တရုတ်-မြန်မာ ချစ်ကြည်ရေးမှတ်တိုင်၊ ရှေးအကျဆုံး ဘုရားကျောင်း

တရုတ်-မြန်မာ ချစ်ကြည်ရေးမှတ်တိုင်၊ ရှေးအကျဆုံး ဘုရားကျောင်း

တရုတ်-မြန်မာပညာရှင်တွေ လက်တွဲပြီး အနုပညာမြောက်စွာ တည် ဆောက်ထားတဲ့ အမရပူရမြို့က ‘ကွမ်ယင်စီ’ဘုရားကျောင်းက ယခုအခါ သက်တမ်း နှစ်ပေါင်း ၂၅ဝ ရှိပါပြီ။ မန္တလေးမြို့ထက် နှစ် ၁ဝဝ လောက် စောပြီး ဆောက်ခဲ့တာပါ။

ဒီဘုရားကျောင်းထဲမှာ မြန်မာရှင်ဘုရင် ဘိုးတော်မင်းတရားကြီးနဲ့ မိဖုရားခေါင်ကြီးတို့ ဘုရားကျောင်းကို လာစဉ်က ပွဲတော်တည်ခဲ့တယ်ဆို တဲ့စားပွဲက ယခုအထိ ရှိသေးတယ်။

လူစည်ကားလှတဲ့ အမရပူရ တရုတ်တန်းလမ်းမကြီးဘေးမှာ ကွမ်ယင်စီဘုရားကျောင်းရှိတယ်။ အုတ်တံတိုင်းမြင့်မြင့်ကြီးတွေ နဲ့ ကာရံထားတယ်။ တရုတ်ပုံစံ ခြင်္သေ့နှစ်ကောင် စောင့်ရံနေတဲ့ လဝန်းတံခါးက အတွင်းကို လှမ်းကြည့်ရင်တော့ ဗိသုကာလက်ရာ မြောက်တဲ့ အဆောက်အအုံကို မြင်ရတယ်။ အဆောက်အအုံက အနီရောင်၊ အဝါရောင် ကဲတယ်။

လဝန်းတံခါးဝိုင်းဝိုင်းကြီးက ဝင်သွားတာနဲ့ ကွက်လပ်ခြားပြီး မုခ်ဦးဆောင်ကို စတွေ့ရမယ်။ ဒီအဆောင်က ‘မော်ကွန်းဆောင်’ပါ။ ကျောင်းတော်ကြီးကို နောက်ဆုံးအကြိမ်ဆောက်လုပ်စဉ်က ကုန်ကျစရိတ်တွေ၊ အလှူရှင်အမည်တွေကို တရုတ်ဘာသာနဲ့ မော်ကွန်းထိုးထားတဲ့ ကမ္ပည်းကျောက်စာရှိပါတယ်။

ကမ္ပည်းကျောက်စာ ။ ဓာတ်ပုံ - ကျော်ရင်မြင့်/မော်ကွန်း မဂ္ဂဇင်း
ကမ္ပည်းကျောက်စာ ။ ဓာတ်ပုံ – ကျော်ရင်မြင့်/မော်ကွန်း မဂ္ဂဇင်း

အလှူခံရတဲ့ ငွေတိုငွေစ ကိုက်ယင်ငွေ ၉ဝ၇  ပိဿာ     ၆၁ ကျပ်သား သုံးမူးကို အချိန်ကိုက်အကုန်သုံးစွဲထားတဲ့ အသုံး စာရင်းလည်း ဖော်ပြထားပါတယ်။ ‘ကိုက်’ဆိုတာ မြန်မာစကား ‘ဖြတ်တယ်’ဆိုတဲ့ အဓိပ္ပာယ်၊ ‘ယင်’ဆိုတာက တရုတ်စကား ‘ငွေ’ ဖြစ်ပါတယ်။ ကိုက်ယင်ငွေဆိုတာ စို့နဲ့ ဖြတ်တောက်သုံးစွဲရတဲ့ ရှေးမြန်မာငွေပါ။ ဘုရားကျောင်းကို မြန်မာသက္ကရာဇ် ၁၁၃၅-၃၆၊ ခရစ်နှစ် အေဒီ ၁၇၇၃-၇၄ ခု၊ ဆင်ဖြူရှင်မင်းလက်ထက်မှာ တည် ဆောက်တာ ဖြစ်တယ်။

