တိုက်ပွဲဖြစ်လာမှာစိုးရိမ်လို့ မြဝတီဒေသခံတွေ ကြိုတင်တိမ်းရှောင်နေကြ

တိုက်ပွဲဖြစ်လာမှာစိုးရိမ်လို့ မြဝတီဒေသခံတွေ ကြိုတင်တိမ်းရှောင်နေကြ

ရန်ကုန် – ၂၀၂၄ ဧပြီ ၈ (မော်ကွန်း)

တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ မြဝတီမြို့မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့ ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တချို့ကပြောပါတယ်။

သောင်ရင်းမြစ်တစ်ဖက်ကမ်းက မဲဆောက်ဘက်ကို တိမ်းရှောင်ကြသူတွေရှိသလို ပြည်မဘက်ကို ပြန်ဆင်းသူတွေလည်းရှိနေပြီး မြဝတီမြို့ပေါ်မှာတော့ ဒေသခံတွေ ကျီးလန့်စာစားအခြေအနေမျိုး ဖြစ်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက ပြောပါတယ်။

“အခု မြဝတီမြို့ပေါ် ဘယ်နေ့တိုက်မလဲ မသိရဘူးပေါ့။ သတင်းတွေကလည်း မျိုးစုံပါပဲ။ ဒီနေ့ထိတော့ မြို့ပေါ်မှာ ပုံမှန်သွားလာနေတယ်။ ဆိုင်တွေလည်း ပုံမှန်တော့ဖွင့်နေတယ်။ တချို့ကတော့ စိုးရိမ်တဲ့သူတွေကလည်း ကြိုရှောင်ကြတာတွေရှိတယ်။ မြို့ပြင်မှာကို တိုက်ပွဲကအရမ်းနီးလာပြီလေ။ အခြေအနေကဘာမှန်းမသိတော့ စိုးရိမ်တဲ့သူတွေတော့ ထွက်ကုန်ကြပြီ” လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ မြဝတီမြို့အဝင်အထွက်လမ်းကြောင်းတွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြဝတီ-မဲဆောက် အမှတ် (၁) နဲ့ (၂) ချစ်ကြည်ရေးတံတားတွေကို ပုံမှန်ဖွင့်ပေးထားတယ်လို့ မြဝတီဒေသခံတစ်ဦးကပြောပါတယ်။

“ဒီနေ့နဲ့မနေ့ကနှစ်ရက်တော့ တိုက်ပွဲနည်းနည်း ငြိမ်သွားတယ်။ နှစ်ဖက်စောင့်ကြည့်နေတဲ့ အခြေအနေထင်တယ်။ ကုန်သည်တွေကတော့ ပုံမှန်သွားလာနေတာတော့ရှိတယ်။ ကုန်စည်တွေလည်း တောလမ်းက ပုံမှန်ဖွင့်ထားတော့ သွားလာနေတာပဲ။ ဟိုဘက်ကမ်းကလည်း ပုံမှန်ပဲဖွင့်ထားသေးတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ ယခုရက်ပိုင်းအတွင်းက မြဝတီမြို့အဝင်လမ်းကြောင်းပေါ်မှာရှိတဲ့ သင်္ဃန်းညီနောင်ကျေးရွာက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းယူကာ သင်္ဃန်းညီနောင်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လိုက်ပါတယ်။

မြဝတီမြို့မှာ စစ်ကောင်စီရဲ့နောက်ဆုံးကျန်ရှိနေတဲ့ တပ်ရင်းဖြစ်တဲ့ ခလရ ၂၇၅ ကို တော်လှန်ရေးတပ်တွေက ဆက်လက်တိုက်ခိုက်မယ့်သတင်းတွေ ထွက်ပေါ်နေပြီး မြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ၂၇၅ အနီးမှာ တော်လှန်ရေးတပ်တွေက ဝိုင်းထားတယ်။ သူက မြဝတီမြို့ရဲ့ အဝင်မှာရှိတဲ့ တပ်ပေါ့။ အဲဒီတပ်ကျသွားရင်တော့ မြဝတီကျပြီ။ မြို့ထဲမှာလည်း စစ်ဆေးရေးတွေ လုံခြုံရေးတွေ တင်းကြပ်ထားတာတွေ့ရတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့လ ၇ ရက်ကစပြီး မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ ထိုးစစ်တစ်လနီးပါး ကာလအတွင်းမှာပဲ စစ်ကောင်စီရဲ့ အမှတ် ၃၅၅၊ ၃၅၆၊ ၃၅၇ ခြေမြန်တပ်ရင်းစခန်းတွေနဲ့ အခြေချစစ်ဗျူဟာစခန်းတို့ကို သိမ်းပိုက်လိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ (စဗခ) ဟာ ယခုလ ၅ ရက်မှာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချခဲ့ပြီး အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀ ၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ – မြဝတီမြို့ကို ဒီနေ့မြင်တွေ့ရတဲ့ မြင်ကွင်း

ဓာတ်ပုံ – Saw Chaint Phaung

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."