ရပ်ကွက်ထဲ ရဲအင်အား အလုံးအရင်းသုံးခြင်းကို ဆန့်ကျင်ဆန္ဒပြနေသော ရပ်ကွက်နေပြည်သူများ
ဓာတ်ပုံ – မော်ကွန်း
ရန်ကုန် – ၂၀၂၁၊ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
မနေ့ညပိုင်းက တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေပြည်သူ အယောက် ၂၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားမှန်း မသိရသေးပေ။
ဖမ်းဆီးခံမိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာမွေမြို့နယ်ရဲစခန်းက ထိုသို့ ပြောခြင်းဖြစ်သည်။
တာမွေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ကျွန်တော်တို့ ဖမ်းတာလည်းမဟုတ်ပါဘူးဗျ။ တာမွေစခန်းက မဖမ်းပါဘူး။ အင်းစိန်မှာ ချုပ်တယ်လို့တော့ ကြားရပါတယ်။ ဂဃနဏ တော့မသိပါဘူး။ ဘယ်ပုဒ်မနဲ့ ဖွင့်တယ်ဆိုတာလည်း မသိပါဘူး။ ကျွန်တော်တို့စခန်းက ဘာမှကို မသိရဘူးဖြစ်နေတယ်။” ဟုပြောသည်။
မနေ့ညက ဖြစ်ရပ်တွင် တာဝန်ယူဆောင်ရွက်သည့် ရဲတပ်ဖွဲ့များသည် တာမွေရဲစခန်းမှ မဟုတ်ဘဲ တပ်ရင်းရဲများသာ ဖြစ်သောကြောင့် မသိရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် နေရာကို အတည်ပြုရန် အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကို မော်ကွန်းက ဖုန်းအကြိမ်ကြိမ် ဆက်သွယ်မေးမြန်းနေသော်လည်း ဖုန်းလက်ခံမဖြေပေ။
ဖမ်းဆီးခံရသူများထဲတွင် ကျား၊ မအသက်အရွယ်စုံ ပါဝင်ပြီး အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦးလည်း ပါဝင်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ဖမ်းဆီးခံရသူများ၏ တယ်လီဖုန်းကို မိသားစုဝင်များက ဆက်သွယ်နေသော်လည်း ဖုန်းပိတ်သွားသောကြောင့် ဆက်သွယ်၍ မရဖြစ်နေသည်ဟု ၎င်းတို့ကဆိုသည်။
ဖမ်းဆီးခံရသည့် အထဲမှ ဒုတိယနှစ်ကျောင်းသူ မခြူးသစ္စာ၏ ဖခင် ဦးထွန်းထွန်းမြတ်က “ ကျွန်တော့်သမီးက ဖုန်းဘေလ်ဆင်းဝယ်ပြီး မုန့်ဆိုင်မှာ မုန့်စားနေတုန်း ရဲတွေနဲ့ကြုံပြီးတော့ ပြန်မလာတော့ဘူး။ ဖုန်းပါသွားတယ်။ ဒါပေမဲ့ ဆက်မရတော့ဘူး။ ဘယ်မှာ ဖမ်းထားမှန်းလည်း မသိရသေးဘူး” ဟု ပြောသည်။
တာမွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ တာဝန်ရှိသူများက လက်ရှိအချိန်အထိ သူ့ကိုဆက်သွယ်ပြောဆိုလာခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
မနေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲနှင့် ရပ်ကွက်နေပြည်သူများကြား တင်းမာမှုမှာ ရပ်ကွက်နေပြည်သူများက အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးခန့်ထားမှုကို လက်မခံဘဲ ရပ်ကွက်ရုံးကို သော့ပိတ်ရာမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
မော်ကွန်းက ရပ်ကွက်ရုံးသို့သွားရောက်ကြည့်ရှုစဉ် အပြင်ဘက် ဘာဂျာတံခါးတွင် သော့ခလောက်လေးလုံး၊ သံကြိုးတွဲလောင်းဖြင့်တွေ့ရပြီး သံကြိုးတွဲချည်ထားသည့် ပတ္တာကို ထိုးခွာထားသည်။
တာမွေမြို့နယ်အတွင်းတွင် ရပ်ကွက်ပေါင်း ၂၀ ရှိရာမှ အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်ထားရာတွင် ယခင်အုပ်ချုပ်ရေးမှူးအဟောင်း ၁၈ ဦးကို ယာယီအုပ်ချုပ်ရေးမှူးအဖြစ်ခန့််ထားသည်ဟု ဦးအောင်ကျော်အေးက ပြောသည်။
အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်သည် ယခင်အုပ်ချုပ်ရေးမှူးသာ ဖြစ်ကြောင်း မော်ကွန်းက စုံစမ်းသိရှိရသည်။
ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ ညက ဖြစ်ရပ်တွင် လမ်ပေါ်ထွက်ကြည့်သူများကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးရာတွင် ဆန္ဒပြသူများအပြင် အလုပ်က ပြန်လာသူများ၊ ဈေးထွက်ဝယ်သူများလည်း ပါဝင်ခဲ့ပြီး မနက် ၂ နာရီခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်ထဲက ပြန်လည်ထွက်ခွာသွားသည်။
#Dailynews