ဒီဘုရားကျောင်းတည်ဆောက်ဖို့ အကောက်ဝန်မင်း ဟော် ဟော့၊ ဟော်ဂွမ်ဂျင်၊ ဝန်မင်း ကျိန်ကျော်တို့လို တရုတ်မင်းမှုထမ်း တွေကလည်း အလှူငွေထည့်ဝင်တယ်။ ဗန်းမော်မြို့က ယူနန် အမျိုးသားတွေ၊ အင်းဝနေပြည်တော်က တရုတ်အမျိုးသားတွေ၊ အင်းဝက မြန်မာတွေဖြစ်တဲ့ သူကြီးဦးစံပုံ၊ မောင်ဖော့၊ မောင်ပျဉ် တိုး၊ မောင်ချမ်းသာ၊ မောင်ဖိုးမောင်၊ မဦး၊ မောင်ပန်းဖူး၊ မောင်နု တို့အမည်တွေကိုလည်း ကမ္ပည်းထိုးထားပါတယ်။ လီ၊ ဆွန်၊ ရင်း၊ လျို၊ စန်း တရုတ်အနွယ်ငါးမျိုးက လှူကြတာပါ။ အလှူရှင်တွေက များသောအားဖြင့် ထိန်ချုံးကဖြစ်တယ်။ ထိန်ချုံးသမိုင်းမှာလည်း ဒီကျောင်းကို မှတ်တမ်းတင်ထားပါတယ်။ မှတ်တမ်းမှာ ငွေအချိန် ၁ဝဝ လှူသူကို တရုတ်ဧကရာဇ်လို့သာ ဖော်ပြထားပြီး ထိန်ချုံးက ဧကရာဇ်လို့ ယူဆရပါတယ်။

တရုတ်မှတ်တမ်းတွေအရ အဲဒီအချိန် (မြန်မာသက္ကရာဇ် ၁၁၃၅-၃၆ ခု၊ ခရစ်နှစ် အေဒီ ၁၇၇၃-၇၄ ခု)က မင်းနေပြည်တော် ဖြစ်တဲ့ အင်းဝမှာ ယူနန်တရုတ် ဦးရေ ၁ဝ,ဝဝဝ လောက်ရှိတယ်။ စီးပွားရေးအပြင် နှစ်နိုင်ငံကူးလူးဆက်ဆံရေးပါ လုပ်တယ်။ ရက် ကန်းလည်း လုပ်တယ်လို့ဆိုတယ်။ ယခု အမရပူရမြို့က ကွမ်ယင်စီ တရုတ်ဘုရားကျောင်း တည်ထားတဲ့နေရာက တောင်သမန် အင်း အနောက်မြောက်ထောင့်မှာ ရှိတယ်။ ယူနန်နဲ့ အင်းဝကုန် ကူးသန်းရာမှာ အချက်အချာကျတဲ့နေရာမှာ တည်ရှိတယ်။ ကုန် သည်တွေက တရုတ်ပြည်ကနေ ဝန်တင်လားတွေနဲ့ ဆင်းလာ သလို ဗန်းမော်ကတစ်ဆင့် ဧရာဝတီမြစ်အတိုင်း ရေလမ်းက လည်း လာကြတယ်။ ဘုရားကျောင်းဆောက်ဖို့ လားတစ်ကောင် ကို အုတ်တစ်ခဲသယ်ယူလာပြီး ကုသိုလ်ပါဝင်ကြတယ်လို့ တရုတ် မှတ်တမ်းက ဆိုတယ်။ ဘုရားကျောင်း အမိုးအုတ်ကြွပ်တွေကို တော့ ဗန်းမော်က သယ်လာတာဖြစ်ပါတယ်။

