ဇေယျာမြင့်၊ ဒီဇင်ဘာ-၂၄
“လူသားမိုင်းရှင်းကရိယာ”အဖြစ် ဒေသခံများကို တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်များပါ ရှေ့တန်းစစ်မြေပြင် များတွင် အသုံးပြုနေသည်ဟု ၂၀၁၉၊ မြေမြုပ်မိုင်းအသုံးပြုမှုစောင့်ကြည့်လေ့လာရေးအစီရင်ခံစာ(မြန်မာ)တွင် ဖော်ပြသည်။
” ဒါက တိုက်ခိုက်ရေးနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ သာမန်အရပ်သားတွေကို မိုင်းရဲ့ ဒုက္ခသည်တွေဖြစ်စေတဲ့ အကြောင်း ရင်း တစ်ရပ်ပါ ” ဟု မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာပြုစုသူ သုတေသီ ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်က ပြောသည်။
ဒီလိုလုပ်ရပ်တွေဟာ လူသားချင်းစာနာမှုနှင့် လူအခွင့်အရေးဥပဒေတွေကို ဆိုးဆိုးရွားရွားချိုးဖောက်တာ ဖြစ်တယ်လို့လည်း သူရဲ့ အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ဒီလိုလုပ်ရပ်တွေမရှိဘူးလို့ ငြင်းတယ်လို့ သူက ပြောသည်။
သတင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံချက်ကို ကိုးကားလို့ လူသားမိုင်းရှင်းကရိယာအဖြစ် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဒေသခံများကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ခိုင်းစေခဲ့သည့် ဖြစ်ရပ်များကို ဖော်ပြထားသည်။
ဖြစ်ရပ်တစ်ခုဖော်ပြချက်တွင် ၂၀၁၉၊ ဖေဖော်ဝါရီလအတွင်း ရခိုင်တပ်မတော်(AA)၏ ရှေ့တန်းစခန်းများရှိရာ ပလက်ဝမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသသို့ မြန်မာတပ်မတော်၏ခရီးစဉ်တစ်ခုတွင် အသက် ၄၅ နှစ်အရွယ် အောင်လွန်းဆိုသည့် ဒေသခံသည် လမ်းပြအဖြစ် အသုံးပြုခံရစဉ် မြေမြုပ်မိုင်းထိ သေဆုံးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းသေဆုံးမှုအတွက် တပ်မတော်ဘက်က မိသားစုထံသို့ လျော်ကြေး ဒေါ်လာတစ်ထောင်ပေးခဲ့ သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၁၁၊ သြဂုတ်လတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်းကာလအတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်၊သေဆုံးသူဦးရေ ၁၆၀၀ နီးပါးရှိခဲ့သည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။ ထိခိုက်၊ သေဆုံးမှုများ၏ ၉၀ ရာခိုင်နှုန်းမှာ ကချင်၊ ကရင်၊ ရှမ်းနှင့် ပဲခူးတိုင်းအရှေ့ပိုင်းတို့တွင် ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။
၂၀၀၇ ခုနှစ်မှ စတင်မှတ်တမ်းတင်ထားချက်အရ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၃၆၀၀ ကျော် ရှိပြီး မြေမြုပ်မိုင်းအများဆုံးအသုံးပြုသည့် တိုင်းပြည်များစာရင်းတွင် အာဖဂန်နစ္စတန်ပြီးနောက် ဒုတိယအဖြစ် အစီရင်ခံစာတွင် ဖော်ပြသည်။
ဒါအပြင် မြန်မာနိုင်ငံတွင် တရားဝင် မိုင်းရှင်းလင်းရေးလုပ်ငန်းအစီအစဉ်ဖြင့် မိုင်းရှင်းလင်းခြင်းလုပ်ဆောင်ချက်များလည်း ယနေ့အထိ မရှိသေးဘူးဟု အစီရင်ခံစာတွင် ဖော်ပြသည်။
ပုံစာ- ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်က မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတစ်ဦး။
#mawkun #magazine #chronicle #dailynews