမှ ချီဖွေနှင့်ဆော့လော်မြို့များကို KIA နှင့် မဟာမိတ်များက ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းယူခဲ့ပြီးဖြစ်သည်။
ပုံစာ- တိုက်ပွဲကြောင့် မီးလောင်နေတဲ့ ဆိုင်းတောင်ရွာ
ဓါတ်ပုံ- PK
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