ဘုရားကျောင်းကို မီးကြီးသုံးကြိမ်လောင်ကျွမ်းပျက်စီးခဲ့ ဖူးပါတယ်။ ဘိုးတော်ဘုရားလက်ထက် (၁၁၇၂ ခု) မှာတစ်ကြိမ်၊ ဘကြီးတော်လက်ထက်(၁၁၉၁ ခု)မှာ ဒုတိယအကြိမ်၊ သာယာ ဝတီမင်းလက်ထက် (၁၁၉၉ ခု)မှာ တတိယအကြိမ် မီးသင့်လောင် ခံရတယ်။ သာယာဝတီမင်းလက်ထက် ၁၂ဝဝ ခု(အေဒီ ၁၈၃ဝ)မှာ အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး ကိုးနှစ်အကြာ ပုဂံမင်း လက်ထက် ၁၂ဝ၉ ခု (အေဒီ ၁၈၄၇)ရောက်မှ ပြီးတာပါ။ ပန်း ပုလက်ရာတွေကိုချည်း အနုစိတ်ထုလုပ်တာ လေးနှစ်ကြာတယ် လို့ ဆိုတယ်။

စစ်ပြီးခေတ်နောက်ပိုင်း ကွမ်ယင်စီ ဘုရားကျောင်းရဲ့ ပျက် စီးသမျှကို မြန်မာပညာရှင်တွေပဲ တာဝန်ယူ လုပ်ဆောင်ပေးကြ တယ်။ ယခုရက်ပိုင်း ကျွန်တော်ရောက်ရှိချိန်မှာလည်း မြန်မာ လက်သမားပန်းရန်တွေနဲ့ မွမ်းမံပြုပြင်ပြီး ဆေးအသစ်သုတ်နေ တာ တွေ့ရတယ်။

”သက်တမ်းကို တစ်နှစ်ပိုခံခံ၊ နှစ်နှစ်ပိုခံခံ နှစ်သက်တိုးခံ အောင်လို့ ပြုပြင်ဖာထေးပေးနေရတာ”လို့ ဦးစီးလုပ်ကိုင်နေတဲ့ ကိုအောင်အောင်က ပြောပြတယ်။ မန္တလေး ယူနန်ဘုံကျောင်းက စီစဉ်ပြုပြင်တာလို့ သိရပါတယ်။

ရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းကို မီးအကြိမ်ကြိမ် လောင်ကျွမ်းခံရတော့ ပုဂံမင်းလက်ထက် ထပ်မံတည်ဆောက် ချိန်မှာ ဘုရားကျောင်းရဲ့ဘေး အုတ်တံတိုင်းတွေကို အမြင့်ကြီး မြှင့်ပြီး ဆောက်လိုက်တယ်။ အုတ်တံတိုင်းက မြင့်တော့ ဘုရား ကျောင်းဟာ လူနေရပ်ကွက်ထဲမှာ တည်ဆောက်ထားပေမယ့် တစ်သီးတခြား ဖြစ်သွားတယ်။ ဘေးပတ်ဝန်းကျင်က ဆူညံသံ တွေလည်း မကြားရတော့ဘူး။

ဘုရားကျောင်း မော်ကွန်းဆောင်ထဲမှာ မြန်မာဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာလည်းရှိတယ်။

‘ဇေယျတု။ သုနာပရန္တ၊ တမ္ပဒီပ တိုင်းမချက်ချာ မြန်မာ နိုင်ငံတော်နှင့် ဥတည်မင်းတို့စံရာ ဂန္ဓရတိုင်း သမိုင်းအံ့ချီး တရုတ် ပြည်ကြီးတို့သည် ကုန်းဘောင်ခေတ်မှစ၍ နှစ်ပြည့်တစ်ပြည် ချစ် ကြည်ရင်းနှီးလှသော မဟာမိတ်နိုင်ငံများ ဖြစ်ကြသည့်အတိုင်း နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်သောအားဖြင့် အဝဆင်ဖြူရှင်လက် ထက် မြန်မာသက္ကရာဇ် ၁၁၃၅ ခုနှစ် (အေဒီ ၁၇၇၃) တွင် ပထမဦး ဆုံး ကွမ်ယင်စီခေါ် အဝလောကိတေသွရ (ကွမ်ရှိယင်) ဗောဓိ သတ် ဘုရားလောင်းအတွက် ဗိမာန်ဆောင်တစ်ခုကို ရတနာပူရ အဝမြို့တော်တွင် တည်ဆောက်ခွင့်ရလေသည်’လို့ သမိုင်းတင် ထားတာ တွေ့ရပါတယ်။

ကွမ်ယင်စီဘုရားကျောင်း အဆောက်အအုံကို ခံ့ထည် ဖြောင့်တန်းတဲ့ ကျွန်းတိုင်ကြီးတွေနဲ့ တည်ဆောက်ထားတယ်။ ကျွန်းတိုင်ကြီးတွေကို တရုတ်စာ စာတန်းကြီးတွေ ရေးထိုးထားတဲ့ ပျဉ်ချပ်တွေ ကပ်ထားတယ်။ မန်ချူးအမတ် ခမ်းယူဝေ မြန်မာ ပြည်ထွက်ပြေးလာတော့ သူ့ခံစားရတာတွေကို ကမ္ပည်းစာထိုးပြီး ကွမ်ယင်စီ ဘုရားကျောင်းတိုင်မှာ ကပ်ထားခဲ့တာ ရှိပါတယ်။

တရုတ်ဘုရားကျောင်းများအစဉ်အလာအတိုင်းပဲ ဝင်လျှင် ဝင်ချင်း ဘုရားကျောင်းကိုစောင့်ရှောက်တဲ့ နတ်ကြီးများရှိတဲ့ ‘နတ်ကြီးဆောင်’ကို တွေ့ရပါတယ်။ ကြေးစန္ဒီစတဲ့ တရုတ်နတ်ရုပ် တွေကို နတ်ကြီးဆောင်မှာ မြင်တွေ့ရပါတယ်။ နတ်ရုပ်တွေက မာန်ပါတယ်။ မျက်နှာထားက စိုးရွံ့စရာ။

နတ်ကြီးဆောင်ရဲ့ ညာဘက်ဘေးမှာ မလွယ်ပေါက်ရှိပါ တယ်။ မလွယ်ပေါက်က အတွင်းကို ဝင်သွားရင်တော့ ‘ကွမ်ယင် ဘုရားကျောင်းဆောင်’ ရောက်တယ်။ ဘုရားကျောင်းတစ်ခုလုံးရဲ့ အဓိကနေရာ ဖြစ်ပါတယ်။ ဝတ်ပြုဖို့ ဘုရားဆင်းတုတွေ ရှိပါ တယ်။ အရဟတ်ခေါ် တရုတ်ရဟန္တာတွေရဲ့ ရုပ်တုတွေလည်း ရှိ တယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိမယ့် လူသားမျက်နှာများနဲ့ အလား သဏ္ဌာန်တူတဲ့ မျက်နှာမျိုးတွေ ထုလုပ်ထားတာလို့ဆိုတယ်။ တရုတ်ပညာရှင်တွေရဲ့ လက်ရာအတိုင်း မန္တလေးဘုရားကြီး ကျောက်ဆစ်တန်းက ပန်းတမော့အနုပညာရှင် ဆရာကြီးဦးမြိုင် ထုလုပ်ပေးထားတာဖြစ်ပါတယ်။ အမိုး၊ ထုတ်တန်းတွေမှာ အင် မတန် လက်ရာမြောက်လှတဲ့ ရုပ်လုံးရုပ်ကြွတွေ ထွင်းထုထားတာ တွေ့နိုင်ပါတယ်။

ဘုရားကျောင်းဆောင်ရှေ့မှာ ဝါးပင်တွေ စိမ်းစိမ်းစိုစို စိုက်ထားတယ်။ ဝါးရဲ့ သဘာဝက တစ်ဆစ်ပြီး တစ်ဆစ်ထိုး ထွက်မြင့်တက်လေ့ရှိတယ်။ ဝါးပင်က အမြဲ စိမ်းလန်းပြီး ဝါးရွက်က လှတယ်၊ ကဗျာ ဆန်တယ်။ ဒါကြောင့် တရုတ်တို့က နှစ် သက်ကြတယ်။

ဘုရားကျောင်းဆောင်ရဲ့ ဝဲယာ နှစ်ဖက်မှာ အဆောင်နှစ်ဆောင်ရှိပါတယ်။ ဝဲဘက်က အဆောင်ကို ‘ စောရှန်ဖွန်’လို့ ခေါ်တယ်။ ဧည့်ခန်းဆောင် ဖြစ်ပါတယ်။ ယာဘက်အဆောင်ကိုတော့ ‘ ဂိုရှန်ဖွန်’လို့ ခေါ် တယ်။ ထမင်းစားဆောင်ဖြစ်ပါတယ်။ ဧည့်ဆောင်မှာ အလွန်အဆင့်မြင့်လှပပြီး အချင်းလေးပေလောက်ရှိတဲ့ ရောင်စုံရေ ဆေးပန်းချီကားအဝိုင်းကြီးကို မှန်ပေါင် သွင်းထားတယ်။ ထမင်းစားဆောင် အတွင်းပိုင်းမှာတော့ ဘုရားကျောင်းရဲ့ ဝေယျာဝစ္စကို တာဝန်ယူဆောင်ရွက်တဲ့ တရုတ်သီလရှင်ကြီးတွေ သီတင်းသုံး တယ်။ သီလရှင်ကြီးတွေက သက်သတ် လွတ်စားတယ်။

သီတင်းသုံးသွားဖူးတဲ့ သီလရှင် ကြီးတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဘုရား ကျောင်းဆောင်နံရံမှာ ချိတ်ထားတယ်။ ထူးခြားတာကတော့ သီတင်းသုံးတဲ့ သီလ ရှင်တိုင်းဟာ အသက် ၁ဝဝ ကျော်တာ ချည်းဖြစ်တယ်။ လက်ရှိသီတင်းသုံးဆဲ သီလရှင်ကြီးလည်း အသက် ၁ဝဝ ကျော် ပြီလို့ ဆိုပါတယ်။

ဘုရားကျောင်းဆောင်အဆောက်အအုံထဲမှာပဲ ထူးခြားတဲ့ ထမင်းစားပွဲ တစ်လုံးရှိပါတယ်။ အနက်ရောင်သစ်စေး တွေ သုတ်ထားတယ်။ မြန်မာသက္ကရာဇ် ၁၁၇၈ ခုနှစ်က ဘိုးတော်ဘုရားနဲ့ မိဖုရား ခေါင်ကြီးတို့ ကွမ်ယင်စီကျောင်းကို ထွက် တော်မူလာစဉ်က ပွဲတော်တည်ခဲ့တဲ့ စားပွဲ လို့ဆိုတယ်။ အချို့ကလည်း မင်းတုန်းမင်း တြားကြီးက ကွမ်ယင်စီကျောင်းကို လှူဒါန်း ထားတဲ့စားပွဲလို့ ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီစားပွဲက သမိုင်းတန်ဖိုးအရ တန်ဖိုးကြီးတယ်။ ဘုရား ကျောင်းက အလေး အမြတ်ထားပြီး ထိန်းသိမ်းထားတယ်။

စားပွဲက အမြင့် ၁၃ လက်မ၊ အကျယ် ဗြက် လေးပေခွဲ၊ ကျွန်းစားပွဲဖြစ်ပါတယ်။ ယခုအခါ စားပွဲအပုကို အောက်က ခြေ ထောက်တွေ ထပ်ဆက်ထားပြီး မတ်တတ်စားပွဲအဖြစ် ပြုပြင်ဖန် တီးထားတာ တွေ့ရပါတယ်။

ကွမ်ယင်စီဘုရားကျောင်းကို တည်ဆောက်စဉ်က သစ်ဝါး ပေါများချိန်ဖြစ်တယ်။ မြန်မာဘုရင်တွေကလည်း တရုတ်-မြန်မာချစ်ကြည်ရေးကို အလေးထားပြီး လိုလိုလားလားအားပေး ခဲ့တာကြောင့် ဘုရားကျောင်းကို အင်မတန်ဖြောင့်ဖြူးလှတဲ့ ကျွန်းတိုင်ကြီးတွေ၊ ခိုင်ခံ့တဲ့ ထုတ်၊ လျောက်တွေ၊ ထုဗြက်ကြီးမား လှတဲ့ ခါးပန်းပျဉ်တွေနဲ့ အခိုင်အခံ့ မွမ်းမံတည်ဆောက်ထားတာ ဖြစ်ပါတယ်။

မော်ကွန်းကျောက်စာမှာ ‘အဆောင်အားလုံးတို့ကို တရုတ်- မြန်မာယဉ်ကျေးမှု ပေါင်းကူးယှက်နွှယ်ထားသော ခြူးပန်းခြူး နွယ်စသော ကနုတ်ပန်းတို့ဖြင့် အဆန်းတကြယ် မွန်းမံခြယ်လှယ် ထားသည်’ လို့ ရေးထိုးတယ်။ ‘ခြင်္သေ့နှင့်နဂါးပုံမှာ တရုတ်မူ ဖြစ်သော်လည်း တရုတ်နဂါးများက မြန်မာနယားပုံနှင့် အသွား အလာတူနေသည်။ ယင်းသည်မှာ ကွမ်ယင်စီကျောင်းတော်ကြီး ဆောက်လုပ်စဉ်က တရုတ်အနုပညာရှင်      ကြီးများနှင့် မြန်မာအနု ပညာရှင်တို့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အတွက်ဖြစ်သည်’ လို့ သမိုင်းသုတေသီ ဆရာတော် ရွှေကိုင်းသား က သုံးသပ်ထားတယ်။

မင်းတုန်းမင်းတြားကြီးက မြန်မာသက္ကရာဇ် ၁၂၁၈ ခု (အေဒီ ၁၈၅၇) မှာ နေပြည်တော်ကို အမရပူရမှ ရတနာပုံ မန္တလေး ကို ပြောင်းရွှေ့တည်ထောင်ချိန်မှာ တရုတ်-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံဖြစ်တဲ့ ကွမ်ယင်စီကျောင်းတော်ကြီးကို မူလနေရာမှာပဲ ဆက်လက်ထိန်း သိမ်းစောင့်ရှောက်စေခဲ့ပါတယ်။

သက်တမ်းနှစ် ၂၅ဝ ခန့်ရှိပြီဖြစ်တဲ့ အမရပူရမြို့က ကွမ်ယင် စီဘုရားကျောင်းဟာ တရုတ်-မြန်မာချစ်ကြည်ရေး မှတ်တိုင်ဖြစ် သလို နှစ်နိုင်ငံ၊ လူမျိုးနှစ်မျိုးတို့ ယဉ်ကျေးမှုချင်း ဖလှယ်ခဲ့ကြရာ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ ်။ ။

၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ ဒိုင်ယာရီ ဖြစ်ပါသည်။

ကျော်ရင်မြင့် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."